ကယားနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ငါးမြို့နယ်တို့ စစ်တပ်က ထိုးစစ်လုပ်နေရာ တိုက်ပွဲဧရိယာ ကျယ် ပြန့်လာသဖြင့် စစ်ရှောင်များအနေဖြင့် အခက်အခဲများ ပိုမိုရင်ဆိုင်ကြုံတွေ့နေရကြောင်း ကြားကာလ ကရင်နီ ပြည်အုပ်ချုပ်ရေးကောင်စီ (IEC) နှင့် စစ်ရှောင်ကူညီနေသူအချို့ထံက သိရသည်။
စစ်ကော်မရှင်တပ်သည် ကရင်နီတွင် “ ရန်နိုင်မင်း” အမည်ဖြင့် စစ်ဆင်ရေးကို ၂၀၂၄ ခုနှစ် မေလမှစတင် ဖော်ဆောင်နေပြီး အဆိုပါစစ်ဆင်ရေးအတွင်း စစ်ရေးအရအရေးပါသည့် ရှမ်းတောင်နှင့် ကရင်နီပြည်နယ် အတွင်းရှိ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖယ်ခုံ၊ မိုးဗြဲ မြို့ လေးမြို့ကို ပြန်လည် သိမ်းပိုက်ထိန်းချုပ်ထားသည်။
ထို့ပြင် ကယား (ကရင်နီ) ပြည်နယ်အတွင်း မြို့အချို့ကို ဆက်သွယ်ထားသည့် ကားလမ်းမကြီးများအား အပြည့်အဝ ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည်။
လက်ရှိတွင် စစ်တပ်က ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ၊ မိုးဗြဲနှင့် ၊ ကရင်နီပြည်နယ်အတွင်းရှိ လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆိုမြို့နယ် စသော နေရာ ၅ ခု၌ စစ်ကြောင်းထိုးလှုပ်ရှားမှုများ လုပ်နေသည်။
ကရင်နီဒေသဆုံးရှုံးနယ်မြေများ ပြန်ရယူနိုင်ရန် ကြိုးပမ်းနေသည့် စစ်တပ်သည် ရွေးကောက်ပွဲကျင်းပ ရန် ကြေညာထားသည့် ပြည်နယ်အလယ်ပိုင်း ဘောလခဲမြို့နယ်အထိ ထိုးစစ်ဆင်မည်ဟု ယူဆရသည်။
စစ်တပ် စစ်ကြောင်းထိုးနေသည့် လမ်းကြောင်းနှင့်လွတ်ရာ ဒေသအတွင်းပိုင်းသို့ ရွှေ့ပြောင်းရသည့် စစ်ရှောင်အရေအတွက် တိုးလာသည်၊ စစ်ရှောင်များအတွက် စားဝတ်နေရေး အခက်အခဲများ ကြုံနေရ သည်ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ထံက သိရသည်။
IEC သည် စစ်တပ်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် ကရင်နီတော်လှန်ရေးတပ်များ၏ အရပ်ဘက် အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့ (ဒေသန္တရ အစိုးရအဖွဲ့) ဖြစ်သည်။
IEC အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်က စစ်ရှောင်များသည် ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်း ၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း ၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်း တို့အထိ ရွှေ့ပြောင်းနေထိုင်ကြ သလို စစ်တပ်ကင်းစင်သည့် သံလွင်မြစ်အရှေ့ခြမ်း ထိုင်း-မြန်မာနယ်စပ် မယ်စဲ့မြို့နယ်အထိ ပြောင်းရွှေ့ ကြကြောင်း ပြောသည်။
ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့်ဒေသများတွင် စစ်ရှောင်စခန်း ၄၇၆ ခု ထက်မနည်း နှင့် နေထိုင်သူ လူဦးရေ တစ်သိန်းခွဲရှိကြောင်း၊ တော်လှန်ရေးတပ်ထိန်းချုပ်နယ်မြေရှိ ကျေးရွာများတွင် နေထိုင်ကြသော စစ်ရှောင်များမှာ တစ်သိန်းခန့်ရှိကြောင်း IEC ၏ အချက်အလက်များအရ သိရသည်။
ထို့ကြောင့် စစ်ရှောင်အရေအတွက် စုစုပေါင်းမှာ ခန့်မှန်းခြေ နှစ်သိန်းခွဲ ရှိနေကြောင်း IEC အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်က ဆိုသည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာမသိမ်းမီနှစ်များက ရှမ်းတောင်နှင့် ကယားဒေသတစ်လျှောက် ကရင်နီဒေသ လူဦးရေ သုံးသိန်းခန့်သာရှိသည်။
“စခန်းတိုင်းနီးပါးလို စားနပ်ရိက္ခာပြတ်တဲ့ မိသားစုတွေပိုတိုးလာတယ်။ စခန်းမှာရှိတဲ့ တချို့ မိသားစုဝင် တွေက နည်းနည်းပါးပါး အဆင်ပြေတယ်။ တစ်ချို့ သိပ်အဆင်မပြေတာ ရှိတယ်။ နှစ်ကာလ ကြာလာတော့ စခန်းတိုင်းမှာ စားနပ်ရိက္ခာပြတ်တောက်တဲ့ မိသားစုဝင်တွေရှိလာတယ်။ ချေးယူပြီး စားသောက်တာတွေ ၊ လှည့်လည်ပြီးစားသောက်တာတွေ ပိုများလာတယ်” ဟု IEC အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်က ပြောသည်။
စစ်ရှောင်များအတွက် မြန်မာနိုင်ငံအတွင်းနှင့် နိုင်ငံပြင်ပမှ ကူညီထောက်ပံ့မှုများ နည်းပါးလာနေသဖြင့် IEC ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနဘက်ကလည်း အရေးပေါ် ကူညီမှုသာ လုပ်ဆောင်နိုင်ကြောင်း သိရသည်။

ကုန်စည်ပြတ်တောက်မှု ကြုံဲ
စစ်ရှောင်လူဦးရေတိုးနေစဉ်မှာပင် တစ်ဖက်တွင်လည်း ကုန်စည်ရှားပါးမှုပြဿနာ ကြုံတွေ့နေရသည်။
ကရင်နီပြည်နယ်သို့ဝင်နိုင်သည့် အဓိက ကားလမ်းမကြီး သုံးခုဖြစ်သည့် တောင်ငူ- ဒီးမော့ဆိုလမ်း ၊ ဖယ်ခုံ – မိုးဗြဲ- လွိင်ကော်လမ်း ၊ ဆီဆိုင်-လွိုင်ကော်လမ်းတို့ကို စစ်ကော်မရှင်တပ်က ထိန်းချုပ်လိုက်သည့်နောက် တော်လှန်ရေးစိုးမိုးနယ်မြေသို့ ကုန်စည်ပို့ဆောင်မှုများ ကန့်သတ်လာသဖြင့် ကရင်နီဒေသအတွင်း အခြေခံ လူသုံးကုန်များ အဝင်နည်းနေသည်။
ကုန်စည်အဝင်နည်းသောကြောင့် နောက်ဆက်တွဲအနေနှင့် ကုန်ဈေးနှုန်းတက်သည့် ဒဏ်ပါ ကြုံတွေ့နေရ သည်။
“ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေ ကြုံနေရတယ်။ လမ်းပန်းဆက်သွယ်ရေးကလည်း ထင်သလောက် မလွယ် ဘူး။ လမ်းမကြီးတွေက လွဲရင် ကျန်လမ်းတွေက မိုးရာသီဆိုရင် ဆိုးဝါးတာကြောင့် ကုန်စည် စီးဆင်းဖို့ ခက်ခဲပါတယ်။ ဈေးနှုန်းတက်တဲ့ဒဏ်တွေခံရတယ်” ဟု ဦးဗညားခွန်အောင်က ဆိုသည်။
