
အာဏာသိမ်းစစ်ကောင်စီ၏ ရတနာပုံခန်းမဖွင့်ပွဲ၌ သွားရောက်ဖျော်ဖြေခဲ့သဖြင့် ပြစ်တင်ရှုတ်ချခံနေရသည့် မန္တလေးမှ နိုင်ငံကျော် မြို့မတူရိယာအသင်းကို ပြန်လည်ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းနေပြီဟု အသင်းသားတချို့က Myanmar Now ကို ပြောသည်။
“အသင်းရဲ့ အမာခံဆိုတဲ့လူတွေ၊ တီးတဲ့လူတွေနဲ့ ပြန်ဖွဲ့စည်းမယ်။ မျက်နှာပြချင်တဲ့လူတွေ၊ ဖျာဝင်ခင်းချင်တဲ့လူတွေကို ဖယ်ထုတ်မယ်။ စနစ်တကျနဲ့ ပြန်ဖွဲ့မယ်”ဟု မြို့မအသင်း၌ ကာလရှည်ကြာပါဝင်ခဲ့သူ ဦးထွေး (အမည်လွှဲ) က ပြောသည်။
မန္တလေး ၃၈လမ်းနှင့် ၇၈ လမ်းထောင့် စစ်တပ်ဝင်းအတွင်းရှိ ရတနာပုံခန်းမဖွင့်ပွဲကို မေ ၁၇ ရက်နေ့က ကျင်းပစဉ် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ပြီး ထိုပွဲတွင် စစ်တပ်ဂုဏ်ပြုတေးများဖြင့် တီးမှုတ်သီဆိုဖျော်ဖြေခဲ့ပြီးနောက်တွင် မြို့မ၏ ပွဲလက်ခံမှုနှင့်ပတ်သက်၍ အသင်းသားများအကြား အငြင်းပွားစရာဖြစ်နေကြသည်။
“အခုက စရန်ငွေလည်း မပေးဘဲနဲ့ ဒီတိုင်း ကောက်ခေါ်ပြီး နာရီဝက် ၄၅ မိနစ်လောက် ခေါ်တီးခိုင်းတာ။ မြို့လူထုကတော့ ငွေငန်းကို နငယ်အသတ်နဲ့ မငန်းဘူး။ မ,အသတ် နဲ့ ငွေငမ်းဆိုပြီး ရေးကြတယ်။ ပြောမယ်ဆိုရင်တော့ ငွေနောက်ကို တကောက်ကောက်လိုက်တယ်ဆိုပြီး မြို့မငွေငန်းအနေနဲ့ နှစ်တစ်ရာနီးပါး တည်ဆောက်ထားတဲ့ ပုံရိပ် ပျက်ပြယ်တာပေါ့လေ” ဟု ဦးထွေးက ဆိုသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီကို အင်အားအလုံးအရင်းဖြင့် နေ့စဉ်ဆန့်ကျင်နေသည့် မန္တလေးမြို့သူမြို့သားများကလည်း မြို့မ၏ လုပ်ရပ်ကို နားလည်လက်ခံနိုင်ခြင်းမရှိ ရှုတ်ချကြောင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ပလူပျံအောင် ရေးသားကြပြီးဖြစ်သည်။
အာဏာသိမ်းမှုဆန့်ကျင်သူအများအပြားကို ပစ်သတ်၊ ဖမ်းဆီး၊ ရန်ပြုမှုများအတွက် တာဝန်ရှိသော စစ်ကောင်စီကို မြို့မအသင်းက သွားရောက် ပူးပေါင်းဆောင်ရွက်သဖြင့် မန္တလေးကို ချစ်သူတို့ အသည်းကွဲရသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် စာရေးဆရာတစ်ဦးက ပြောသည်။
