ကယား (ကရင်နီ) ပြည်နယ်အတွင်း ဆုံးရှုံးနယ်မြေများ ပြန်လည်ရယူနိုင်ရန် ကြိုးပမ်းနေသည့် စစ်တပ်၏ ထိုးစစ်သည် ပြည်နယ်အလယ်ပိုင်း ဘောလခဲမြို့နယ်အထိ ရောက်လာပြီဖြစ်ကြောင်း ကရင်နီအခြေစိုက် တော်လှန်ရေးတပ်အချို့ထံက သိရသည်။
ကရင်နီပြည်နယ် တပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့က ဘောလခဲဘက် စစ်ရေးအခြေအနေကို ပြည်သူများ သတိထားနိုင်ရန် စက်တင်ဘာလ ၂၃ ရက်နေ့တွင် ကြေညာချက်များ အသီးသီးထုတ်ပြန်ထားသည်။
စစ်တပ်သည် ဩဂုတ်လ ၁၅ ရက်နေ့တွင် ဒီးမော့ဆိုမြို့ကို ရပြီးနောက် တောင်ဘက် ဖရူဆိုမြို့ဘက်ကို စစ်ကြောင်းထိုးလာရာ ဖရူဆိုမြို့တောင်ဘက်တွင် စစ်တပ်က ရွေးကောက်ပွဲကျင်းပမည့်နေရာဖြစ်သော ဘောလခဲမြို့ ရှိသဖြင့် ထိုနေရာအထိ ထိုးစစ်ရောက်လာနိုင်ဖွယ်ရှိသည်ဟု စစ်ရေးလေ့လာသူများက ယခင်ကတည်းက သုံးသပ်ထားကြသည်။
စစ်တပ်သည် ဒီးမော့ဆိုမြို့ကို ဗဟိုပြုကာ တောင်ဘက်နှင့်အနောက်ဘက်ကို ယခင်လကတည်းက စစ်ကြောင်း ထိုးခဲ့ပြီး ယခုလလယ်တွင် ဒီးမော့ဆိုမြောက်ဘက်ကိုပါ စစ်ကြောင်းတစ်ကြောင်း ထပ်ထိုးနေသည်။
ဒီးမော့ဆို – ဖရူဆို – ထားလဲ ကားလမ်းတွင် စစ်တပ်က စစ်ကြောင်းထိုးနေပြီး နေ့စဉ်နှင့်အမျှ ဒရုန်း ၊ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုဖြစ်နေသဖြင့် ထိုလမ်းပိုင်းကို ပြည်သူများ အသုံးမပြုရန် ကရင်နီပြည်နယ်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ က တိုက်တွန်းထားသည်။
ထိုအဖွဲ့တွင် KNDF ၊ ကရင်နီတပ်မတော် (KA) ၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ၊ ကြယ်ဖြူအဖွဲ့ ၊ ကယောနီအဖွဲ့နှင့် ဒေသကာကွယ်ရေးအဖွဲ့ (Local PDF) အချို့ ပါဝင်သည်။
ထားလဲရွာသည် ဖရူဆို-ဘော်လခဲ ကားလမ်းဘေး အမှတ် (၁၄) တန်းမြင့်စစ်အခြေခံ လေ့ကျင့်ရေးကျောင်း၏ တောင်ဘက် ရှစ် မိုင်ကျော်အကွာတွင် ရှိသည်။
စစ်တပ်စစ်ကြောင်းအချို့သည် ဖရူဆိုမြို့တွင် ရိက္ခာ ၊ ခဲယမ်း ၊ လူအင်အားဖြည့်တင်းကာ စက်တင်ဘာလ ၂၀ ရက်နေ့မှစ၍ ဘော်လခဲမြို့ဘက်သို့ ကားလမ်းမအတိုင်း ဦးတည် စစ်ရေးလှုပ်ရှားလာကြောင်း၊ ထိတွေ့ တိုက်ပွဲဖြစ်နေကြောင်း KNDF ဘက်ကလည်း ဆိုသည်။
လတ်တလော မြေပြင်စစ်ရေးအခြေအနေများကြောင့် KNDF က ဖရူဆို – ထားလဲ – နန်းဖဲအထိ ကားလမ်းနှင့် လမ်းသွယ်များအားလုံးကို ယခုလ၂၃ ရက်နေ့မှစတင်ကာ ရက်အကန့်အသတ်မရှိ ပိတ်လိုက်သည်။
နန်းဖဲကျေးရွာသည် ထားလဲရွာတောင်ဘက် ရှစ် မိုင်အကွာ၊ ဘောလခဲမြို့အနောက်ဘက် ခြောက် မိုင်အကွာတွင် တည်ရှိသည်။
ဘောလခဲမြို့တွင် စစ်ကော်မရှင်၏ စစ်ဗျူဟာအခြေချ (စဗခ) နှင့် ခမရ(၃၃၇)၊ ခမရ(၄၂၉) ၊ ခမရ (၄၃၀) ဆိုသည့် တပ်ရင်း ၃ ရင်းရှိသည်။
တိုက်ပွဲအခြေအနေများကို ပိုမိုသိရှိနိုင်ရန် KNDF ဗဟိုပြန်ကြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ တာအယ်စိုး အား Myanmar Now က အွန်လိုင်းမှတစ်ဆင့် စာပို့ဆက်သွယ်ထားသော်လည်း ယခုသတင်းရေးသားချိန် အထိ အကြောင်းမပြန်ပေ။
