
ဆန်စျေးနှုန်းမြင့်တက်လာမှုကြောင့် စစ်ကောင်စီက ဆန်လုပ်ငန်းရှင်ကြီးများကို ဖမ်းဆီးစစ်ဆေးပြီး သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချရန် ကန့်သတ်ထိန်းချုပ်နေသဖြင့် ဆန်မှောင်ခိုစျေးကွက် ဖြစ်ပေါ်လာနေသည်။
စစ်ကောင်စီ၏ အရည်အသွေးကောင်းဆန် သတ်မှတ်စျေးနှုန်းများသည် ဆန်ဆိုင်များအတွက် တွက်ခြေမကိုက်ခြင်း၊ သတ်မှတ်စျေးဖြင့် မရောင်းချပါကလည်း အရေးယူခံရနိုင်ခြင်းတို့ကြောင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ကဲ့သို့ မြို့ကြီးများတွင် အရည်အသွေးကောင်း ဈေးနှုန်းမြင့်ဆန်ချောဆိုလျှင် ပုန်းလျှိုးကွယ်လျှိုးရောင်းနေကြရသည်။
ဆန်စပါးအသင်းချုပ်၏ အဆိုအရ အိမ်ထောင်စုတစ်စုစာအတွက် လစဉ် ပေါ်ဆန်းဆန် တစ်အိတ်နှင့် ဧည့်မထဆန်တစ်အိတ်စီ ရောင်းပေးမည်၊ ဇွန်လ ၂၄ ရက်နေ့မှစတင်ကာ မနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခွဲအထိ ဧည့်မထ တစ်ပြည် ကျပ် ၃၀၀၀ နှုန်း၊ ပေါ်ဆန်း တစ်ပြည် ကျပ် ၅၀၀၀ ဖြင့် တန်းစီဝယ်ယူနိုင်မည်ဖြစ်သည်။
ကန့်သတ်မှုများကြောင့် စျေးကွက်အတွင်း လိုသလောက်ဝယ်ယူ၍ မရတော့ကြောင်း ပြည်သူများက Myanmar Now ကို ပြောသည်။
“မနေ့က ပဲခူးဈေးထဲမှာ ဆန်နဲ့ ဆီဝယ်တာ လုံးဝမရဘူး၊ နည်းနည်းစီပဲ အဖွင့်ပြထားပြီး မရဘူးပဲ ပြောတာ၊ ရောင်းတာတောင် တော်တော်ရင်းနှီးတဲ့ အသိပါမှ ရောင်းပေးတာ” ဟု ပဲခူးမှ ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် ဒေသခံ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ ယခုဇွန်လအတွင်း ဆန်ဈေးနှုန်းသတ်မှတ်ချက်မှာ ရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ်လျှင် ကျပ် ၁၃၅,၀၀၀မှ ၁၄၅,၀၀၀ ဖြစ်သည်၊ ဧည့်မထအုပ်စုဝင် ဆန်ကြမ်းများကို တစ်အိတ်လျှင် ကျပ် ၇၀၀,၀၀မှ ၇၈၀,၀၀ အတွင်း ဖြစ်သည်။
ဆန်စပါးအသင်းချုပ်က ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၅၂၀၀၀၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ၁၃၀၀၀၀ ဖြစ်ကြောင်း ဇွန် ၂၅ ရက်နေ့က ထုတ်ပြန်ထားသည်။
ပြင်ပပေါက်ဈေးမှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၁၈၅,၀၀၀ မှ ၁၉၅,၀၀၀ အထိ ရှိနေသောကြောင့် အသင်းချုပ်သတ်မှတ်စျေးနှင့် ကျပ် ၅၀,၀၀၀ ခန့် ကွာဟနေသည်။
ဧရာဝတီပေါ်ဆန်း၊ ဧည့်မထတို့မှာမူ စျေးနှုန်းကွာဟမှု နည်းကြောင်း စုံစမ်းသိရှိရသည်။
ရန်ကုန်မြို့ သင်္ယန်းကျွန်းမြို့နယ်မှ ဆန်၊ ဆီ လက်ကားရောင်းသည့် ဆိုင်ရှင်တစ်ဦးက စစ်ကောင်စီ၏ ဆန်စျေးသတ်မှတ်ချက်သည် ၎င်းတို့အတွက် တွက်ခြေမကိုက်ကြောင်း ပြောသည်။
“ရွှေဘိုပေါ်ဆန်းက အရင်ကတည်းက သုံးသောင်းလောက်ကွာတာ၊ ခုက ပိုဆိုးသွားတာပေါ့။ သူတို့ (စစ်ကောင်စီ) ပြောတဲ့ ဈေးနဲ့တော့ ဘယ်ရောင်းပေးနိုင်မှာလဲ၊ ရောင်းတော့ရောင်းပေးတယ် ရှိတာပဲ၊ မရောင်းရင်လည်း ပြဿနာအရှာခံရမှာစိုးလို့“ ဟု သူက ဆိုသည်။
