အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ချောင်းဦးသပိတ် လေကြောင်းတိုက်ခိုက်မှု ဒဏ်ရာရလူနာများ ဆေးကုသရေးအခက်ကြုံနေ

လူအစုလိုက်အပြုံလိုက်သေဆုံးစေခဲ့သော ချောင်းဦးမြို့နယ် လေကြောင်းဗုံးကြဲမှုတွင် ဒဏ်ရာရသူ ၄၀ ထက်မနည်း ရှိရာ ဆေးဝါးအခက်အခဲကြုံနေကြရသည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၌ သီတင်းကျွတ်လပြည့်ညက ဆီမီးသပိတ် လေကြောင်း တိုက်ခိုက်ခံရမှုတွင် ဆယ်နှင့်ချီ ထိခိုက်ဒဏ်ရာရသည့်ပြည်သူများ ဆေးဝါးကုသမှု အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း တော်လှန်ရေးအင်အားစုများနှင့် မြေပြင်ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများထံက သိရသည်။

ချောင်းဦးမြို့၊ ဘုံတိုရွာတွင် အောက်တိုဘာလ ၆ ရက်နေ့ (သီတင်းကျွတ်လပြည့်နေ့) ညပိုင်းက ဆီမီးထွန်း သပိတ်ကျင်းပနေချိန်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှတက်လာသည့် အင်ဂျင်တပ်လေထီးက လေကြောင်းတိုက်ခိုက်ခဲ့ရာ  ကလေးသူငယ်များအပါအဝင် အစုလိုက်အပြုံလိုက်သေဆုံးပြီး ဆယ်ချီပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။ 

“ဆေးဝါးခက်ခဲမှုကတော့ ရှိပါတယ်။ ကြိုးစားလုပ်ပေးနေကြပါတယ်။ စစ်တပ်က ဗုံးကြဲတိုက်ခိုက် သတ်ဖြတ်ပြီး နောက်ရက်တွေမှာ လမ်းကြောတွေနဲ့ သူတို့ဂိတ်တွေမှာ ဆေးတွေမသယ်နိုင်အောင် ပိတ်ဆို့ စစ်နေတယ်လို့သိရပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရုံးချုပ်တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ထိခိုက်ဒဏ်ရာရရှိသူများအတွက် အရေးပေါ်ဆေးဝါးများနှင့် သွေးအမျိုးအစားမျိုးစုံ လိုအပ်နေကြောင်း မုံရွာခရိုင် အမှတ် (၄) တပ်ရင်း တပ်ခွဲ (၃) ကလည်း ထုတ်ပြန်ထားသည်။

လက်နက်ကိုင်တော်လှန်ရေးအားကောင်းရာ စစ်ကိုင်းတိုင်းကို ဆေးဝါးအပါအဝင် ကုန်စည်စီးဆင်းခွင့်များကို စစ်တပ်က ပြီးခဲ့သည့်လပိုင်းကစတင်၍ တင်းကျပ်ထားရာ  ယခုကဲ့သို့ အစုလိုက်အပြုံလိုက် ထိခိုက်ဒဏ်ရာရရှိချိန်တွင် ဆေးဝါးမလုံလောက်သော အခက်အခဲကို ပိုမိုဆိုးရွားစွာရင်ဆိုင်နေရသည်။

“စစ်ကောင်စီက စစ်ကိုင်းဘက်ကို ကုန်စည်အကုန်လုံး ဖြတ်တောက်ထားတော့ ဆေးဝါးဆိုရင်တော့ ဆိုးတာပေါ့။ ဆေးဝါးတွေလုံးဝ အတင်မခံတဲ့  လမ်းကြောင်းပေါ့။ ကျွန်တော်တို့က တစ်ခါတလေ ပိုက်ဆံရှိရင်တောင် ဆေးဝါး မဝယ်နိုင်ဘူး။ တချို့ဆေးဆိုင်တွေဆိုရင် ဘူးခွံတွေပဲပြထားတယ် အထဲမှာ ဆေးဝါးမရှိဘူး”ဟု မြေပြင်ကူညီ ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ချောင်းဦးမြို့နယ် ဒေသခံ အမျိုးသားတစ်ဦး က ပြောသည်။ 