ကရင်နီတပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်ကမူ “လေယာဉ်ဗုံးကြဲတာကတော့ရှိပါတယ်။ အခြားအခြားသော အကြောင်းကတော့ ဆက်သွယ်မှုကြောင့် ဖြေရခက်ပါသည်” ဟု ပြန်ဖြေသည်။
စစ်ကော်မရှင်က ကရင်နီတော်လှန်ရေးတပ်များသိမ်းထားသည့် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယား (ကရင်နီ) ပြည်နယ်ရှိ မြို့/ရွာများကို တန်ပြန်ထိုးစစ်ဆင်သော စစ်ဆင်ရေးကို “ရန်နိုင်မင်း”ဟု အမည် ပေးထားသည်။
အဆိုပါစစ်ဆင်ရေးအရ ပြန်သိမ်းထားသည့် မြို့များထဲတွင် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင် ၊ မိုးဗြဲ နှင့် ဒီးမော့ဆိုမြို့တို့ပါဝင်ကြောင်း စစ်တပ်က ကြေညာထားသည်။ ထိုမတိုင်ခင် ပြည်နယ်မြို့တော် လွိုင်ကော်ကို သိမ်းထားပြီးဖြစ်သည်။
စစ်တပ်ရှိနေသည့် ဘောလခဲမြို့ပေါ်တွင်မူ စားသောက်ကုန်များရှားပါးနေပြီး ဒေသခံလူထုသည် ရှိသည့် ကုန်စည်များဖလှယ်၍ စားသောက်နေထိုင်နေရကြောင်း ကရင်နီဒေသ သတင်းများ အထူးပြုဖော်ပြသည့် ကန္တရဝတီတိုင်းမ်သတင်းဌာနက စက်တင်ဘာလ ၂၄ ရက်နေ့တွင် ရေးသားသည်။
ဘောလခဲမြို့ရှိ စစ်တပ်စခန်းများကို ရဟတ်ယာဉ်ဖြင့် စားနပ်ရိက္ခာပို့ပေးနေကြောင်း ၊ ၎င်းတို့ရထားသည့် ရိက္ခာအား အကန့်အသတ်ဖြင့် ဒေသခံများကို ပြန်ရောင်းပေးနေကြောင်း ဖော်ပြထားသည်။
လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသော ဗိုလ်ကြီးဇင်ယော်ကလည်း စစ်တပ်သည် လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း (၁) တွင် ကရင်နီပြည်နယ်ထဲမှ လွိုင်ကော်နှင့် ဘော်လခဲမြို့တို့ပါဝင်နေသဖြင့် ရွေးကောက်ပွဲလုပ်နိုင်ရန် ဘောလခဲအထိ စစ်ဆင်နေခြင်း ဖြစ်နိုင်ကြောင်း Myanmar Now ကို စက်တင်ဘာလ ၁၉ ရက်နေ့က ပြောထားသည်။
အထူးသဖြင့် ဖရူဆိုနှင့် ဘောလခဲအကြား ကျေးရွာများကို ထိန်းချုပ်ထားသည့် ကရင်နီတော်လှန်ရေးတပ်များနှင့် တိုက်ပွဲများ ဆက်ဖြစ်လာနိုင်ကြောင်း ဗိုလ်ကြီးဇင်ယော်က သုံးသပ်ထားသည်။
စစ်တပ်တွင် ဒရုန်းနည်းပညာ တိုးတက်လာပြီး ၊ ဒရုန်းနည်းပညာနှင့် ပြည်သူ့စစ်မှုထမ်းအင်အားများကို အသုံးချကာ ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း ဗိုလ်ကြီးဇင်ယော်က ဆိုသည်။
“တချို့ဒေသခံတွေအပြောအရဆိုရင် ကာကွယ်ရေးအင်အားစုဘက်က ဒရုန်းတွေကို စစ်တပ်ရဲ့ Jammer တွေ Anti ဒရုန်းတွေက လုံးဝ ဖျက်ချနိုင်ပြီး ပြောင်းပြန်အနေအထားဖြစ်အောင် လုပ်နိုင်တယ်ပြောပါတယ်။ ဒရုန်းနည်းပညာ ရယ် ပြည်သူ့စစ်တွေကို လူလှိုင်းလုံးပုံစံ အသေခံတက်ခိုင်းပြီး စစ်ဆင်လာတဲ့ အနေအထားမျိုး တွေ့ရပါတယ်” ဟု ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပေးသည်။