“မြို့မ ဘာလုပ်လုပ် တလျှောက်လုံး မြို့မအပေါ်မှာ မေတ္တာနဲ့ နေခဲ့ကြတဲ့ မန္တလေးမြို့ခံတွေအနေနဲ့ကတော့ အကုန်လုံး ဝမ်းနည်းပက်လက်ပေါ့ဗျာ။ နှလုံးစိတ်ဝမ်း ကွဲကြေတာပေါ့။ ဘယ်လိုအကြောင်းပြချက်နဲ့ လက်မခံနိုင်တဲ့ကိစ္စကြီး ဖြစ်သွားတာ။ ပြည်သူတွေဘက်ကမနေဘဲ စစ်တပ်ဘက်က နေလိုက်တာ တစ်ခုတည်းနဲ့ ဂန္ဓဝင်ပုံရိပ်တစ်ခုဟာ ပျက်စီးကြေမွသွားတာပေါ့ဗျာ”ဟု မန္တလေးမြို့အခြေစိုက် နာမည်ကျော် စာရေးဆရာတစ်ဦးက ပြောသည်။
အတာသင်္ကြန်၏ သင်္ကတပုံရိပ်အဖြစ် သတ်မှတ်ခံထားရသည့် မြို့မကို စစ်ကောင်စီက စစ်တပ်အာဏာသိမ်းစ နှစ်လကျော်ကြာ ဧပြီတွင်ကျရောက်သည့် ၂၀၂၁ မြန်မာ့နှစ်သစ်ကူးတွင် တီးခတ်ဖျော်ဖြေရန် ကမ်းလှမ်းဖူးသော်လည်း ထိုစဉ်က ငြင်းပယ်နိုင်ခဲ့သည့်အတွက် အသင်းသားအချို့က ယခုတိုင် ဂုဏ်ယူနေဆဲဖြစ်သည်။
သို့သော် နောက်တစ်လအကြာတွင် ဂုဏ်သိက္ခာကြီးမားလှသော မြို့မတူရိယာအသင်းကြီးမှာ အာဏာသိမ်းစစ်ကောင်စီ၏ ခန်းမဖွင့်ပွဲ၌ ပါဝင်ဖျော်ဖြေခဲ့ရလေသည်။
မြို့မအသင်း လာရောက်ဖျော်ဖြေပေးနိုင်လျှင် ကောင်းမည်ဟု ဆန္ဒပြုခဲ့သလို တကယ်ဖြစ်လာသည့်အတွက် ဝမ်းမြောက်ကြောင်းပင် အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင်က ခန်းမဖွင့်ပွဲ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။
လူအများ၏ ပြစ်တင်ရှုတ်ချခြင်းခံခဲ့ရသည့် ထိုခန်းမဖွင့်ပွဲပြီးချိန်တွင် အသင်းရှိ အလိုတော်ရိများကို ဖယ်ရှားရေး နည်းလမ်းရှာရန် အသင်းသားများက စတင်ဆုံးဖြတ်လုပ်ကိုင်လာကြခြင်းဖြစ်သည်။
ကံကောင်းသည်မှာ ရတနာပုံခန်းမဖွင့်ပွဲသို့ သွားရောက်ရာတွင် မြို့မအသင်း၏ ငယ်မွေးခြံပေါက် အဆိုတော်များ၊ အတီးသမားများ အစုံအလင် မပါဝင်ခဲ့ခြင်းပင်ဖြစ်ကြောင်း အသင်းသားအချို့က ပြောသည်။ စစ်ကောင်စီဥက္ကဋ္ဌကို မြို့မ အမှတ်တံဆိပ်ဖြင့် သွားရောက်ဖျော်ဖြေခဲ့သူများထဲတွင် အသင်း၏ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ဆွေသာ အဓိကပါဝင်ပြီး တီးမှုတ်သီဆိုသူအများစုမှာ ယဉ်ကျေးမှုတက္ကသိုလ်ကျောင်းဆင်းများသာဖြစ်ကြောင်း ၎င်းတို့က အတည်ပြုသည်။
စစ်ကောင်စီက ဖိတ်ကြားသည့်ပွဲကို လက်သင့်ခံခဲ့သည့် မြို့မအသင်းသားတစ်ဦးကမူ ပွဲလက်ခံရခြင်းမှာ ငွေကြောင့်မဟုတ်ဘဲ အသင်းပိတ်သိမ်းခံရမည်ဆိုသော ဖိအားပေးမှုကြောင့်ဖြစ်သည်ဟု ဖျော်ဖြေပွဲမတိုင်မီ ရက်ပိုင်းအလိုတွင် ဧရာဝတီသတင်းဌာနကို ဖြေကြားထားဖူးသည်။
