အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စပါးဈေးဆွဲတင်ရန် ပြည်ပသို့ ဆန်တင်ပို့မှု စစ်ကော်မရှင် ပြန်ခွင့်ပြု

ကုန်သည်များနှင့် နာမည်ကြီးကုန်တိုက်ပိုင်ရှင်တို့ကို ဖမ်းဆီးသည်အထိ ဆန်ဈေးထိန်းချုပ်ခဲ့ရာမှ ဆန်စပါးဈေးထိုးကျသွားခဲ့ပြီး လယ်သမားများအရှုံးပေါ်လာချိန် ဈေးကွက်ပြန်ဖွင့်ပေးသော်လည်း ဆေးမမီ ဖြစ်နေသည်ဟု ဆိုသည်။

နိုင်ငံအတွင်း စစ်ရေးပဋိပက္ခများကြောင့် စပါးစိုက်ပျိုးမှုလျော့ကျလာချိန် ဆန်ဈေးနှုန်းကို စစ်ကော်မရှင်က ထိန်းချုပ်ခဲ့ခြင်းကြောင့် အခြေခံစပါးဈေး စံချိန်တင်ကျဆင်းသွားသည်ကို ပြန်ဆွဲတင်ရန် ပြည်ပသို့ဆန်တင်ပို့ခွင့် ပြန်ခွင့်ပြုလိုက်သည်။

၂၀၂၅ ဧပြီလမှ စက်တင်ဘာလ အထိ ခြောက်လအတွင်း အိမ်နီးချင်း တရုတ်အပါဝင် အာရှနှင့် ဥရောပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁၂ သိန်းကျော်တင်ပို့ခဲ့သည်။ ထိုသို့တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၀၈ သန်း ဝန်းကျင် ရရှိကာ နောက် ခြောက် လအတွင်း ဆန်တန်ချိန် ၁၈ သိန်း ထပ်မံတင်ပို့သွားမည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

ထို့ကြောင့် ယခုဘဏ္ဍာနှစ်အတွင်း စုစုပေါင်း ဆန်တင်ပို့မှုတန်ချိန် သိန်း ၃၀ ရှိလာမည်ဖြစ်သည်။

ယမန်နှစ် တစ်နှစ်လုံးတွင် တန်ချိန်ပေါင်း ၂၅ သိန်း နီးပါးသာ တင်ပို့နိုင်ခဲ့ရာ ယခုနှစ်တွင် တန်ချိန် ငါး သိန်းကျော် ပိုမိုတင်ပို့ရန် စီစဉ်ထားခြင်းဖြစ်သည်။ ဈေးကွက်ဝယ်လိုအား မြှင့်တင်နိုင်မည့် နည်းလမ်းများကို အထူးဦးစားပေး ဆောင်ရွက်နေကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 

ပြီးခဲ့သည့် ၂၀၂၄ နှစ်လယ်ပိုင်းတွင် ပြည်တွင်းဆန်ဈေးမြင့်တက်လာချိန် ဈေးတင်ရောင်းချသည်ဆိုကာ ကုန်သည်ကြီးများနှင့် နာမည်ကြီးကုန်တိုက်ပိုင်ရှင်များကို စစ်ကော်မရှင်က ဖမ်းဆီးအရေးယူခဲ့သည်။

ကုန်သည်များကို ထိုသို့ ဖမ်းဆီးပြီး ပြည်ပဆန်တင်ပို့မှု ကန့်သတ်ခဲ့ခြင်းကြောင့် ပြည်တွင်း၌ ဆန်လက်ကျန်များကာ ဈေးနှုန်းများ ထိုးကျလာကြောင်း တရုတ်နယ်စပ်အခြေစိုက် အမည်မဖော်လိုသည့် ဆန်ကုန်သည် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။ 

