သတင်း

စစ်ကောင်စီနှင့် မိသားစုဝင်များကို အမေရိကန်က ထပ်မံအရေးယူ

​အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများ၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစအ) နှင့် ပတ်သက်ဆက်နွှယ်နေသော လူပုဂ္ဂိုလ် ၁၆ ဦးကို ထပ်မံအရေးယူပိတ်ပင်လိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံးက ယမန်နေ့ (မေ ၁၇) တွင် ထုတ်ပြန်ကြေညာသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အရေးယူပိတ်ပင်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည့် အမေရိကန်က အာဏာသိမ်းစစ်ကောင်စီကို တိုက်ရိုက်အရေးယူလိုက်ခြင်းဖြစ်သည့်နည်းတူ ပတ်သက်ဆက်နွှယ်နေသူများနှင့် မိသားစုဝင်များကိုပါ ထပ်မံအရေးယူလိုက်ခြင်းဖြစ်သည်။

“မြန်မာစစ်တပ်က ပြည်သူတွေကို ဖိနှိပ်နေဆဲဖြစ်သလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ကျူးလွန်နေဆဲဖြစ်ပါတယ်။ ဒီအရေးယူပိတ်ပင်မှုက စစ်အာဏာသိမ်းမှုနှင့် ဖြစ်ပွားနေဆဲ အကြမ်းဖက်မှုတွေအတွက် တာဝန်ရှိမှုကို ထင်ရှားစေဖို့ စစ်တပ်ကို ဆက်လက်ဖိအားပေးနိုင်ဖို့ဖြစ်ပါတယ်” ဟု နိုင်ငံရပ်ခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး ဒါရိုက်တာဖြစ်သူ အန်ဒရီရာဂတ်စ်ကီက ပြောသည်။ 

အမေရိကန်၏ အရေးယူပိတ်ပင်ခြင်းခံရသည့် လူပုဂ္ဂိုလ်များတွင် စစ်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဖဒိုမန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးစိုင်းလုံးဆိုင်၊ ဦးခင်မောင်ဆွေတို့လည်း ပါဝင်သည်။

ထို့ပြင် အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ထားသည့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနော်၊ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းငြိမ်း၊ စီးပွားကူးသန်းဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဦးဝင်းရှိန်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးခင်မောင်ရီတို့ ပါဝင်သည်။

စစ်ကောင်စီအဖွဲ့ဝင် လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၏ သားများဖြစ်ကြသည့် ဟိန်းထက်နှင့် ကောင်းထက်၊ စစ်ကောင်စီအဖွဲ့ဝင် ရေတပ်ကာကွယ်ရေးဦးစီးချုပ်ဟောင်း၊ စစ်ကောင်စီက ခန့်အပ်ထားသည့် လက်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၏ သမီးဖြစ်သူ ယင်မင်းသူတို့ကိုလည်း အမေရိကန်က အရေးယူပိတ်ပင်ခဲ့သည်။

စစ်ကောင်စီအဖွဲ့ဝင် လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်မှာမူ ပိတ်ပင်ခံထားရမှုတွင် ပါဝင်ပြီးဖြစ်ကာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် ၎င်း၏သားများမှာ ပထမဆုံးအကြိမ် အရေးယူပိတ်ပင်ခံရခြင်းဖြစ်သည်။ 

၎င်းသည် ဦးနေဝင်းခေတ်က ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးသူရကျော်ထင်၏ သားငယ်ဖြစ်ပြီး ၎င်း၏ အစ်ကိုဖြစ်သူ ဦးသန့်ကျော်မှာ ဦးသိန်းစိန်လက်ထက်က နိုင်ငံခြားရေးဒုဝန်ကြီးဖြစ်ခဲ့သည်။ ၎င်း၏ မရီးတော်စပ်သူ ဦးသန့်ကျော်၏ဇနီး ဒေါ်အိအိခင်ဧမှာ လက်ရှိ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဖြစ်သည်။ 