ထိုဆင်ခြေမှာ လက်ခံနိုင်စရာမရှိသည့် အကြောင်းပြချက်သာဖြစ်သည်ဟု အသင်းသားအချို့က ပြောသည်။
မြို့မအသင်းသား ဂီတပညာရှင် ဦးမျိုး(အမည်လွှဲ)ကမူ “ဒီအသင်းတိုက်ကြီးကို ပိတ်မယ် မင်းတို့ ဘာဖြစ်မယ် ညာဖြစ်မယ် ဆိုတာတွေက တစ်ဖက်ကလာပြီးတော့မှ ဗိုလ်မှူးကြီးတွေက ငှားတယ်ဆိုရင်လည်း ကျွန်တော်တို့ မသိနိုင်ဘူးဗျ။ လူရင်းတွေပဲ သိတာ ဒီကိစ္စတွေက။ အသင်းသားတွေအပေါ်မှာ ပြန်ပြောပြလို့ ကောင်းအောင်လို့ ဒါကို လှည့်သွားပြီးသုံးတာ” ဟု တုံ့ပြန်သည်။
ထို့အတူ စစ်ကောင်စီ၏ ခန်းမဖွင့်ပွဲတွင် တီးခတ်မည်ဟူသော ဆုံးဖြတ်ချက်မှာ မြို့မအသင်းအမှုဆောင်အဖွဲ့ မျက်နှာစုံညီအစည်းအဝေးဖြင့် ဆုံးဖြတ်ခဲ့ခြင်းမဟုတ်ဟု အခိုင်အမာအတည်ပြုကြသည့် အသင်းသားအချို့လည်း ရှိသည်။
ပွဲလက်ခံတာ ဘယ်သူတွေလဲ
မန္တလေးမြို့ခံ နာမည်ကျော် စာပေအနုပညာရှင်တစ်ဦးက “ပြောရရင် မြို့မအသင်းကလည်း အာဏာသိမ်းခံထားရတာပေါ့ဗျာ။ ဒါကို အသင်းသားတွေကလည်း ပြန်ပြီးတော့ မတွန်းလှန်နိုင်သေးဘူး။ လက်ရှိအမှုဆောင်အဖွဲ့သည် ဂီတသမားစစ်စစ်မဟုတ်သော၊ မြို့မ ငယ်မွေးခြံပေါက်မဟုတ်သော အမှုဆောင်အဖွဲ့ဖြစ်နေတဲ့အခါမှာ ဖွဲ့စည်းပုံအတိုင်း ဆောင်ရွက်ရမယ့်ကိစ္စတွေအစား နိုင်ငံရေးကိစ္စတွေ၊ ကိုယ်ကျိုးစီးပွားတွေ ပါကုန်တာ”ဟု ဝေဖန်သည်။
စစ်ကောင်စီ၏ ခန်းမဖွင့်ပွဲ၌ ဖျော်ဖြေရန် စစ်ကောင်စီနှင့် နီးစပ်သူ မြို့မအသင်းအလုပ်အမှုဆောင် (EC) သုံးဦးကသာ အဓိကစီစဉ်ခဲ့ခြင်းဖြစ်ပြီး နာယကများ၏ သဘောထားကိုပင် ခံယူခဲ့ခြင်းမရှိကြောင်း အသင်းသားတချို့ထံမှ သိရသည်။
“ဒီလိုပွဲမျိုးက နိုင်ငံတော်နဲ့ချီတဲ့ကိစ္စ။ ဒီလိုကိစ္စမျိုးက EC တွေ စုံရမယ့်အပြင် နာယကတွေပါ စုံမှ ဆုံးဖြတ်ရမှာ။ အခုက EC သုံးယောက်တည်းနဲ့ လုပ်သွားတာ”ဟု ဝါရင့်အသင်းသားတစ်ဦးက ပြောသည်။
လက်ရှိမြို့မအသင်းတွင် နာယက ၁၀ ဦး၊ အမှုဆောင်အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းထားပြီး ဥက္ကဋ္ဌမှာ ဒေါက်တာလှခိုင်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