“မနှစ်က သူတို့က လိုင်စင် (ဆန်တင်ပို့ခွင့်)ချပေးတာ နည်းတဲ့အခါကြတော့ ဒီနှစ်မှာ ဆန်စပါးက ပိုတယ်လေ။ ပြည်တွင်းမှာ ဆန်စပါးဈေးတွေက တအားထိုးကျနေတာကို။ အဲ့ဒါဆိုရင် တိုင်းပြည်မှာ တောင်သူလယ်သမားတွေ က အရှုံးပေါ်နေတာလေ။ အဲ့ဒါကြောင့် (စစ်ကော်မရှင်က) ပြန်ဖွင့်ပေးတာ အခုတလော လိုင်စင်ပိုချပေးတယ်” ဟု ၎င်းက ပြောသည်။ 

အာဏာသိမ်းစစ်ကော်မရှင်ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည့် တိုက်ပွဲများကြောင့် မြန်မာ့ဆန်အဓိက တင်ပို့ရာ တရုတ်နယ်စပ်နှင့် အခြားနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ ရပ်ဆိုင်းသွားခဲ့သည်။ ထို့ကြောင့် ပင်လယ်ရေကြောင်းမှ တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ကြောင်းလည်း ၎င်းက ဆိုသည်။ 

ပြည်ပဆန်တင်ပို့မှု ပြန်လည်ဦးမော့လာသော်လည်း ပြည်တွင်းဆန်ဈေး ဆက်လက်ကျဆင်းဆဲဖြစ်၍ ကျေးလက်နေလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်ရှိသည့် တောင်သူလယ်သမားများ အရှုံးပေါ်နေကြောင်း ၎င်းက ပြောသည်။ 

လယ်ယာလုပ်ငန်းခွင်ဝင်နေသည့် လယ်သမားတစ်ဦးကိုတွေ့ရပုံ။ တောင်သူတို့ စိုက်ပျိုးထုတ်လုပ်သည့် ဆန်စပါးစျေး ကျဆင်းနေသော်လည်း စိုက်ပျိုးထုတ်လုပ်စရိတ် များပြားခြင်းကြောင့် အရှုံးပေါ်နေသည်ဟု လယ်သမားများက ဆိုသည်။ (ဓာတ်ပုံ−AFP)

ယမန်နှစ်က အခြေခံဆန်ကြမ်းဈေး (၁၀၈ ပေါင်) တစ်အိတ်လျှင် ကျပ် ၉၀,၀၀၀ ဝန်းကျင် ဈေးပေါက်ခဲ့ပြီး ယခုနှစ်အတွင်း ကျပ်၅၀,၀၀၀ ကျော် ဝန်းကျင်သာရှိ၍ လယ်သမားများ အရှုံးပေါ်ကြောင်း၊ တစ်အိတ်လျှင် ကျပ် ၇၀,၀၀၀ ကျော်ဈေးရှိမှသာ လယ်သမားများ အရင်းကျေနိုင်ကြောင်း ၎င်းက ဆိုသည်။ 

“သေတော့မယ်ဆိုမှ ဆေးထကုတာလေ။ ကုန်သည်အတွေး ဘာညာမရှိတဲ့သူက (ကုန်သွယ်ရေးကို) လုပ်နေတဲ့အခါကြတော့ တုံ့ပြန်မှုနှေးတာပေါ့ဗျာ။ ချက်ချင်း မတုံ့ပြန်နိုင်ဘူးပေါ့ဗျာ” ဟု ၎င်းက ဝေဖန်သည်။ 

အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်၏ စီမံခန့်ခွဲမှုအမှားများကြောင့် ဆန်၊ ဆီနှင့် စားသောက်ကုန်များ အပါအဝင် အထွေထွေကုန်ဈေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်လာခဲ့သည်။ ကုန်ဈေးနှုန်းကို အာဏာသိမ်းစစ်ကော်မရှင်က အတင်းအကျပ် လိုက်လံထိန်းချုပ်ခြင်းကြောင့် မှောင်ခိုဈေးကွက် ပိုမိုကြီးထွားလာပြီး အခြားတစ်ဖက်တွင် လယ်သမားများ၏ ကောက်ပဲသီးနှံဈေးနှုန်းများ ကျဆင်းခဲ့သည်။ 