ကုန်စည် အဝင်အနည်းသဖြင့် စားနပ်ရိက္ခာ အထောက်အပံ့ဖြစ်ရန် စိုက်ပျိုးရေးလုပ်မည် ဆိုပါကလည်း စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးရန် ကြုံရသည့်အပြင် စစ်ရေးကလည်း ပိုမိုပြင်းထန်လာသဖြင့် စိုက်ပျိုးရေးမလုပ်နိုင်သည့် အခြေအနေလည်း ကြုံနေရကြောင်း ၎င်းက ဆက်ပြောသည်။
“ဖယ်ခုံအရှေ့ခြမ်းနဲ့ မိုးဗြဲဘက်ကို စစ်ကောင်စီပြန်ရသွားတဲ့အခါမှာ စပါးတွေ ရိတ်သိမ်းလို့ မရတာတွေ ခံရတာရှိတယ်။ လွိုင်ကော် ၊မိုးဗြဲ ၊ ဒီးမော့ဆိုအနောက်ခြမ်းအစပ်ပေါ့။ လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီး အနောက်ခြမ်းမှာ မိုးစပါးမစိုက်နိုင်တဲ့အခြေအနေဖြစ်တယ်”
“ စစ်ကြောင်းက ဖရူဆိုအထိရောက်သွားတဲ့အခါမှာ ဖရူဆိုလမ်းမကြီးအနီးအနားမှာ တစ်ချို့စိုက်ထားတာ တွေလည်း တစ်ချို့လယ်တွေ ရိတ်သိမ်းလို့မရတာတွေ ၊ စိုက်ပျိုးဖို့ သွားကြည့်လို့မရတဲ့အခြေအနေ ဖြစ်နေတယ်။ ဆိုတော့ လယ်တော်တော်များများ စိုက်ပျိုးလို့မရတဲ့ အခြေအနေဖြစ်သွားပါတယ်” ဟု ဦးဗညားခွန်အောင်က ရှင်းပြသည်။
ဒီးမော့ဆိုမြို့နယ်အခြေစိုက် စစ်ရှောင်အရေးကူညီနေသူတစ်ဦးကလည်း စစ်ရှောင်များ အခက်အခဲဖြစ် နေသည်မှာ ယခင်ကတည်းကဖြစ်သော်လည်း ယခုနှစ်တွင် အခြေအနေ ပိုဆိုးလာနေကြောင်း Myanmar Now ကို ပြောသည်။
“ကရင်နီကို စစ်ကော်မရှင်တပ်က ရှိသမျှအပေါက်ပေါင်းစုံက ထိုးစစ်တွေ ထိုးနေတယ်။ လမ်းကြောင်းတွေ ပိတ်တယ်ဆိုတော့ ဒီမှာရှိတဲ့ စစ်ဘေးရှောင်တွေ စားဝတ်နေရေးက အစအလုပ်အကိုင်တွေရော ၊ သူတို့ ရိက္ခာပိုင်းရော အမိုးအကာတွေရော အစစအရာရာ အားလုံးက လိုအပ်ချက်တွေချည်းပါပဲ။ ကြာလေ ခက် ခဲလာလေလို့ပဲ ထင်တယ်” ဟု ၎င်းက ဆိုသည်။
၂၀၂၄ ခုနှစ်အတွင်းကလည်း ရာဂီ တိုင်ဖွန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင် ရေကြီးရေလျှံမှုများဖြစ်ပွား ခဲ့စဉ်ကလည်း ကရင်နီဒေသကို ထိခိုက်ခဲ့ပြီး စပါးများ၊ စိုက်ခင်းများ ရေကြီးနစ်မြှုပ်မှုများ ဖြစ်ပေါ်ခဲ့သေး သည်။
စစ်ရေးဘတ်ဂျက် ပိုသုံး
ထိုသို့ ကရင်နီတွင် လူထုအတွက် လူမှုဘဝ အကြပ်အတည်း ပိုဆိုးလာနေသော်လည်း နွေဦးတော်လှန်ရေး မှ ပေါက်ဖွားလာသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကမူ စစ်တပ်၏ ထိုးစစ်ကို ခုခံနိုင်ရေးအတွက် ကာကွယ်ရေးကဏ္ဍမှာ ပိုမိုသုံးစွဲရန်သာ အာရုံစိုက်နေသည်။
ကရင်နီပြည်တွင် အခွန်ဘဏ္ဍာရရှိမှု တစ်လလျှင် ကျပ်သိန်း ၇၀,၀၀၀ ခန့်ရှိပြီး ထိုအထဲမှ သိန်း ၄၀,၀၀၀ ကျော်ကို ကာကွယ်ရေးအတွက်အသုံးပြုနေကြောင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီက ဆိုသည်။
၎င်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စက်တင်ဘာ ၂၈ ရက်က ပြုလုပ်သည့် ကရင်နီတိုင်းရင်းသားများ၏ ရိုးရာဓလေ့ပွဲတော်တခုဖြစ်သော အဲဒိုပေါ်မီ(ခေါ်) ဒီးကူပွဲတော်၌ မိန့်ခွန်းပြောရာတွင် ထည့်ပြောသွားခြင်း ဖြစ်သည်။