နာယကအဖွဲ့ဝင်များမှာ မြို့မဆရာပေါကဲ့သို့ မြို့မအသင်းသားဝါရင့်ဂီတပညာရှင်များပါဝင်ပြီး ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်မှာမူ စီးပွားရေးလုပ်ငန်းရှင်များနှင့် ၎င်းတို့ လက်သင့်ရာခန့်ထားသူများဖြစ်နေပြီဟု အသင်းသားအချို့က ညည်းတွားသည်။
ယခုအငြင်းအခုံဖြစ်ရသည့် ရတနာပုံခန်းမဖွင့်ပွဲမတိုင်ခင် ၁၀ ရက်ခန့်အလိုတွင် စစ်ကောင်စီပွဲ၌ တီးခတ်ရန် ဥက္ကဋ္ဌ ဒေါက်တာလှခိုင်၊ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ဆွေ (ဂလက်ဇီ)နှင့် အမှုဆောင်အဖွဲ့ဝင် ဦးမြင့်စိုးရွှေ၊ အသင်းသားဟောင်း ဦးသန်းမြတ်စိုးတို့က သီးသန့်အစည်းအဝေးဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အသင်းသားအချို့က ပြောသည်။
ယင်းသို့ အစည်းအဝေးကျင်းပရာတွင် နာယကအဖွဲ့ဝင်များကို အကြောင်းကြားခြင်းမရှိခဲ့သည့်အပြင် ရုံး၌ ရှိနေသည့် ဩဇာညောင်းသော နာယကတစ်ဦးကိုပင် ပါဝင်ဆွေးနွေးစေခြင်းမရှိကြောင်း ဦးမျိုးက ဆိုသည်။
“နာယကကြီးက ရိုက်ကူးရေးတစ်ခုရှိလို့ ရုံးမှာရှိနေတာ။ အဲဒီအချိန်မှာ အစည်းအဝေးလုပ်သွားတာ။ ဆရာကြီးရှိရဲ့သားနဲ့ ဆရာကြီးကို မခေါ်ဘူး။ အစည်းအဝေးပြီးမှ ဆရာကြီးကို ဒီပွဲကို လက်ခံလိုက်ပြီလို့ ပြောလိုက်တာ။ မင်းတို့ ဆုံးဖြတ်ပြီးမှ ငါ့ကို လာပြောမနေနဲ့ဆိုပြီး ဆရာကြီးက စိတ်ဆိုးပြီးထွက်သွားတာ”ဟု ၎င်းက ပြောသည်။
(အဆိုပါနာယကသည် လူကြိုက်များသည့် ဂီတစာဆိုတစ်ဦးဖြစ်ပြီး ၎င်း၏ လုံခြုံရေးအရ နာမည်ထည့်မသုံးရန် အသင်းသားများက တောင်းဆိုထားသည်။)
စစ်ကောင်စီ၏ပွဲကို လက်ခံကာ မြို့မကို ကိုယ်စားပြု၍ သီဆိုဖျော်ဖြေခဲ့သူများနှင့်မူ အဆက်အသွယ်မရသေးပေ။
လက်ရှိမြို့မအသင်း၌ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဒေါက်တာလှခိုင်မှာ ၂၀၀၁ မတိုင်ခင်တည်းက တာဝန်ယူထားသူ ဆရာဝန်တစ်ဦးဖြစ်ပြီး စစ်ဗိုလ်ချုပ်ဟောင်းများဦးဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ အာဏာရချိန် ဦးသိန်းစိန်အစိုးရလက်ထက်တွင် မန္တလေးတိုင်းအစိုးရထောက်ပံ့မှုဖြင့် မြို့မအဆိုပြိုင်ပွဲ၊ ဘောလုံးပွဲများကျင်းပရာ၌ ကြီးမှူးစီစဉ်ခဲ့သူဖြစ်ကြောင်း မြို့မအသင်းသားအချို့၏ ပြောပြချက်အရ သိရသည်။
