အာဏာသိမ်းစစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ဖိတ်ခေါ်ထားသည့် ဆွေးနွေးပွဲသို့ တက်ရောက်ရေး၊ မတက်ရောက်ရေးအတွက် ပြည်သူ့ပါတီတွင် သဘောထားကွဲပြားလျက်ရှိသည်။
ယနေ့ (မေ ၁၇) ရန်ကုန်တွင် ပါတီခေါင်းဆောင်များ ထိုဆွေးနွေးပွဲနှင့် ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးရာ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်က မတက်သည့်ဘက်မှ ရပ်တည်ခဲ့သည်ဟု သိရသည်။
“ဒီကနေ့လုပ်တဲ့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးမှာ ကျွန်တော်နုတ်ထွက်ထားတယ်”ဟု ၎င်းက Myanmar Now ကို ပြောသည်။
“ကျန်တဲ့ အကြောင်းအရာတွေကတော့ ပါတီကိုပဲမေးပါ”
ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကို ဆက်သွယ်မေးမြန်းရာတွင် လာမည့် သောကြာနေ့ (မေ ၂၁) နေပြည်တော်တွင် ပြုလုပ်မည့် UEC ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး မှတ်ချက်မပေးလိုသေးကြောင်း Myanmar Now ကို ပြောသည်။
ပါတီမှ အထွေထွေအတွင်းရေးမှူး နုတ်ထွက်မှုနှင့် ပတ်သက်ပြီး မေးမြန်းသော်လည်း ဖြေဆိုရန် ငြင်းဆန်သည်။
ပြည်သူ့ပါတီသည် UEC နှင့် ပါတီများ၏ ဖေဖော်ဝါရီ ၂၆ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ခြင်းမရှိပေ။
UEC က ဒုတိယအကြိမ်ဖိတ်ခေါ်သည့်အခါမှ ပါတီတွင်း အကြီးအကျယ် သဘောကွဲသွားခြင်းဖြစ်သည်။
ဦးကိုကိုကြီးနှင့် ဦးရဲနိုင်အောင်သည် မြန်မာ့ဒီမိုကရေစီအရေးတော်ပုံကြီး၏အစဖြစ်သော ရှစ်လေးလုံးလူထုလှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်ခဲ့ဖူးသော ကာလရှည် မဟာမိတ်ရဲဘော်ရဲဘက်များဖြစ်သည်။
ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးတွင် ဦးဆောင်ပါဝင်ခဲ့သည့် အင်အားစုများဖြင့် ဖွဲ့စည်းသည့် ပြည်သူ့ပါတီကို ထူထောင်ရာတွင် ဦးရဲနိုင်အောင်မှာ ဦးကိုကိုကြီးနှင့်အတူ ပါဝင်ခဲ့သူဖြစ်သည်။
ပြည်သူ့ပါတီကို ၂၀၁၈ ခုနှစ် ဩဂုတ် ၂၃ ရက်တွင် တရားဝင်မှတ်ပုံတင်၍ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာ၌ တစ်နေရာမျှ အနိုင်ရခြင်းမရှိပေ။
ဥက္ကဋ္ဌ ဦးကိုကိုကြီးပင်လျှင် ၎င်းဝင်ပြိုင်သည့် ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌ အဓိကပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အမတ်လောင်းကို ရှုံးနိမ့်ခဲ့ရသည်။