နေပြည်တော်မှ ဆန်ကုန်သည်တစ်ဦးကလည်း ထုတ်ပြန်ထားသည့်စျေးအတိုင်း ရောင်းနေသည်ဟု ဆိုသည်။
“ပစ္စည်းရှိသလောက်တော့ သတ်မှတ်ဈေးနဲ့ ရောင်းပေးတယ်။ မရှိတော့ရင်တော့ ရောင်းတာ ရပ်လိုက်တာပဲ” ဟု သူက ပြောသည်။
လက်လီဆန်ဈေးနှုန်းများကို သတ်မှတ်ဈေးထက် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသာ တင်ရောင်းခွင့်ပြုထားသည်။ ကုန်တိုက်များ၊ ကုန်စုံဆိုင်များတွင်လည်း ဆန်စျေးနှုန်းမှာ သတ်မှတ်ဈေးနှုန်းထက် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအတွင်းသာ ကွာဟရမည်ဟု ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။
စစ်ကောင်စီအရာရှိများ စားသုံးသူအသွင်ယူကာ ဆန်ဝယ်ယူ စစ်ဆေးနိုင်သည်ဟု ဆန်လုပ်ငန်းရှင်များက ပြောသည်။
နိုင်ငံ့အလယ်ပိုင်း မန္တလေးမြို့တွင် ဆန်ဆိုင်ကြီးအများစု ပုံမှန်အတိုင်းဖွင့်ထားကြသော်လည်း အရည်အသွေးညံ့သည့်ဆန်အမျိုးအစားကိုသာ ခင်းကျင်းပြသထားကြသည်ဟု ချမ်းအေးသာစံမြို့နယ်မှ အမျိုးသမီးတစ်ဦးက ဆိုသည်။
“အတော်များများက ဖွင့်ထားပေမယ့် သတ်မှတ်ဈေးရောင်းပေးနိုင်တဲ့ဆန်ကိုပဲ တင်ရောင်းနေကြရတယ်။ ဆန်အကောင်းတွေက မျက်နှာသိ မဟုတ်ရင် ထုတ်မရောင်းရဲကြတော့ဘူး” ဟု သူက ပြောသည်။
ထို့ပြင် စစ်ကောင်စီ၏ ကန့်သတ်ထိန်းချုပ်ထားမှုကြောင့် စျေးကွက်အတွင်း ဆန်အရည်အသွေးလည်း ထိခိုက်နိုင်သည်ဟု ရန်ကုန်မြို့မှ ဆန်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
“ဆန်အရည်သွေးက ထိပ်စဆန်မဟုတ်ဘူး၊ အောက်စ ဆန် (B) အဆင့်ကို သူတို့စျေးနဲ့ ရောင်းပေးလိုက်တာမျိုး၊ ရွှေဘိုတော့ ရွှေဘိုပဲ၊ နောက်ပိုင်းကျရင် ခဲရော၊ ကျောက်ရောတွေ ဖြစ်လာမှာ စိတ်ပူရတယ်” ဟု သူက ပြောပြသည်။
စစ်အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်း၊ ကျပ်တန်ဖိုးဖောင်းပွ၊ ကုန်စျေးနှုန်းကြီးမြင့်လာသည့် ပြဿနာကို ဖြေရှင်းရန် စစ်ကောင်စီက စျေးနှုန်းသတ်မှတ်ပြီး ထိန်းချုပ်ခြင်းနှင့် လုပ်ငန်းရှင်များကို ဖမ်းဆီးအရေးယူခြင်း နည်းလမ်းများကို အသုံးပြုသည်။
စျေးကွက်အတွင်း၌ ကုန်ပစ္စည်းပြတ်လပ်မှုဖြစ်ပေါ်ကာ ပြည်သူလူထုအတွက် နေ့စဉ်အရေးပါသော ဆန်၊ စားအုန်းဆီမှသည် စက်သုံးဆီအထိ တန်းစီးဝယ်ယူကြရသလို စျေးနှုန်းလည်း အဆမတန်မြင့်တက်လျက်ရှိသည်။
စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်အတွင်း၌ အထွေထွေကုန်စျေးနှုန်းသည် အာဏာမသိမ်းမီက စျေးနှုန်းများနှင့် နှိုင်းယှဉ်ပါက အနည်းဆုံး ၃ ဆ ကျော် မြင့်တက်လာသည်။
ဆန်စျေးကွက် ကမောက်ကမဖြစ်နေသော်လည်း စစ်ကောင်စီသည် ယခုဘဏ္ဍာနှစ်အတွက် ပြည်ပသို့ ဆန်တင်ပို့မှုကို တန်ချိန် ၂ သန်း၊ ဒေါ်လာ ၁ ဘီလျံကျော် ရရှိရန် မျှော်မှန်းပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကို ဖိအားပေးနေသည်။