ထို့အတူ ဒုဥက္ကဋ္ဌ ဦးခင်မောင်ဆွေသည်လည်း တူရိယာတီးမှုတ်တတ်သူပင်မဟုတ်ဘဲ ဒေါက်တာလှခိုင်နှင့် ခင်မင်မှုကို အကြောင်းပြု၍ ၂၀၁၉၌ အသင်းတွင် ရာထူးခန့်အပ်ခံရသူဖြစ်ကာ၊ စစ်ကောင်စီက ခန့်အပ်ထားသည့် မန္တလေး မြို့တော်ဝန် ဦးမောင်ကိုနှင့် အကျိုးတူစီးပွားဖက်တစ်ဦးဖြစ်ကြောင်း အသင်းသားအချို့က ဆိုသည်။
စစ်ကောင်စီ၏ပွဲကို ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့က ၎င်းတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လက်ခံခဲ့ပြီးနောက် လိုက်ပါတီးခတ်သူများကို ငွေကျပ်ငါးသောင်းပေးမည်ဟု မက်လုံးပေးကမ်းလှမ်းခဲ့သော်လည်း အပြည့်အဝမအောင်မြင်ခဲ့ဟု ဦးမျိုးကပြောသည်။ စစ်ကောင်စီပွဲ၌ မြို့မအသင်းသားအရေအတွက် မည်မျှပါဝင်တီးခတ်ခဲ့သည်ကိုမူ အတိအကျအတည်ပြုနိုင်ခြင်း မရှိသေးပေ။
“အသင်းတိုက်မှာ နေတဲ့ ကလေးတွေ ကျောင်းအိပ်ကျောင်းစားလို နေကြတာပေါ့။ တချို့ဆိုရင် ဒီတစ်ခေါက်မှာ ရအောင် ရှောင်ထွက်သွားတယ်”ဟု ဦးမျိုးက ပြောသည်။

သမိုင်းထဲက “ငွေငန်း”မြို့မ
၂၀၂၅ တွင် သက်တမ်းတစ်ရာပြည့်မြောက်မည့် မန္တလေးမြို့ဂုဏ်ဆောင် မြို့မတူရိယာအသင်းကို ၁၉၂၅ တွင် မြို့မငြိမ်း (ခ) မောင်ကျော်ညိန်းဦးဆောင်၍ ဦးဘသက်၊ ဓားတန်းကိုသန့်၊ ကိုဘအုန်း၊ ကိုဘငွေ၊ ကိုလှဒင်၊ ကိုမြသိန်း တို့က စတင်ထူထောင်ခဲ့ခြင်းဖြစ်သည်။
အပျော်တမ်းအရပ်တီးဝိုင်းအဆင့်ဖြင့်စခဲ့ရာမှ ၁၉၂၈ တွင် မြန်မာသီချင်းကြီးများကို ဂီတသင်္ကေတကို အသုံးပြုကာ ခေတ်မီ အနောက်တိုင်းတူရိယာပစ္စည်းများဖြင့် တီးမှုတ်ဖျော်ဖြေနိုင်ရေး ရည်ရွယ်ပြင်ဆင်ခဲ့ပြီး မြို့မအသင်း၏ ဖွဲ့စည်းပုံကိုလည်း အကျအနရေးဆွဲချမှတ်ခဲ့သည်။
အမှုဆောင်အဖွဲ့ကို မန္တလေးမြို့မိမြို့ဖတို့၏ ရှေ့မှောက်တွင် ရွေးကောက်ပွဲကျင်းပ၍ ရွေးချယ်ရန် မူဝါဒချမှတ်ခဲ့သလို အသင်း၏ ဖွဲ့စည်းပုံကိုလည်း ၁၉၂၈ မှ ၁၉၉၆ အထိ ခေတ်နှင့်အညီ ပြင်ဆင်ဆောင်ရွက်ခဲ့ကြသည်။
စာရေးဆရာမကြီး လူထုဒေါ်အမာကိုယ်တိုင်ပင်လျှင် “မန္တလေး မတိုင်ခင်က…မန္တလေး၊ ကျွန်မတို့ ငယ်ငယ်တုန်းက မန္တလေး၊ ကျွန်မတို့ မန္တလေး” စာအုပ်ထဲ၌ မြို့မအကြောင်း တခုတ်တရ ရေးသားမှတ်တမ်းတင်ထားဖူးသည်။
“မြို့မဟာ ထီးချက်စောင့် နတ်သမီးတွေလို ပုဂ္ဂိုလ်တွေ မရှိတော့ပေမဲ့ မန္တလေးရဲ့ အလှကို ဂီတနဲ့ တစ်ဖက်တစ်လမ်းက လုံးပန်းနေတဲ့ မြို့မကတော့ ရှေးမူမပျက် စေတနာမပျက် ဆက်လက်လို့ မန္တလေးကတော့ ရှန်သန်စေချင်တာ အမှန်ပဲဖြစ်လိမ့်မယ်” ဟု ဒေါ်အမာက ရေးသားခဲ့သည်။
