သတင်း

မြန်မာကို ကူညီမှုရပ်ဖို့ ဂျပန် ပြန်စဉ်းစားနေ

မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများ တိုးတက်လာခြင်းမရှိပါက ဂျပန်၏ ဖွံ့ဖြိုးရေးအကူအညီ (ODA) များကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆုမိုတီဂီက သတိပေးလိုက်ကြောင်း Nikkei Asia သတင်းဌာန၏ ယနေ့ (မေ ၂၁) သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ဂျပန်မှ တက်ကြွလှုပ်ရှားသူများ မြန်မာ့အရေးလှုပ်ရှားလှုံ့ဆော်နေစဉ် ထိုသတိပေးချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး အကူအညီရပ်ဆိုင်းရေးတွင် လက်ရှိစီမံကိန်းများ အကျုံးဝင်မည်ဖြစ်သည်။ 

“အဲဒါမျိုးကို ကျွန်တော်တို့ လုံးဝ မလုပ်ဆောင်ချင်ပါဘူး။ ဒါပေမဲ့ ခုလို အခြေအနေမျိုးတွေအောက်မှာတော့ စီမံကိန်းတွေ ဆက်လုပ်ဖို့ဆိုတာ ခက်ခဲလိမ့်မယ်ဆိုတဲ့အကြောင်း ကျွန်တော်တို့ ခိုင်ခိုင်မာမာ ပြောချင်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ 

“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင်ရေးကို နည်းအမျိုးမျိုးနဲ့ ကူညီပံ့ပို့းပေးနေတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့၊ မိတ်ဆွေနိုင်ငံတစ်နိုင်ငံအနေနဲ့၊ ကျွန်တော်တို့ဟာ နိုင်ငံတကာအသိုင်းအဝိုင်းကို ကိုယ်စားပြုရမှာဖြစ်ပြီး၊ ဒီသတင်းစကားကို သေချာပေးရမှာပါ”  

Nikkei သတင်းဌာနက ထုတ်ပြန်ခဲ့သော ကိန်းဂဏန်းများအရဆိုလျှင် မြန်မာနိုင်ငံအပေါ် ကူညီပံ့ပိုးမှုပမာဏကို ထုတ်ဖော်ကြေညာကြသော နိုင်ငံများအကြား ဂျပန်သည် မြန်မာကို ဖွံ့ဖြိုးရေးအကူအညီများ အများဆုံးပံ့ပိုးပေးသော နိုင်ငံဖြစ်ပြီး၊ ၂၀၁၉ ခုနှစ်တွင် ဒေါ်လာ ၁ဒသမ၇၄ ဘီလျံခန့် ပံ့ပိုးပေးခဲ့သည်။ 

ODA ဆိုင်ရာ အငြင်းပွားဖွယ်ရာများ

မြန်မာနိုင်ငံသို့ပေးသော ဂျပန် ODA  အကူအညီတွင် အငြင်းပွားဖွယ်ရာများ ရှိခဲ့ပြီး မြန်မာစစ်ဘက်နှင့် ဆက်နွှယ်မှုများ ပါဝင်နေသလို၊ မြန်မာစစ်ဘက်က ပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းများနှင့်လည်း ဆက်နွှယ်နေသည်။ 

ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က ကူညီပံ့ပိုးသော ရန်ကုန်-သန်လျင် တံတားစီမံကိန်းအတွက် သံမဏိသံပေါင်များကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းလီမိတက် (MEC) က ထုတ်လုပ်ပေးခြင်းဖြစ်ကြောင်း မတ်လတွင် Myanmar Now က ဖော်ထုတ်ရေးသားခဲ့သည်။ 

ပဲခူးမြစ်ကို ဖြတ်၍ ဆောက်လုပ်နေသော ထိုတံတားမှာ သန်လျင်အထူးစီးပွားရေးဇုန်နှင့် ချိတ်ဆက်မည်ဖြစ်သည်။ 

JICA က ကူညီသော သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်းသည်လည်း စီမံကိန်းအတွက် မြေများသိမ်းယူခြင်းနှင့် ဒေသခံရွာသားများကို လျော်ကြေး အလုံအလောက်မပေးခြင်းတို့ကြောင့် ဝေဖန်ခံခဲ့ရသည်။ ဇန်နဝါရီလတွင်လည်း ဇုန်အတွင်းမှ မိသားစု ခုနစ်စုကို နှင်ထုတ်ခဲ့ကြသည်။ 