မကြာမီ စပါးပေါ်လာတော့မည်ရာသီဖြစ်ရာ ဆန်ကြမ်းအုပ်စုဝင် စပါးဈေးသည် တင်း ၁၀၀ လျှင် ကျပ် ၁၀ သိန်းအောက်ရှိ၍ စိုက်ပျိုးရိတ်သိမ်းစရိတ်၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်း မြင့်တက်မှုကြောင့် တစ်ဧကလျှင် ကျပ် နှစ် သိန်းအထိ အရှုံးပေါ်နိုင်ကြောင်း ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှ အမည်မဖော်လိုသည့် လယ်သမားတစ်ဦးက ပြောသည်။ 

“လယ်သမားတွေပဲ လိမ့်ခံရတာဗျ။ လယ်သမားက ကိုယ့်စပါးကို ဆန်စက်မှာကြိတ်ပြီး သွားရောင်းတယ်။ အကြမ်းပေါ့ဗျာ။ သွားရောင်းတဲ့အခါကြတော့ တစ်အိတ်ကို ကျပ် ၄၅,၀၀၀ နဲ့ ဖြတ်ယူတယ်ဗျာ။ ကျွန်တော်တို့ စားသုံးသူတွေ၊ လက်လုပ်လက်စားသမားတွေက သွားဝယ်တဲ့ အခါကြတော့ အဲ့ဒီဆန်တစ်အိတ်က ၇၀,၀၀၀ ဖြစ်ပြန်ရော။ အဲ့ဒီလိုတွေ ကွာနေတာပေါ့” ဟု ၎င်းက ပြောသည်။ 

“(ပြည်ပတင်ပို့မှု) နည်းနည်းလှုပ်လာရင်တော့ ဈေးက တက်လာတယ်။ ဒါပေမယ့် ဝယ်တဲ့ကုန်သည်တွေက ကိုယ့်လယ်သမားကို နှိမ်ထားတာ။လယ်သမားကလည်း ဈေးကွက်ကို လိုက်မချိတ်ဆက်နိုင်ဘူး။ စုံလည်း မစုံစမ်းနိုင်ဘူး” ဟု ၎င်းက ပြောသည်။ 

စပါးကို ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်ခြင်းဖြစ်သော်လည်း ဆန်ထုတ်လုပ်ရာတွင် လုပ်သားစရိတ်၊ မျိုးစေ့အပြင် အမေရိကန်ဒေါ်လာဖြင့် ပြည်ပမှ ဝယ်ယူတင်သွင်း အသုံးပြုရသည့် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးကဲ့သို့ သွင်းအားစုများကို သုံးစွဲနေရသည်။ ထိုသို့ ထုတ်လုပ်မှုကုန်ကျစရိတ် များပြားသော်လည်း စစ်ကော်မရှင်၏ ကန့်သတ်မှုကြောင့် ဖြစ်သင့်ဖြစ်ထိုက်သည့် ဆန်ဈေးနှုန်းကို မရရှိကြောင်း လယ်သမားများက ဆိုသည်။ 

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်အရ ကောက်စောစပါးဈေးမှာ တင်း ၁၀၀ လျှင် ကျပ် ၁၁ သိန်းအထိဈေးရှိသော်လည်း မြေပြင်၌ ထိုဈေးနှုန်းထက်နည်းကြောင်း လယ်သမားများက ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ အရပ်သားအစိုးရကို ဖြုတ်ချပြီး ပြီးခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းခဲ့ခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိကအသက်မွေးသည့် ကျေးလက်ဒေသ အများအပြားတွင် ရရာလက်နက် စွဲကိုင်တော်လှန်မှုများပြင်းပြင်းထန်ထန်ဖြစ်ပွားလာသည်။

တိုက်ပွဲများကြောင့် စစ်ကိုင်း၊ မကွေး၊ ရခိုင်၊ ကရင်နီနှင့် အခြားသော ဒေသအများအပြားတွင် စိုက်ပျိုးရေးလုပ်ငန်းများ ကျဆင်းလာပြီး တော်လှန်ရေးနယ်မြေမှ လယ်သမားများစိုက်ပျိုးသည့် ကောက်ပဲသီးနှံများကို ဈေးကွက်တင်ပို့ရာတွင် စစ်ကော်မရှင်၏ ကန့်သတ်ပိတ်ဆို့မှုများကြောင့် အခက်အခဲတွေ့နေရသည်။

Related Articles

Back to top button