သို့ရာတွင် KNDF တစ်တပ်တည်းအတွက်မဟုတ်ဘဲ ဒေသအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ (EAOs)ဖြစ်သော ကရင်နီတပ်မတော် (KA) နှင့် ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့ လွတ် မြောက်ရေးတပ်ဦး (ကလလတ/KPLA) နှင့်အတူ ခွဲဝေ အသုံးပြုနေရကြောင်း ၎င်းက ဆိုသည်။
“တစ်လ တစ်လ ရတဲ့ငွေတွေက ကျည်ဆန် ၄၀၀,၀၀၀ ၀ယ်လို့ရရင် အနည်းဆုံး တပ်ရင်း နှစ်ရင်း၊ သုံးရင်း ကို အသာလေး သိမ်းလို့ရတယ်။ ဒါပေမယ့် စိတ်ပျက်စရာပြောတာမဟုတ်ပါဘူး။ ကျွန်တော်တို့က အဲဒီ ငွေတွေကို တစ်စုတစည်းတည်းအသုံးမပြုဘဲနဲ့ KA (ကရင်နီတပ်မတော်) က ဘယ်လောက် ပါဆင့် (ရာခိုင် နှုန်း)၊ ကလလတက ဘယ်လောက် ပါဆင့်၊ KNDF က ဘယ်လောက် ပါဆင့်ဆိုပြီး ခွဲဝေပြီးတော့မှ ကိုယ့်ရဲ့ တပ်ဖွဲ့အရေးကို အသုံးပြုလိုက်တော့ ငွေတွေခေါင်းကွဲပြီးတော့ ဘယ်တပ်ရင်းမှ မသိမ်းနိုင်ဘဲ ဖြစ်နေရပါတယ်”ဟု ၎င်းက ဆက်ပြောသည်။
အပစ်ရပ်လက်မှတ်ထိုးမထားသော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏ တပ်ဖြစ်သည့် KA သည် KNDF ၏ ဦးဆောင်တပ် ဖြစ်ပြီး ကလလတ (KPLA) သည် ၁၉၇၈ ခုနှစ်တွင် KNPP မှ ခွဲထွက်၍ ဖွဲ့စည်းခဲ့သော လက်နက်ကိုင်တပ်ဖြစ်ကာ အာဏာသိမ်းခဲ့သည့် စစ်တပ်ကို အတူပူးပေါင်းတိုက်ခိုက်နေ သည်။
စစ်ကော်မရှင်တပ်ဘက်ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် တောင်စလုံးရွာဝန်းကျင်တွင် စစ်တပ်နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပြည်သူ့စစ်တပ်များ တပ်ဖြန့်ထားပြီး အနီးဝန်းကျင်ရွာများ ကို လက်နက်ကြီး ပစ်ခတ်မှုများရှိနေကြောင်း KNDF ၏ အောက်တိုဘာလ ၆ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် မိုးဗြဲမြို့ဝန်းကျင်ရှိ စက်တော်ရာနှင့် လွယ်ယင်းရွာများသို့ စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုး လှုပ်ရှားမှုများရှိနေသဖြင့် ကရင်နီတော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲဖြစ်နေသည်။
လွိုင်ကော်မြို့အရှေ့ဘက် လွိုင်လင်လေးဒေသ လင်ဖုံကြီးရွာဘက်တွင် စက်တင်ဘာလ ၂၈ ရက်နေ့ မှ စတင်ကာ စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် KNDF တို့ သုံးရက်ဆက်တိုက် တိုက်ပွဲအပြင်းအထန်ဖြစ် ထားသည်။
တိုက်ပွဲများဖြစ်နေသဖြင့် ဒရုန်း ၊ လေယာဉ်နှင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများ ကြုံရနိုင်သော ကြောင့် မလိုအပ်ဘဲ တိုက်ပွဲဖြစ်ရာဒေသသို့ ခရီးမသွားကြရန် ပြည်သူများကို KNDF က သတိပေးထား သည်။