စစ်ကောင်စီအဖွဲ့ဝင် ရေတပ်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းကိုယ်တိုင်သည်လည်း ပိတ်ပင်ခံရပြီးဖြစ်ကာ ၎င်း၏ သမီးဖြစ်သူ ယင်မင်းသူမှာ အမေရိကန်၏ အရေးယူပိတ်ပင်မှုကို ပထမဆုံးကြုံတွေ့ရခြင်းဖြစ်သည်။

အမေရိကန်အစိုးရသည် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်ဗိုလ်ချုပ်ကြီးများကို တစ်ဦးချင်းစီပစ်မှတ်ထား ပိတ်ဆို့အရေးယူခြင်းအပြင် ပတ်သက်ဆက်နွှယ်သူများ၊ စစ်တပ်နှင့်ဆိုင်သော အဖွဲ့အစည်းများကိုလည်း ဆက်တိုက် ဒဏ်ခတ်အရေးယူလျက်ရှိသည်။ 

စစ်အာဏာသိမ်းပြီးနောက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဒုသမ္မတ ဒုဗိုလ်ချုပ်ကြီးမြင့်ဆွေ၊ ဒုဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုဗိုလ်ချုပ်ကြီးရဲအောင်၊ ဗိုလ်ချုပ်ကြီးမြတ်ထွန်းဦး၊ ရေတပ်ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဒုဗိုလ်ချုပ်ကြီးအောင်လင်းဒွေး စသည့် ဗိုလ်ချုပ်ကြီးများအပြင် ဆက်နွှယ်လုပ်ငန်းသုံးခုကို ဖေဖော်ဝါရီလဆန်းပိုင်းတွင် ပထမဆုံး စတင်အရေးယူခဲ့သည်။

အရေးယူခံခဲ့ရသည့် စစ်တပ်နှင့် ဆက်နွှယ်နေသော လုပ်ငန်း ၃ ခုမှာ Myanmar Ruby Enterprise, Myanmar Imperial Jade ကုမ္ပဏီနှင့် Cancri (Gems and Jewelry) ကုမ္ပဏီတို့ ဖြစ်သည်။

ထို့နောက် မတ်လဆန်းပိုင်းတွင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သားသမီးနှစ်ဦးနှင့် ၎င်းတို့ပိုင် ကုမ္ပဏီ ၆ ခုကို အမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ 

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သားသမီးများဖြစ်ကြသော အောင်ပြည့်စုံနှင့် ခင်သီရိသက်မွန်တို့ပိုင်ဆိုင်သော A & M မဟာကုမ္ပဏီ၊ Sky One ဆောက်လုပ်ရေးကုမ္ပဏီ၊ The Yangon Restaurant,  Yangon Gallery ပန်းချီပြခန်း၊ Everfit ကုမ္ပဏီ(ပြည်လမ်း City Mall ဈေးဝယ်စင်တာအပေါ်ထပ်ရှိ GymFitness ကာယလေ့ကျင့်ခန်း)၊ Seventh Sense ရုပ်ရှင်ထုတ်လုပ်ရေးနှင့် ဖျော်ဖြေရေးလုပ်ငန်းကုမ္ပဏီတို့ အမေရိကန်အစိုးရ၏ ဒဏ်ခတ်အရေးယူခြင်း ခံထားရသည်။

တပ်၏ အဓိကဝင်ငွေရလမ်း စီးပွားရေးလုပ်ငန်းအင်ပါယာကြီးနှစ်ခုဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ကို ပစ်မှတ်ထားပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းလိုက်ကြောင်း မတ်လကုန်ပိုင်းတွင် အမေရိကန်က ကြေညာခဲ့သည့်နည်းတူ ဗြိတိန်အစိုးရလည်း ဦးပိုင်လီမိတက်ကို အရေးယူကြောင်း ကြေညာထားသည်။ 

ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံထားရသည့် အစိုးရကို ဖြုတ်ချကာ မြန်မာပြည်သူလူထုအပေါ် ဖိနှိပ်နေခြင်းများအပေါ် တာဝန်ရှိသည့်အတွက် စစ်အုပ်စု၏ စီးပွားရေးအရင်းအမြစ်များကို ပစ်မှတ်ထားအရေးယူခြင်းဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ 

အာဏာသိမ်းစစ်ကောင်စီကို ဥရောပသမဂ္ဂ၊ အမေရိကန်၊ ကနေဒါ အပါအဝင် အနောက်အင်အားကြီးနိုင်ငံများက မြန်မာနိုင်ငံ၏ အစိုးရတစ်ရပ်အနေဖြင့် အသိအမှတ်မပြုသည့်အပြင် ဆက်တိုက် ဖိအားပေး၊ အရေးယူဒဏ်ခတ်နေသည်။

စစ်ကောင်စီကလည်း အနောက်အုပ်စု၏ဖိအားသက်သာစေရန် စျေးကြီးသည့် အကျိုးဆောင်တစ်ဦးကို ငှားရမ်းထားသည်။ 

ထိုပုဂ္ဂိုလ်မှာ အစ္စရေးစစ်ထောက်လှမ်းရေးဟောင်း Ari Ben-Menashe ဖြစ်သည်ဟု Reuters သတင်းဌာနက မတ်လ ၇ ရက်နေ့တွင် ရေးသားထားသည်။ 

စစ်ဗိုလ်ချုပ်ကြီးများက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ရိုဟင်ဂျာများကို ပြန်လည်လက်ခံလိုကြောင်း၊ ၎င်းတို့အပေါ် နားလည်မှုလွဲနေသော အမေရိကန်အပါအဝင် အခြားနိုင်ငံများနှင့် ဆက်ဆံရေးကောင်းစေလိုကြောင်း ထောက်လှမ်းရေးဟောင်းက ပြောသည်။

ထိုထောက်လှမ်းရေးဟောင်း၏ အစီအစဉ်ဖြင့် CNN သတင်းအဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်သတင်းယူခဲ့သည်။

ဤအတောအတွင်း အာဏာသိမ်းမှုကို နိုင်ငံအနှံ့အပြားတွင် နည်းမျိုးစုံဖြင့် ဆန့်ကျင်ကန့်ကွက်နေကြရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ပစ်ခတ်ချေမှုန်းလျက်ရှိသည်။

ရဲနှင့် စစ်သားတို့၏ လက်ချက်ကြောင့် သေဆုံးသူ ၈၀၂ ဦး ရှိနေပြီဖြစ်ပြီး အမှန်တကယ်ကျဆုံးသည့် အရေအတွက်မှာ ထို့ထက် ပိုမိုများပြားနိုင်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မေ ၁၇ တွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က ပြည်သူ ၄၁၂၀ ဦးကို ဖမ်းဆီးထားဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

AAPP ၏ စာရင်း မှားယွင်းနေကြောင်း၊ စာရင်းထဲရှိ ၇ ဦးမှာ ၎င်းတို့လက်ချက်ကြောင့် သေဆုံးခြင်းမဟုတ်ကြောင်း စစ်ကောင်စီက ၎င်းတို့၏ သတင်းစာများတွင် ဧပြီ ၃၀နှင့် မေ ၂ ရက်နေ့များက ငြင်းဆိုသည်။

ဧပြီလဆန်းပိုင်း CNN သတင်းဌာနနှင့် တွေ့ဆုံရာတွင်မူ စစ်ကောင်စီပြောခွင့်ရအရာရှိက သေဆုံးမှုအရေအတွက်မှာ ရဲ ၁၀ ဦး၊ စစ်သား ၆ ဦးအပါအဝင် စုစုပေါင်း ၂၄၈ ဦးသာ ရှိသည်ဟု ပြောခဲ့သည်။

Show More

Related Articles

Back to top button