သတင်း

ရန်ကုန်မြို့ ဈေးဝယ်စင်တာ တာဝန်ရှိသူများ အဖမ်းခံရ

ဆန်စျေးတင်ရောင်းသည့် စွပ်စွဲချက်ဖြင့် ရန်ကုန်မြို့ ဈေးဝယ်စင်တာများ၏ ဒါရိုက်တာ ၄ ဦး၊ ဆန်စပါးလုပ်ငန်းရှင် ၇ ဦးတို့ကို ဖမ်းဆီးထားပြီး တရားစွဲဆိုမည်ဟု စစ်ကောင်စီက ကြေညာသည်။

ရန်ကုန်မြို့တွင် ဆိုင်ခွဲများ ဖွင့်ထားသည့် ကုန်တိုက်များ၏ ဒါရိုက်တာ ၄ ဦး၊ ဆန်စပါးလုပ်ငန်းရှင် ၇ ဦးတို့ကို ဆန်စျေးတင်ရောင်းသည်ဟု စွပ်စွဲကာ ဖမ်းဆီးထားပြီး တရားစွဲဆိုမည်ဟု စစ်ကောင်စီက ကြေညာသည်။

City Mart, Sein Gay Har, Aeon Orange နှင့် One Stop Mart ဈေးဝယ်စင်တာများ၏ တာဝန်ရှိသူများ၊ ဆန်လုပ်ငန်းရှင်များကို အရေးယူမည်ဟု စစ်ကောင်စီက ယမန်နေ့ (ဇွန် ၃၀) တွင် သတင်းထုတ်ပြန်သည်။

Aeon Orange ဈေးဝယ်စင်တာသည် ဂျပန်ကုမ္ပဏီ Aeon ၏ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး ထိုလုပ်ငန်း၏ ဒါရိုက်တာဖြစ်သူ ဂျပန်နိုင်ငံသား Mr.Kasamatsu Hiroshi လည်း အရေးယူခံရမည့်အထဲ ပါဝင်သည်။

အသက် ၅၃ နှစ်အရွယ်ရှိ Mr.Kasamatsu Hiroshi ကို ပြန်လွှတ်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ ဂျန်ပန်သံရုံးက တောင်းဆိုထားသည်ဟု ဂျပန်အခြေစိုက် NHK သတင်းဌာနက သတင်းဖော်ပြသည်။ မြန်မာနိုင်ငံရှိ ဂျပန်သံရုံး၏ ပံ့ပိုးကူညီမှုဖြင့် အမှုကို ဆောလျင်စွာ ဖြေရှင်းနိုင်ရန်လည်း သံရုံးက တောင်းဆိုထားသည်ဟု ဆိုသည်။

ကျန် ၃ ဦးမှာ City Mart အမှုဆောင်အရာရှိချုပ် ဦးဖြိုးမင်းကျော်၊ One Stop Mart ဒါရိုက်တာ ဦးမျိုးသန့်နှင့် Sein Gay Har  အုပ်ချုပ်မှုဒါရိုက်တာ ဦးမောင်မောင်ဝင်းတို့ ဖြစ်သည်။

စတိုးဆိုင်ကြီး ၅၃ ဆိုင်ကို စစ်ဆေးခဲ့ရာတွင် သတ်မှတ်ဈေးထက် ၂၀ ရာခိုင်နှုန်း အမြတ်ရောင်းသည့် ဆိုင် ၁ ဆိုင်၊ ၂၁ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ စျေးတင်ရောင်းသည့် ဆိုင် ၃၀၊ ၅၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ စျေးတင်ရောင်းသည့်ဆိုင် ၂၂ ဆိုင်ရှိသည်ဟု စစ်ကောင်စီက ဆိုသည်။

သတ်မှတ်ထားသည့် ဆန်ဈေးထက် ၅၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ စျေးတင်ရောင်းသည့် တာဝန်ရှိသူ ၄ ဦးကို အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ အရ အရေးယူသွားမည်ဟုလည်း စစ်ကောင်စီက ဆိုသည်။

ထိုပုဒ်မသည် အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားသည့် ကုန်စည်တစ်ခုခုကို တင်သွင်း၊ တင်ပို့၊ ရောင်းချရာတွင် သတ်မှတ်ထားသည့် တားမြစ်မိန့်ကို မလိုက်နာသည့် ပုဒ်မဖြစ်ပြီး ထောင်ဒဏ် ၆ လမှ အများဆုံး ၃ နှစ်အထိ ချမှတ်ရန် ပြဋ္ဌာန်းထားသည်။

၅၀ ရာခိုင်နှုန်းနှင့်အောက် စျေးတင်ရောင်းခဲ့သော စျေးဝယ်စင်တာနှင့် စတိုးဆိုင် ၃၀ ကိုမူ ၎င်းတို့ ရရှိခဲ့သော အကျိုးအမြတ်များအပေါ် ဒဏ်ကြေးနှင့် အခွန် ထပ်မံစည်းကြပ်သွားမည်ဟု သိရသည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် ဆန်စပါးအသင်းချုပ်၏ ယမန်နေ့ ထုတ်ပြန်သည့် ဆန်ဈေးနှုန်းသည် ရွှေဘိုပေါ်ဆန်း ၁၀၈ ပေါင် တစ်အိတ်လျှင် ကျပ် ၁၅၂,၀၀ဝိ ၊ ဧရာဝတီပေါ်ဆန်း ၁၀၈ ပေါင်တစ်အိတ်လျှင် ကျပ် ၁၃၀,၀၀ဝ ဟု သတ်မှတ်ထားသည်။