ထို့ပြင် ထိခိုက်ဒဏ်ရာရသူများသည် စစ်တပ်ထိန်းချုပ်ထားရာ မြို့ကြီးများရှိ ဆေးရုံ၊ ဆေးခန်းများတွင် သွားရောက်ကုသနိုင်သည့် အခြေအနေမရှိကြောင်း သိရသည်။ 

“ အခုအခြေအနေမှာတော့ လူတွေက အကြောက်တရားရှိသွားတာပေါ့။ သူတို့ဒီမှာထိတယ်ဆိုတော့ သူတို့ကို ထပ်ပြီးအဆွဲခံရမှာစိုးတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ လုပ်ဆောင်ပေးနေတဲ့သူတွေရော၊ လူနာတွေရော၊ ပြည်သူတွေရောက မြို့ကိုသွားပြီးကုသနိုင်ဖို့ တော်တော်အခက်အခဲရှိတယ်။ ရာခိုင်နှုန်းနဲ့ တွက်ရင် ငါး ရာခိုင်နှုန်းလောက်တောင်မှ မြို့ပေါ်ကို သွားကုလို့မရဘူး”ဟု အထက်ပါ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူက ပြောသည်။

ဒဏ်ရာရသူအချို့ကို ဆေးကုသမှုများ ဆောင်ရွက်ပေးနေကြစဉ်။( ဓာတ်ပုံ – Monywa Nightking)

ထိခိုက်ဒဏ်ရာရသူများတွင် ဦးခေါင်း၊ မျက်နှာ၊ ဆီးခုံတို့တွင် ထိခိုက်ဒဏ်ရာရသူများ၊ ခြေလက်များအပါအဝင် ကိုယ်အင်္ဂါချို့ယွင်းနိုင်သည်အထိ ဒဏ်ရာပြင်းထန်သူများပါဝင်ကြောင်း မြေပြင် ကူညီ ကယ်ဆယ်ရေးလုပ်နေ 

သူများထံ က သိရသည်။ 

စစ်ကော်မရှင်က နှစ်ကုန်ပိုင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်း အပါအဝင် လူထုဆန္ဒ သုံးရပ်ကို ဖော်ထုတ်ဆန္ဒပြသည့် ဆီမီးသပိတ် အပြီးသတ်ခါနီး သပိတ်တရားဟောရန် ကျေးရွာမူလတန်း ကျောင်းဝင်း ကွက်လပ်တွင် စုဝေးနေချိန် ဗုံးကြဲခံရခြင်းဖြစ်သည်။ 

ထိုလေကြောင်းတိုက်ခိုက်မှုတွင် အသက် ၁၈ နှစ်အောက် ကလေး သုံး ဦးအပါအဝင် ၁၉ ဦးသေဆုံးခဲ့ပြီး၊ သေဆုံးသူအချို့တွင် ကိုယ်ခန္ဓာအစိတ်အပိုင်းများ ပြတ်ထွက်ခဲ့ကြောင်း ၊ ထိခိုက်ဒဏ်ရာပြင်းထန်သူ ၄၀ ဦး အနက် ထက်ဝက်မှာ အသက် ၁၈ နှစ်အောက် ကလေးများ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ယနေ့ (အောက်တိုဘာလ ၈ ရက်) ထုတ်ပြန်လိုက်သည်။ 

စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ယမန်နေ့က ထုတ်ပြန်ချက်အရ လေကြောင်းတိုက်ခိုက်မှုတွင် မုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီမှ ကိုချမ်းငြိမ်းအောင်၊ ကိုညီညီဇော် တို့ သေဆုံးခဲ့ကြောင်း သိရသည်။ 

စစ်တပ်ထိန်းချုပ်ထားရာ မုံရွာမြို့ပေါ်တွင် သီတင်းကျွတ်လပြည့်နေ့က ပျော်ပွဲရွှင်ပွဲများ ခြိမ့်ခြိမ့်သဲသဲ ကျင်းပနေချိန် ၁၃ မိုင်ခန့်အကွာရှိ တော်လှန်ရေးအင်အားစုများထိန်းချုပ်နယ်မြေမှ ဆီမီးပူဇော်ပွဲ သပိတ်ကို လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုအရှိန်မြှင့်နေပြီး ၂၀၂၅ ခုနှစ် နှစ်ဆန်းမှ ဩဂုတ်လအထိ ရှစ် လတာအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀၀၀ ကျော်ပြုလုပ်ခဲ့ပြီး ပြည်သူ ၁၄၈၇ ဦး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။ 

Related Articles

Back to top button