စစ်အစိုးရခေတ် မြေသိမ်းယူမှုပုံစံမျိုးဖြစ်သည့် မြေရှင်မိသားစုများကို အတင်းဖိအားပေးကာ မလုံလောက်သော လျော်ကြေးငွေကို အတင်းလက်ခံခိုင်းသည့် နည်းလမ်းမျိုးကို ရပ်တန့်ကြရန် JICA နှင့် ထိုစဉ်က မြန်မာအစိုးရအဖွဲ့ကို  EarthRights International အဖွဲ့က တိုက်တွန်းခဲ့သေးသည်။ 

ဂျပန် ODA အကူအညီတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက်လည်း ပါဝင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံမှ အရေးကြီးပုဂ္ဂိုလ်များကို ကာကွယ်စောင့်ရှောက်ရေးအတွက် မော်တော်ယာဉ်များ၊ ရေဒီယိုများ ဝယ်ယူရန် ဒေါ်လာ ၉၃၀,၀၀၀ ခန့် ထောက်ပံ့ကြေးပေးမည့် အစီအစဉ်ကို ကြေညာခဲ့သည်။ 

ထိုစဉ်က လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (HRW) က “(မြန်မာ) စစ်တပ်ထိန်းချုပ်သော အဖွဲ့များအား အကူအညီပေးခြင်းကို ရပ်တန့်ပါရန်” ဂျပန်ကို တိုက်တွန်းခဲ့သည်။ 

ဧပြီတွင်မူ ဂျပန်သည် ရဲအကူအညီပေးရေး ထောက်ပံ့ကြေးကို လျှော့ချခဲ့သည်။ 

စဉ်းစားချိန် လုံလောက်ခဲ့

ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုကို တုံ့ပြန်သည့်အနေဖြင့် ODA အကူအညီများ မြန်မာနိုင်ငံသို့ ပေးနေခြင်းကို ဆိုင်းငံ့ပေးရန်၊ ဂျပန်ရောက် မြန်မာများအပါအဝင် ဂျပန်နိုင်ငံရှိ တက်ကြွလှုပ်ရှားသူများက ဂျပန်အစိုးရကို ဆက်လက်၍ တိုက်တွန်းခဲ့ကြပြီး၊ မေတ္တာရပ်ခံစာများ ထုတ်ပြန်ခြင်း၊ ဆန္ဒပြခြင်းတို့ဖြင့် ဖိအားပေးကြခြင်းဖြစ်သည်။ လူသားချင်းစာနာမှုအကူအညီများကိုလည်း စစ်တပ်နှင့် မပတ်သက်ဘဲ ပေးရန် တောင်းဆိုခဲ့ကြသည်။ 

“အာဏာသိမ်းခဲ့တာ ‌လေးလလောက် ရှိလာပါပြီ။ ဒီတော့ ဂျပန်အစိုးရဟာ စဉ်းစားချိန် အလုံအလောက် ရခဲ့ပြီးပါပြီ” ဟု HRW ၏ အာရှအစီအစဉ်အရာရှိ Teppei Kasai က ပြောခဲ့သည်။ 

“ဂျပန်နိုင်ငံဟာ လူသားချင်းစာနာမှု အကူအညီတွေကလွဲရင်၊ ODA အစီအစဉ်တွေကို ချက်ချင်းရပ်သင့်ပါပြီ။ စစ်အုပ်စုကို ဖိအား တိုးပြီး ပေးနိုင်ဖို့ပါ”  

ယနေ့ (မေ ၂၁) တွင် တက်ကြွလှုပ်ရှားသူများသည် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့တွင် လဲလျောင်းဆန္ဒပြခဲ့ကြကာ၊ “တပ်မတော်ကို ပေးတဲ့ ဂျပန် ODA အကူအညီ ချက်ချင်းရပ်” ၊ “တပ်မတော်နဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ချက်ချင်းရပ်” ဟု ကြွေးကြော်ခဲ့ကြသည်။ ဤလှုပ်ရှားမှုသည် အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲများ၏ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်သည်။ 

ဖေဖော်ဝါရီလအတွင်း လူမှုအဖွဲ့အစည်းများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတီဂီထံ ပူးတွဲပေးပို့ခဲ့ကြသော စာတစ်စောင်တွင်လည်း ဂျပန်အနေဖြင့် “လူ့အခွင့်အရေး အခြေပြုအနေအထားဖြစ်ပေါ်ရေး ဆောင်ရွက်ရန်” နှင့် လူသားချင်းစာနာမှု အကူအညီများမဟုတ်သည့် အခြားပံ့ပိုးမှုများကို ဆိုင်းငံ့ထားရန် တိုက်တွန်းထားသည်။ 

Show More

Related Articles

Back to top button