နာမည်ကျော် သင်္ကြန်မိုးရုပ်ရှင်တွင် မြို့မအသင်း၏ပုံရိပ်ကို ထည့်သွင်း ရိုက်ကူးခဲ့သည်။ နှစ်သစ်ကူးချိန်တိုင်း ရုပ်သံတွင် ပြန်လည်ထုတ်လွှင့်လေ့ရှိသည့် သင်္ကြန်မိုးသည် မြန်မာနိုင်ငံ၏ လူသိအများဆုံး၊ လူကြိုက်အများဆုံး ထိပ်တန်းရုပ်ရှင်ကားတစ်ကား ဖြစ်လာသည်။ ထင်ရှားသည့် သင်္ကြန်သီချင်းအများအပြားတွင်လည်း အသင်းအမည်ကို ထည့်သွင်းစပ်ဆိုထားရာ မြို့မသည် အနယ်နယ်အရပ်ရပ်မှ ပြည်သူတို့နှင့် ရင်းနှီးပြီးသားဖြစ်နေသည်။

“ငွေငမ်း”မြို့မ ဝေဖန်ချက်
လက်ရှိမြို့မအသင်းသည် အသင်းသားစစ်စစ်၊ ဂီတသမားစစ်စစ်ဖြစ်ရမည်ဆိုသည့် မူလချမှတ်ထားသည့် စည်းကမ်းချက်များကို သွေဖည်နေပြီဟု မြို့မိမြို့ဖ၊ နာမည်ကျော်အနုပညာရှင်နှင့် စာပေပညာရှင်များအကြား ဝေဖန်နေကြသည်။
မန္တလေးမြို့ခံ စာပေအနုပညာရှင်တစ်ဦးက မြို့မသည် လွန်ခဲ့သော ၁၀နှစ်ခန့်မှစ၍ အသင်း၏ ရည်မှန်းချက်နှင့် မဆီလျော်သည့် လုပ်ဆောင်မှုအချို့ရှိလာသည်ဟု သုံးသပ်သည်။
အဓိကပြဿနာမှာ ဂီတနှင့် ဝေးသော စီးပွားရေးသမားများက အသင်းနှင့်ပတ်သက်၍ အဓိကဆုံးဖြတ်ချက်များ ချမှတ်သော အမှုဆောင်အဖွဲ့တွင် ပါဝင်လာနေခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ထို့အတူ သုံးနှစ်တစ်ကြိမ် အသင်းသားစုံညီဖြင့် မြို့မိမြို့ဖတို့ရှေ့မှောက်၌ ကျင်းပရမည့် ရွေးကောက်ပွဲများအစား ၂၀၁၀ ပြည့်နှစ်မှစ၍ လက်သင့်ရာ ဆွဲခန့်တာဝန်ပေးသည့် ပုံစံဖြစ်လာသည်ဟု အထက်ပါ စာပေအနုပညာရှင်က ဝေဖန်သည်။
“ဂီတကို နကန်းတစ်လုံးမှမသိတဲ့ လုပ်ငန်းရှင်တွေပါတယ်။ ကာရာအိုကေမှာ ပြည်တော်ဝင်သီချင်းလောက်၊ နဂါးနီသီချင်းလောက် ဆိုတတ်ရင် အမှုဆောင်ဖြစ်လာတာ။ ဂီတသမားစစ်စစ်က တစ်ဝက်လောက်တောင် မပါဘူး”ဟု ၎င်းက ပြောသည်။
ယင်းအပြင် မြို့မအသင်း၏ မူလရည်ရွယ်ချက်၌ အလှူ၊ မင်္ဂလာဆောင်၊ ဘုရားပွဲများနှင့် လူထုအကျိုးပြုလုပ်ငန်းများအတွက်သာ တီးမှုတ်ဖျော်ဖြေရမည်ဟု ပါဝင်သော်လည်း နောက်ပိုင်းတွင် စီးပွားရေးလုပ်ငန်းကြော်ငြာနှင့် ပွဲလမ်းသဘင်များကိုပါ လက်ခံဖျော်ဖြေသည်အထိ ဖြစ်လာသည်ဟု ဝေဖန်သူတို့က ဆိုသည်။
