အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်တွင် KIA နှင့် စစ်တပ် တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ပါချီးရွာအနီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်တပ်တို့ ယမန်နေ့ (မေ ၁၆) ညပိုင်း၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။ 

ည ၇ နာရီခွဲဝန်းကျင်ခန့်တွင် စစ်တပ်က ကွတ်ခိုင်မြို့နယ်အတွင်း ဝင်ရောက်လာသည့်အတွက် KIA က ကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း၊ တိုက်ပွဲက တစ်နာရီခန့်ကြာမြင့်ကြောင်း ‌ဒေသခံတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်တော့ ကျွန်တော်တို့အားလုံးကြောက်ပြီး ဗုံးခိုကျင်းထဲ ဝင်ပုန်းနေကြတာ။ လက်နက်ကြီး၊ လက်နက်ငယ်သံတွေကတော့ ဆူညံနေတာပဲ” ဟု ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် အမည်မဖော်လိုသော နမ့်ပါချီးရွာသားတစ်ဦးက ပြောသည်။

ရွာအနီးသို့  လက်နက်ကြီးလက်နက်ငယ်ကျည်ဆန်များ ကျရောက်ခဲ့သော်လည်း ရွာသားများ ထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း ၎င်းက ဆက်ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ကြခြင်း မရှိပေ။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအာင်း (ပလောင်) လွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA) တို့နှင့် စစ်တပ်တို့ ကွတ်ခိုင်မြို့နယ်အတွင်း မေ ၄ ရက်ကတည်းက တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

ကွတ်ခိုင်တွင် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ မှန်ကန်သော်လည်း အသေးစိတ်အချက်အလက်များကို မသိရသေးကြောင်း KIA ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

တိုက်ပွဲအတွင်း KIA နှင့်အတူ မြောက်ပိုင်းအဖွဲ့ဝင်များဖြစ်သည့် AA, TNLA နှင့် MNDAA တို့ ပါဝင်တိုက်ခိုက်ခဲ့ခြင်း ရှိမရှိကိုလည်း အတည်မပြုနိုင်သေးဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါတိုက်ပွဲများကြောင့် ကွတ်ခိုင်မြို့နယ်အတွင်း ကျေးရွာများမှ ဒေသခံ ရာနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေပြီး ရွာအတော်များများတွင် ဒေသခံတို့က လုံခြုံရေးအတွက် ဗုံးခိုကျင်းများတူးထားကြသည်။ 

ပြီးခဲ့သည့် မေ ၁၅ ရက် နေ့လယ်ကလည်း နမ့်ပါချီးရွာအနီး တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ယမန်နေ့တိုက်ပွဲအပြီး စစ်တပ်က မိုင်းထောင်သွားကြောင်း ဒေသခံများက ပြောသည်။ 

ရွာအနီး မိုင်းထောင်သည်ဟူသော စွပ်စွဲချက်နှင့် ပတ်သက်ပြီး စစ်တပ်ပြောခွင့်ရအရာရှိတို့ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီ၏ မြဝတီသတင်းဌာနက မိုးမောက်မြို့နယ်၊ ကွမ်ဘန်ကျေးရွာအုပ်စု၊ ဝဝမ်ကျေးရွာမှ ဒေသခံ ၂ ဦး မေ ၁၅ ညနေပိုင်း မိုင်းနင်းမိပြီး ဒဏ်ရာရသွားခြင်းမှာ KIA အဖွဲ့ထောင်ထားသည့် မိုင်းကြောင့်ဖြစ်သည်ဟု ဖော်ပြထားသည်။

ယနေ့ (မေ ၁၇) နံနက် နမ့်ပါချီးရွာနှင့် ကိုက် ၁၀၀၀ ခန့်အကွာတွင် စစ်တပ်က တပ်စွဲထားပြီး ကွတ်ခိုင်မြို့အနီးတဝိုက် ကျေးရွာများအနီးတွင်လည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ စစ်သည်တို့ကို တွေ့ရသည်ဟု ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မဟာ ၄၊ ၆၊ ၁၀ တို့လှုပ်ရှားလျက်ရှိပြီး တပ်ရင်း ၈ နှင့် ၉ နယ်မြေများတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။

စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် KIA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲ ၅၀ ကျော်ဖြစ်ပွားခဲ့သည်။

KIA နှင့် စစ်ကောင်စီတပ်များသည် ကချင်ပြည်နယ် မံစီမြို့နယ်နှင့် မိုးမောက်မြို့နယ်ဘက်တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့သော်လည်း ပြီးခဲ့သည့် ၃ ရက်ခန့်မှစ၍ ယာယီငြိမ်သက်နေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“တိုက်ပွဲတွေကတော့ ဆက်ဖြစ်ဦးမယ်လို့ သုံးသပ်ပါတယ်။ ဒါပေမယ့် ဘယ်တော့ဖြစ်မယ် ဘယ်လိုပုံစံနဲ့ဖြစ်မယ်ကတော့ မပြောတတ်ဘူး” 

မေ ၃ ရက်က တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးကို KIA က မိုးမောက်မြို့နယ် ကုန်းလောကျေးရွာအနီးတွင် ပစ်ချနိုင်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း မကြာသေးခင် သိမ်းပိုက်ခံထားရသည့် အရေးကြီးစခန်းကုန်းများကို ပြန်လည်ရယူရန် ကြိုးပမ်းနေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles