သတင်း

မိုးမောက်မြို့မှာ စစ်ပြေးဒုက္ခသည် ထောင်ချီ ရှိနေ

ကချင်ပြည်နယ်တွင် အရှိန်အဟုန်မြင့်နေသော တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဒုက္ခသည်များ ထောင်ချီ၍ မိုးမောက်တွင် ရောက်ရှိနေပြီး ကျန်းမာရေး၊ စားဝတ်နေရေးအတွက် အခက်အခဲများစွာ ကြုံနေရသည်ဟု ဒုက္ခသည်စခန်းရောက်ရှိနေသူတစ်ဦးက ဆိုသည်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို မြစ်ကြီးနားမြို့ပေါ်တွင်လည်း ဆန့်ကျင်ကန့်ကွက်ကြရာ စစ်ကောင်စီတပ်များက ဆန္ဒပြသူ ၂ဦးကို မတ်လတွင် ပစ်သတ်ပြီးနောက် ဒေသတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာရာ မကြာသေးမီရက်များအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် မိုးမောက်မြို့ရှိ ၇၇ ခြေမြန်တပ်မအကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့သည်။

ထို့ကြောင့် ဧပြီလဆန်းမှစ၍ နေရပ်စွန့်ခွာတိမ်းရှောင်ရသူများအတွက် စခန်းအသစ် ၄ ခုကို မိုးမောက်မြို့ရှိ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းဝင်းများတွင် အရေးပေါ်တည်ဆောက်ထားရသည်ဟု ဆိုသည်။ 

“အခု ဒီတစ်ခေါက် မိုးမောက်မြို့ကို ရောက်တာ IDP….. စုစုပေါင်း ၃၀၀၀ ကျော်သွားပြီ သိသလောက်က။ မြေကြီးပေါ်မှာပဲ ခင်းပြီးထားရသေးတယ်။ ဝါးတွေဘာတွေ ဝယ်ဖို့ကျတော့လည်း အမျိုးသားတွေက ဟိုဘက်ကိုသွားဆိုတော့ လူမရှိတော့ မြန်မြန်ဆောက်လို့ မရဘူး။ အခု အဲလိုပဲ တာလပတ်ထိုးပြီး မြေကြီးပေါ်မှာပဲ ချထားရတယ်။ မိုးရောက်လို့ရှိရင်တော့ ဒီလို အိပ်လို့ မသင့်တော်တော့ဘူး။ ဗွက်တွေ တအားထလာမှာ။ အခုတောင် မိုးက တော်တော်ရွာနေပြီ” ဟု အမည်မဖော်လိုသူတစ်ဦးက Myanmar Now ကိုပြောသည်။ 

တိုက်ပွဲအတွင်း လက်နက်ကြီးများဖြစ် ပစ်ခတ်၍ နေအိမ်တွင် မနေနိုင်ကြတော့ကြောင်း၊ ထွက်ပြေးလာသူများထဲတွင် ယခင် စစ်ဒဏ်မခံရသောရွာများမှ ပါဝင်ကြောင်း သိရသည်။

“အရင်က (မြန်မာစစ်တပ်က) အမြောက်ကြီးတွေ မပစ်ဘူးလေ” ဟု ၂၀၁၁ တွင် စစ်ပြေးအတွေ့အကြုံရှိသော ထိုသူကပြောသည်။ 

“အခုတော့ အဲဒီလိုမဟုတ်ဘူး။ လက်နက်ကြီးနဲ့ ချတာ။ အိမ်တွေလည်း လောင်တယ်၊ လူတွေလည်း ထိတယ်။ ကျွဲတွေ ဝက်တွေ နွားတွေလည်း အကုန်ထိတယ်” 

ထို့အပြင် ရွာတွင် ဆန်စပါး၊ သီးနှံပြန်ယူ၍ မရသဖြင့် အနာဂတ်စားဝတ်နေရေး အထူးစိုးရိမ်စရာရှိသည်ဟု ဆိုသည်။ 

“အရင်တုန်းက စစ်ပြေးဆို ဒီနားကလူတွေက လယ်လုပ်တာဆိုတော့ ဆန်ပေးလိုက်၊ ဘာပေးလိုက်နဲ့ (မြို့ခံတွေအတွက်) သိပ်ပြီးတော့ burden (ဝန်ထုပ်ဝန်ပိုး) မဖြစ်ဘူး။ အခုကျတော့ ပစ္စည်းလည်း သယ်လို့မရဘူး။ စစ်အစိုးရကရော၊ ဟိုဘက်ကရော ကိုယ့်လယ်ကလေးကို သွားကြည့်မယ်၊ သွားယူမယ်ဆို မသွားရဘူး။ ပစ်မယ်လို့ ခြိမ်းခြောက်ထားတယ်။ တချို့ရွာတွေဆို ဆန်စပါး ပေါတဲ့နေရာ။ သွားမကောက်ခိုင်းဘူး။ ကောက်ရင် ပစ်သတ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်” 

“လူ့အခွင့်အရေးအဖွဲ့တွေရော၊ မိုင်းရှာတဲ့သူတွေရော၊ ပြီးတော့ ICRC ဆိုလား အဖွဲ့တွေရော ဒီမှာ ဘာမှ မရှိဘူး။ ကူမယ့်သူကိုမရှိဘူး” 

ဝမ်းရေးခက်ခဲသောကြောင့် လွန်ခဲ့သော စနေနေ့  (မေ ၁၅) က ဒုက္ခသည်အချို့ မှိုသွားရှာရာ အမျိုးသားတစ်ဦး ဗုံးထိကာ ခြေထောက်ပြတ်သွားသည်ဟု သူက ဆက်ပြောသည်။ 

ပြည်တွင်း၊ ပြည်ပ ကူညီကယ်ဆယ်ရေးအဖွဲ့များ လှုပ်ရှားမှုမရှိသည့် မိုးမောက်တွင် ဒုက္ခသည်တို့သည် ရပ်ဝေးအလှူရှင်တချို့ကိုသာ အားထားနေရကြောင်း၊ နေ့စဉ် ပစ်ခတ်မှု၊ ဗုံးပေါက်ကွဲမှုများ ရှိသောကြောင့် ထိတ်လန့်နေရကြောင်း သူက ပြောသည်။

ဆရာဝန် ဆရာမ အများအပြားကလည်း CDM လုပ်နေသည့်အတွက် ခြိမ်းခြောက်ခံရသောကြောင့် ပုန်းနေရသဖြင့် ဒေသခံတို့၏ ကျန်းမာရေးအတွက်လည်း ပူပန်ရသည်ဟု ဆိုသည်။  

“ဟိုတစ်နေ့ ကလေးမွေးမယ့် မိန်းမက သွေးထွက်နေတာတောင် ယောက်ျားကလည်း ဗန်းမော်ဆေးရုံ ခေါ်မသွားရဲဘူး။ သူတို့တွေက အဖမ်းခံထိမှာ ကြောက်တယ်။ ထိုင်စောင့်ရင်း မွေးမယ့်ရက် ၁၀ ရက်ကျော်သွားတယ်။ လူတွေလည်း စိတ်ဒဏ်ရာတွေရပြီ။ စစ်အစိုးရကို တော်တော်ကြောက်နေရတယ်။ စစ်က ဘယ်လောက်ကြာမယ်မှန်းလည်း မသိဘူး။ ကတုတ်ကျင်းတွေကတော့ အိမ်တိုင်းလိုလို အကြီးကြီးတွေ တူးထားတာ” 

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ လေကြောင်းမှ တိုက်ခိုက်မှုတို့ကလည်း နေရပ်စွန့်ခွာထွက်ပြေးနေရသူများ၊ စစ်ရေးပစ်မှတ်အနီးရှိ အရပ်သားများအတွက် စိုးရိမ်စရာဖြစ်သည်။

စစ်ကောင်စီက အရပ်သားများ ဘေးလွတ်ရာ တိမ်းရှောင်ကြရသည့် ဖြစ်ရပ်မျိုးကို သတင်းအမှောင်ချထားလေ့ရှိသည်။

ယနေ့ထုတ် စစ်ကောင်စီသတင်းစာတွင် KIA တပ်ဖွဲ့ဝင်များက မြစ်ကြီးနား၊ ကွတ်ခိုင်တို့တွင် မော်တော်ယာဉ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ရေးသားထားသည်။

Show More

Related Articles

Back to top button