အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပဲခူး PDF၏ ကနဦးပစ်မှတ်တွင် ဒလန်များပါဝင်မည်

မြို့တွင်း၊ မြို့ပြင် အင်အားစုစည်းထားပြီးဖြစ်သည့် ပဲခူးမြို့ပြည်သူ့ကာကွယ်ရေးတပ်(PDF)၏ ကနဦးပစ်မှတ်စာရင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကို သတင်းပေးနေသူများလည်း ပါဝင်ကြောင်း အဆိုပါအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။

“ပဲခူး PDF က တိုက်မယ်ဆိုရင် နည်းမျိုးစုံနဲ့ဖြစ်လာလိမ့်မယ်။ သတင်းပေးလုပ်နေသူတွေ၊ စစ်ကောင်စီယန္တရားကို လည်ပတ်ပေးနေသူတွေ၊ ဖိအားပေးနေတဲ့သူတွေ၊ ဒီလူတွေအကုန်လုံးကို ပဲခူး PDF က တားဆီးတာတွေ၊ အရေးယူတာတွေ အကုန်ဖြစ်လာပါလိမ့်မယ်”ဟု ၎င်းကပြောသည်။

“ပြည်သူတွေအနေနဲ့လည်း အရင်ကာလက ဘယ်နေရာမှာ ဘာဖြစ်တယ်ဆိုတဲ့ သတင်းတွေဝေမျှနေသလို တိုက်ရမယ့်ကာလမှာလည်း ဘယ်နေရာမှာ စစ်ကောင်စီတပ်တွေ အင်အားဘယ်လိုရှိတယ်ဆိုတာကို သက်ဆိုင်ရာ PDF တွေကို သတင်းပေးတာမျိုးတွေ လုပ်ဖို့ အထူးလိုအပ်တယ်။ ဒါမှသာ အထောက်အကူဖြစ်ပြီး တော်လှန်ရေးကို ထိရောက်အောင်လုပ်နိုင်မှာဖြစ်တယ်” 

စစ်ကောင်စီဘက်တော်သား ဒလန်များကိုမူ အရပ်သားများ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခံရခြင်း၊ အသုံးအဆောင်ပစ္စည်းများ လုယူသိမ်းဆည်းခံရခြင်းများ မဖြစ်ပေါ်စေရန်အတွက် ဟန့်တား၊ အရေးယူရမည်ဟု ဆိုသည်။

ဒလန်ဟု စွပ်စွဲခံရသူတို့အား မည်သို့မည်ပုံ ဟန့်တားမည်ဆိုသည်ကို မသိရသေးပေ။

ပြည်သူအပေါ် အကြမ်းဖက်မှုအန္တရာယ်မှ ကာကွယ်ရန်ရည်ရွယ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည့် ပဲခူးPDF ကို ယမန်နေ့(မေ ၁၅)ရက်က စတင်ဖွဲ့စည်းသည်ဟု ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထိန်းချုပ်နယ်မြေများတွင် စစ်ပညာ သွားရောက်သင်ယူ လေ့လာနေသော ပဲခူးဒေသခံတို့ တစ်ချိန်ချိန်တွင် တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်မည်ဟု ဆိုသည်။

ပဲခူးPDF ကို ဒေသတွင်းရှိ နေရာပေါင်းစုံ၊ အလွှာပေါင်းစုံမှ လူငယ်လူလတ်ပိုင်းတို့နှင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ထိုအထဲတွင် လူအသေအပျောက်များပြားသည့် စစ်ကောင်စီ၏ ပဲခူးမြို့ပေါ် အကြမ်းဖက်ဖြိုခွင်းမှုကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသူအများအပြား ပါဝင်ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ရရှိထားသည့် သဘောတူညီမှု၊ သင်တန်းသားအရေအတွက်၊ သင်တန်းကာလတို့နှင့် ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဦးဆောင်ဖွဲ့စည်းထားသည့် NUG ကလည်း ဖက်ဒရယ်တပ်မတော် တည်ထောင်နိုင်ရန် တိုင်းရင်းသားတော်လှန်ရေးတပ်များနှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိပြီး ရှေ့ပြေးအဖြစ် ပြည်သူ့တပ်မတော် (People Defence Froce) ကို ဖွဲ့စည်းလိုက်ကြောင်း မေ ၅ တွင် ကြေညာထားသည်။

NUG ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်(ခ)မောင်တင်သစ်က ရာထူးခန့်အပ်မခံရမီ ရက်ပိုင်းအလိုတွင် တော်လှန်ရေးအင်အားစုအားလုံးနှင့် ပူးပေါင်းနိုင်ရန် အလားအလာကောင်းသည့် နည်းလမ်းများရှိသည်ဟု အရိပ်အမြွက်ပြောထားသော်လည်း အစီအစဉ်အသေးစိတ်ကို ယနေ့တိုင် မသိရသေးပေ။

အာဏာသိမ်းစစ်ကောင်စီက NUG ကို မတရားအသင်းအဖြစ် ကြေညာထားသည်။ အာဏာသိမ်းမှုဆန့်ကျင်သူတို့ကိုလည်း ဆူပူအကြမ်းဖက်သောင်းကျန်းသူဟု တံဆိပ်ကပ်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button