မြို့မ၏ မူလစည်းကမ်းချက်များ၌ မပါဝင်သော ဖျော်ဖြေပွဲလက်ခံလိုလျှင် အမှုဆောင်အဖွဲ့အစည်းအဝေးဖြင့် ဆုံးဖြတ်ရမည်ဟု အသင်း၏ ဖွဲ့စည်းပုံတွင် ရေးထားသော်လည်း မလိုက်နာသည့်အတွက် လတ်တလော ဝေဖန်ခံနေရသည့် ရတနာပုံခန်းမဖွင့်ပွဲကဲ့သို့ ပြဿနာများရင်ဆိုင်နေရသည်ဟု ထောက်ပြနေကြသည်။
“ဖဆပလ၊ မဆလ ခေတ်တို့တုန်းကလည်း မရှိဘူး။ တလျှောက်လုံးက လူမှုရေးကိစ္စတွေကိုပဲလုပ်ခဲ့တာ။ ရေဘေး၊ လေဘေး၊ ငလျင်ဘေးတွေကြုံပြီဆိုရင် အသင်းက ထွက်အလှူခံတယ်။ ပြန်လှူတယ်။ လုပ်ငန်းတစ်ခုတံဆိပ်ကို ကြော်ငြာတာမျိုးကို ဘယ်တုန်းကမှ မလုပ်ခဲ့ဘူး။ ဒီနောက်ပိုင်းကျမှ ရွှေဆိုင်ကြော်ငြာကိုလည်း ငန်းရုပ်ကြီးနဲ့ ထွက်ကြော်ငြာနေတာတွေ လုပ်တယ်။ ကုမ္ပဏီတံဆိပ်ကိုလည်း ငန်းရုပ်ကြီးနဲ့”ဟု မြို့မအသင်းနှင့် နီးစပ်သည့် စာရေးဆရာတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ အခမ်းအနား၌ ဖျော်ဖြေခဲ့ပြီးနောက် ပြည်သူ့ထံမှ ဝေဖန်မှုများစွာရရှိနေခြင်းကို ယိုယွင်းနေသည့် မြို့မကို ပြန်လည်ပြုပြင်ရန် အကောင်းဆုံးတွန်းအားအဖြစ် အသုံးချသင့်ကြောင်း တချို့က အကြံပြုသည်။
မြို့မပြုပြင်ပြောင်းလဲရေးတွင် ကနဦးလုပ်ဆောင်ရမည့်ကိစ္စမှာ အာဏာသိမ်းစစ်တပ်ဘက်ယိမ်းသူများကို ဖယ်ထုတ်ရန်ပင်ဖြစ်ကြောင်း ဦးမျိုးကပြောသည်။
ဒုတိယကမ္ဘာစစ်ပြီးခါစက ပြန်လည်ထူထောင်ရန် ပြည်တော်ဝင်သီချင်းနှင့်အတူ မန္တလေးမြို့ကို ပြန်ဝင်ခဲ့သည့် မြို့မ၏ အစဉ်အလာအတိုင်း စစ်အာဏာရှင်လက်မှ ရုန်းထွက်နိုင်သည်နှင့်တစ်ပြိုင်နက် လုပ်ဆောင်ရန် မြိုမိမြို့ဖနှင့် မြို့မအသင်းသားအချို့က အားခဲထားကြသည်။
“ပြည်သူ့လက်ထက် အာဏာပြန်ရရင် ပြည်တော်ဝင်သီချင်းနဲ့ မြို့မကို ပြန်ထွက်မယ်”ဟု ဦးထွေးက ပြောသည်။
သို့သော် စစ်အာဏာရှင်၏ အလိုတော်ရိများကို မဖယ်ရှားနိုင်မချင်း မြို့မ၏ ဂုဏ်သရေ မှေးမှိန်နေဦးမည်ကိုတော့ သူတို့သိထားကြပါသည်။
“ဒါမှမဟုတ်ဘူးဆိုရင်တော့ ပြည်သူပေးတဲ့ အပြစ်ကိုပဲ ခံ။ ပွဲမငှားရင်လည်း မလိုက်နဲ့”ဟု ဦးမျိုးက ပြောသည်။
လူထုဒေါ်အမာကမူ သူ၏ မန္တလေး မတိုင်ခင်က…မန္တလေး၊ ကျွန်မတို့ ငယ်ငယ်တုန်းက မန္တလေး၊ ကျွန်မတို့ မန္တလေး စာအုပ်တွင် “ဘယ်အဖြစ်ကမဆို မြို့မဟာ ကုန်းရုန်းထနိုင်ပါစေ။ မြို့သက်နဲ့အတူ ရှည်လျားပါစေ”ဟု ဆုတောင်းရေးသားထားသည်။