စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာဆီမီးသပိတ် လေကြောင်းတိုက်ခိုက်မမှုအတွင်း ဒဏ်ရာ ပြင်းထန်သူများအနက် ယမန်နေ့ညက ငါးတန်းကျောင်းသားနှင့်တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးတို့သေဆုံး ခဲ့သဖြင့် သေဆုံးသူ ၂၄ ဦး ရှိလာကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံက သိရသည်။
သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ ၆ ရက်နေ့) တွင် ချောင်းဦးမြို့အနောက်ဘက် ဘုံတိုရွာ၌ ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်းအပါအဝင်လူထုဆန္ဒဖော်ပြသည့် ဆီမီးသပိတ်ကျင်းပချိန် ည ၇ နာရီ ဝန်းကျင်တွင် အင်ဂျင်တပ်လေထီးက ထိုလူအုပ်အတွင်း ဗုံးသီးကြဲချခဲ့ရာ လူ ၂၀ ကျော် သေဆုံးပြီး ဆယ်နှင့်ချီ ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။
ပေါင်တွင် ဒဏ်ရာရခဲ့သည့် အသက် ၂၈ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး၊ လည်ပင်းနှင့် လက်မောင်း ထိခိုက်ခဲ့သည့် Grade 5 ကျောင်းသား အသက် ၁၂ နှစ်အရွယ် ယောကျာ်းလေးတစ်ဦးတို့ ယမန်နေ့ ညက ကွယ်လွန်သွားကြသည်။
“ကလေးက မနေ့ကအထိ ပါးစပ်လေးနဲ့အသက်ကိုရှုနေတာ မနေ ည ၁၂ လောက်က ဆုံးသွားတယ်။
နောက်ထပ် ထပ်တိုးသေဆုံးမှုတွေမရှိဖို့မျှော်လင့်ရမှာပဲ”ဟု မြေပြင်ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေ သူနောက်တစ်ဦးက ပြောသည်။
ဒဏ်ရာရသူ ၄၀ ကျော်အနက် ကိုယ်ခန္ဓာအစိတ်အပိုင်း ဖြတ်တောက်ရသူ ခြောက်ဦး၊ အသက်အန္တရာယ် စိုးရိမ် ရသူ ငါး ဦး ရှိကာ ဆယ်နှင့်ချီသည့် လူနာများ ဆေးဝါးကုသနိုင်ရေးအခက်အခဲကြုံနေကြောင်း ကူညီကယ်ဆယ်ရေး လုပ်နေသူများထံက သိရသည်။
ဆေးဝါးမလုံလောက်မှု၊ အချိန်နှင့်တပြေးညီ မကုသနိုင်ခြင်းတို့ကြောင့် ထိုသို့ အသက်ဆုံးရှုံးမှုများ ကြုံတွေ့ရသည်ဟု ကူညီကယ်ဆယ်ရေးလုပ်နေသော တော်လှန်ရေးအဖွဲ့ ဝင်တစ်ဦးက ဆိုသည်။
“ထိခိုက်အန္တရာယ်တွေ ဖြစ်တဲ့အတွက် ဆေးဝါး မလုံလောက်မှုအပိုင်းတွေလည်း ပါတာပေါ့။ ဆေးရုံက လည်း Professional ဆေးရုံမဟုတ်တော့ ဒါလည်း အချိန်နဲ့တပြေးညီ မကုသနိုင်တဲ့အတွက်ကြောင့် တချို့အသက်ဆုံးပါးရတာတွေလည်းပါတာပေါ့”ဟု ၎င်းက ပြောသည်။

သေဆုံးသူ အရေအတွက်၊ အမည်နှင့် အသေးစိတ်အချက်အလက်များ ကောက်ယူစုဆောင်းနေဆဲဖြစ်ပြီး သေဆုံးသူ ၂၄ ဦး လတ်တလော အတည်ပြုနိုင်ကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံက သိရသည်။
သေဆုံးသူများထဲတွင် မုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီမှ ကိုချမ်းငြိမ်းအောင်၊ ကိုညီညီဇော်၊ ကိုကံမြင့်တို့ ပါဝင်သည်။ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ပြီး ယမန်နေ့က တစ်ဦး ကွယ်လွန်သောကြောင့် သုံးဦးရှိလာသည်။
သီတင်းကျွတ်လပြည့်နေ့က စစ်တပ်ထိန်းချုပ်ထားသည့် မုံရွာမြို့ပေါ်တွင် အဆိုတော်များပါဝင်သည့် ဂီတဖျော်ဖြေပွဲများဖြင့် ခြိမ့်ခြိမ့်သဲသဲကျင်းပနေချိန်တွင် မြို့နှင့် ၁၃ မိုင်ခန့်အကွာ တော်လှန်ရေး အင်အားစုများထိန်းချုပ်နယ်မြေရှိ ဆီမီးထွန်းပူဇော်သည့် သပိတ်ကို လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
နမခ မှ လေထီးတက်လာကြောင်း လေကြောင်းသတိပေးချက်ကြောင့် အချို့မှာပြန်သွားသော်လည်း ကွင်းပြင်ထဲတွင်လည်း လူဦးရေ ၁၀၀ နီးပါး ကျန်ရှိနေခဲ့ကြောင်း သိရသည်။
“အခါကြီးရက်ကြီး ဖြစ်တော့ လူကလည်းအရမ်းများတယ်။ နောက်တစ်ခုကတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုပိုင်းက အရင်တစ်ခေါက်တွေနဲ့မတူဘူး။ကျွန်တော်တို့ သပိတ်လုပ်တဲ့နေရာနဲ့ ၂ မိုင် ကျော်၊ ၃ မိုင်လောက် အကွာတည်းက သူတို့က စက်ရှိန်ကို လျော့လာတယ်။ အသံမကြားအောင် ပေါ့။ခြေသံလုံလုံနဲ့လာပြီးတော့ ချသွားတယ်”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဆီမီးသပိတ်အမည်ဖြင့် လူထုကို လူသားဒိုင်းအဖြစ် အကာအကွယ်ယူလုပ်ဆောင်ခဲ့သည်ဟုဆိုကာ “အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး”အဖြစ်တိုက်ခိုက်ခဲ့ကြောင်း စစ်တပ်ထောက်ခံသည့် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ယနေ့ ဖော်ပြနေကြသည်။
နှစ်ကုန်တွင် ရွေးကောက်ပွဲလုပ်ရန် ပြင်နေသည့် စစ်တပ်က တော်လှန်ရေးအားကောင်းရာ စစ်ကိုင်းတိုင်း တွင် ပြီးခဲ့သည့် ဩဂုတ်လကစပြီး စစ်ရေးအရှိန်မြှင့်နေပြီး လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်နေသည်။