စျေးဝယ်စင်တာ တာဝန်ရှိသူများကို အမှုဖွင့်အရေးယူထားသလို သက်ဆိုင်ရာဆိုင်ခွဲများမှ မန်နေဂျာများကိုလည်း စစ်ကောင်စီက နေ့စဉ် ခေါ်ယူမေးမြန်းနေသည်၊ ရောင်းချသည့်ဈေးနှုန်းနှင့် အရေအတွက်ကိုလည်း သတင်းပို့ရသည်ဟု စျေးဝယ်စင်တာတစ်ခု၏ အမျိုးသားဝန်ထမ်းတစ်ဦးက Myanmar Now ကို ပြောသည်။

“နေ့စဉ် ဆန်အရောင်းအဝယ် စျေးနှုန်းနဲ့ အရေအတွက်တွေကို သူတို့ (စစ်ကောင်စီ) ဆီကို သတင်းပို့ခိုင်းတယ်။ ဆန်စျေးတွေကို အကြမ်းဖျင်းအားဖြင့် (၁ ပြည်လျှင်) ဈေး ကျပ် ၂,၀၀၀၊ ၃,၀၀၀ နဲ့ပဲ ရောင်းခိုင်းတော့တယ်” ဟု သူက ပြောသည်။

ထို့ပြင် ဆန်စပါးလုပ်ငန်းရှင် ၇ ဦးသည်လည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ သတ်မှတ်စျေးနှုန်းထက် ၃၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ဈေးတင်ရောင်းသည်ဆိုကာ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အရေးယူသွားမည်ဟု စစ်ကောင်စီက ဆိုသည်။

ထိုလုပ်ငန်းရှင်များထဲတွင် ရန်ကုန်တိုင်းမှ သစ္စာရှင်ဆန်ဆီရောင်းဝယ်ရေး၊ သန့်ဆန်ဆိုင်၊ သိင်္ဂီဆန်ပွဲရုံ၊ Kanbawza ဆန်ရောင်းဝယ်ရေးနှင့် Global Myanmar Trading ကုမ္ပဏီများ၏ ပိုင်ရှင်နှင့် တာဝန်ရှိသူ ၅ ဦး ပါဝင်သည်။

မန္တလေးတိုင်းမှ စိန်ငါးပွင့်ဆန်ဆိုင်နှင့် နေပြည်တော် ရတနာပုံဆန်စက်တို့မှ တာဝန်ရှိသူ ၂ ဦး တို့ ပါဝင်သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းတွင် ရန်ကုန်နှင့် မန္တလေးရှိ ဈေးဝယ်စင်တာ မန်နေဂျာများကို ခေါ်ယူစစ်ဆေးနေခဲ့ပြီး ဆန်ကို ယင်းတို့ထုတ်ပြန်ထားသည့် သတ်မှတ်ဈေးအတိုင်း ရောင်းချရန် ဖိအားပေးခဲ့သည်ဟုလည်း သိရသည်။

ထိုအခြေအနေများပေါ်ပေါက်ပြီးနောက် ဈေးဝယ်စင်တာတချို့တွင် ဆန်ရောင်းချမှု ရပ်ဆိုင်းသွားသည်ကိုလည်း တွေ့ရသည်။

ဆန်စျေးနှုန်းမြင့်တက်လာခြင်း၊ ဆန်လုပ်ငန်းရှင်ကြီးများကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးခြင်း၊ သတ်မှတ်ဈေးအတိုင်းရောင်းရန် ကန့်သတ်ခြင်း စသည့် အခြေအနေများ ပေါ်ပေါက်လာပြီးနောက် ဆန်မှောင်ခိုစျေးကွက် ဖြစ်ပေါ်လာပြန်သည်။

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ကဲ့သို့ မြို့ကြီးများတွင် အရည်အသွေးကောင်း ဈေးနှုန်းမြင့်ဆန်ချောဆိုလျှင် ပုန်းလျှိုးကွယ်လျှိုး ရောင်းနေကြရခြင်းဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းလည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးလူမော်မြင့်မောင်၊ မန္တလေးတိုင်း ဆန်စပါးကုန်စည်ဒိုင်မှ တာဝန်ရှိများအပါအဝင် လုပ်ငန်းရှင်အများအပြားကို ဖမ်းဆီးစစ်ဆေးခဲ့သည်။

ပြီးခဲ့သည့် ဇွန် ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ ဆန်စပါးလုပ်ငန်းရှင် ၅၈ ဦးကို စစ်ဆေးခဲ့ပြီး ၂၄ ဦးကို ဒဏ်ရိုက်အရေးယူခဲ့သည်ဟု သိရသည်၊ ကျန်လုပ်ငန်းရှင် ၂၃ ဦးကို မည်သို့မည်ပုံ ဆက်လက်လုပ်ဆောင်မည်ကိုမူ စစ်ကောင်စီက အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိသေးပေ။

စစ်ကောင်စီသည် ယခုကဲ့သို့ ပုဂ္ဂလိလက ဆန်စပါးလုပ်ငန်းရှင်အများအပြားကို အရေးယူမှုများပြုလုပ်နေသော်လည်း ဂန္ဒမာ Wholesale ကဲ့သို့ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများနှင့် ဆက်နွှယ်သည့် စျေးဝယ်စင်တာများနှင့် လုပ်ငန်းရှင်များကို စစ်ဆေးအရေးယူခြင်းမရှိဟု လုပ်ငန်းရှင်များက ပြောသည်။

Show More

Related Articles

Back to top button