သတင်း

မတ္တရာတွင် ဘီယာဆိုင်ထိုင်နေသည့် အမျိုးသားတစ်ဦး သတ်ဖြတ်ခံရ

ဒေသခံကာကွယ်ရေးတပ်များ အားကောင်း၍ စစ်ကြောင်းထိုးခံနေရသော မန္တလေးတိုင်း၊ မတ္တရာမြို့တွင် ယမန်နေ့ (ဩဂုတ် ၃၁) နေ့လယ်က ဘီယာဆိုင်တစ်ခုတွင် ထိုင်နေသော အမျိုးသားတစ်ဦးသတ်ဖြတ်ခံခဲ့ရသည်ဟု မြို့ခံများထံမှ သိရသည်။

ထိုသူမှာ ယင်းနေ့ မွန်းတည့်ချိန် မန္တလေး-မိုးကုတ်လမ်းပေါ်ရှိ လမိုင်းအုပ်စု၊ ကျောက်တံတားကျေးရွာ၊ စိန်ရောင်မြိုင်ဘီယာဆိုင်တွင် ထိုင်နေသည့် အသက် ၄၀ ဝန်းကျင်အရွယ် ဦးဆွေနိုင်ဆိုသူ ဖြစ်သည်ဟု မျက်မြင်သက်သေများကိုကိုးကား၍ မတ္တရာဒေသခံတစ်ဦးက ဆိုသည်။

“လူနှစ်ဦးက လာလုပ်သွားတယ်လို့ သိရတယ်။ သူက မြန်မာဘီယာထိုင်သောက်နေတာ၊ အဖော်တွေနဲ့။ ပထမ သေနတ်နဲ့ ပစ်တယ်၊ ဓားနဲ့ထိုးတယ် ပွဲချင်းပြီးပဲ” ဟု သူက ပြောသည်။

ဦးဆွေနိုင်သည် တောင်ခေါင်းကျေးရွာတွင် နေထိုင်သူဖြစ်ပြီး စစ်ကောင်စီကို ထောက်ခံ၊ ဒလန်လုပ်ပေးနေသူ ဖြစ်သည်ဟု လူသိများကြောင်း သူက ဆက်ပြောသည်။

မတ္တရာမြို့တွင် အခြေစိုက်ပြီး မန္တလေးနှင့် မတ္တရာအတွင်း စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် Mahar Revolution Force (MRF) က ယင်းလုပ်ဆောင်မှုသည် ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ယမန်နေ့ (စက်တင်ဘာ ၁) က ထုတ်ပြန်သည်။

ဦးဆွေနိုင်သည် စစ်ကောင်စီတပ် မတ္တရာမြို့နယ် ရေကြည်ကျေးရွာ၊ တောင်ခေါင်းကျေးရွာ၊ ဆီးဖြူပင် ကျေးရွာများတွင် စီးနင်းရှာဖွေစဉ် ၎င်း၏ကားဖြင့် အကြိုအပို့ပြုလုပ်ပေး၊ လမ်းပြပေးသူ ဖြစ်သည်ဟု MRF အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

“တစ်ကြိမ်၊ နှစ်ကြိမ်ဆိုရင် ထားပါတော့၊ သူ့ကားကို ချောဆွဲပြီး ပို့ခိုင်း ကြိုခိုင်းတယ်။ ခုက ဆယ်ကြိမ်မကတော့ဘူး။ သူက ကြိုတယ်။ ပို့တယ်။ လိုက်ပြတယ်။ သူ့ကြောင့် အဖမ်းခံကြရတယ်” ဟု ထိုသူက ဆိုသည်။

၎င်းကို အရေးယူရန် လိုက်လံ စုံစမ်းနေစဉ် ယမန်နေ့က ဆိုင်တွင် ဘီယာ ထိုင်သောက်နေသည်ကို တွေ့ရ၍ သေနတ်ဖြင့် ဝင်ရောက်ရှင်းလင်းရာ ကျည်မထွက်သည့်အတွက် ဓားသုံးခဲ့ရကြောင်း ဆက်ပြောသည်။

“သူစားပွဲကို လှန်ပစ်ပြီး ခုခံတယ်။ ပစ်ပေါက်တယ်။ သေနတ်က ဂျန့်ဖြစ်သွားတယ်။ အဲဒါနဲ့ ဓားနဲ့ တစ်ချက်တည်း ထိုးခဲ့ရတယ်” ဟု ၎င်းက ဆိုသည်။

သေဆုံးသူသည် အိမ်ဆောက်ပစ္စည်းများ ကားဖြင့် သယ်ယူပို့ဆောင်သည့်အလုပ် လုပ်ကိုင်ကြောင်း၊ ၎င်း၏ အလောင်းကို လူမှုရေးအသင်းကားဖြင့် လာရောက်သယ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါဖြစ်စဉ်အပြီး ယင်းဘီယာဆိုင်အနီး စစ်ကောင်စီတပ်သားများရောက်ရှိလာကာ စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။

မတ္တရာမြို့နယ်သည် မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်နှင့် နယ်မြေဆက်စပ်နေကာ တော်လှန်ရေးအဖွဲ့များ အားကောင်းပြီး မန္တလေးမြို့နှင့် မတ္တရာတစ်ဝိုက်တွင် လှုပ်ရှားနေကြသည်။ 

MRF သည် မန္တလေးမြို့နှင့် မတ္တရာအတွင်း စစ်ကောင်စီထောက်တိုင်များအား ရှင်းလင်းခြင်း၊ စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ခြင်းတို့ ပြုလုပ်နေသည့်အဖွဲ့ဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်၂၉ ကလည်း မတ္တရာမြို့နယ်အရှေ့ပိုင်း ကင်းရွာ၌ အသက် ၃၅ နှစ်ဝန်းကျင်အရွယ် မနှင်းစုလှိုင် ဆိုသူကို တောင်ဂေါင်းရွာရှိ နေအိမ် ၅ လုံး မီးရှို့ခံရမှုတွင် လမ်းပြခဲ့၍ဆိုကာ MRF အဖွဲ့က သတ်ဖြတ်ခဲ့သည်။

အလားတူ ဩဂုတ် ၁၁ က မတ္တရာမြို့နယ် ဝသုန္ဒရကျေးရွာရှိ လက်ဖက်ရည်ဆိုင်တစ်ခု၌ ကျေးရွာအုပ်ချုပ်ရေးမှူး ၃ ဦးအား MRF အဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခံရရာ ၂ ဦး သေဆုံး၍ ၁ ဦး ဒဏ်ရာရခဲ့သည်။

“အစက Page လည်း မထောင်ဘူး။ ကိုယ်လုပ်တာ ကိုယ်သိရင် ကိုယ်လိပ်ပြာလုံတယ်ဆိုပြီးပဲ လှုပ်ရှားကြတာ။ အခုကျတော့ ရပ်တည်ရတာ ခက်ခဲလာတယ်။ လက်နက်ခဲယမ်းဖိုးနေနေသာသာ စားဖို့တောင် အနိုင်နိုင်ဖြစ်လာတယ်။ ဒါ့ကြောင့် အန္တရာယ်များတဲ့ကြားက လုပ်ဆောင်မှုတွေ ချပြလာရတာ။ ပြည်သူတွေအနေနဲ့ ကျွန်တော်တို့အဖွဲ့ကို ကူညီပေးပါဦးလို့ ပြောချင်ပါတယ်” ဟု MRF အဖွဲ့ဝင်က ဆိုသည်။

ဒေသခံကာကွယ်ရေးအဖွဲ့များ လှုပ်ရှားမှုအားကောင်းသည့် ပုသိမ်ကြီးမြို့နယ်နှင့် ထိစပ်နေသည့် မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်က ဩဂုတ် ၁၈ မှစ၍  စစ်ကြောင်းထိုးကာ ရွာများကို စီးနင်း၍ PDF စခန်းများကို တောနင်းရှာဖွေနေသည်။

ခုခံမှုများ၊ ဒလန်ရှင်းလင်းမှုများမှာ အကြမ်းဖက်လုပ်ရပ်ဖြစ်သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ချက်များတွင် ဖော်ပြလေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button