
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သည့် တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့အကြား ယမန်နေ့(မေ ၁၁)ညပိုင်းနှင့် ယနေ့(မေ ၁၂)နံနက် အစောပိုင်းတို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၅ဦး အနည်းဆုံး သေဆုံးခဲ့သည်။
တမူးမြို့နယ်၊ ပန်းသာရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များနှင့် ထိပ်တိုက်တွေ့သည့် ယမန်နေ့ ည ၁၀နာရီခွဲမှ ၁၂နာရီအတွင်း တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၅ဦး၊ PDF အဖွဲ့ဝင် ၁ဦး သေဆုံးခဲ့သည်ဟု တမူးမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ထို့နောက် ယနေ့ နံနက် ၄နာရီတွင်လည်း တမူးမြို့နယ်၊ ကွန်းတောင်းရွာရဲကင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များနှင့် နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀ဦးကျော် သေဆုံးသည့်အပြင် ၎င်းတို့ဘက်မှ ကူညီပေးသည့် အိန္ဒိယနိုင်ငံ၊ မဏီပူးရ်ပြည်နယ်မှ ကသည်းလူမျိုးတချို့လည်း သေဆုံးသွားသည်ဟု အမည်မဖော်လိုသူ တမူးပြည်သူ့လုံခြုံရေးအဖွဲ့ဝင်က ဆက်ပြောသည်။
“စစ်ကောင်စီဘက်က အတိအကျတော့ မသိဘူး။ ၁၀ယောက်ကျော်တော့ သေတယ်။ ၄ယောက်ကတော့ ထူးထူးခြားခြားပဲ စစ်ကောင်စီကို ကူညီပေးနေတဲ့ ကသည်းလူမျိုးတွေ။ အဲ့ဒီကသည်းက မဏီပူးရ်က ကသည်းတွေ ဖြစ်ပါတယ်။ သူတို့ဘက်က ၄ယောက်ကျပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်များကို အမဲလိုက်တူမီးလက်နက်ဖြင့်သာ ခုခံနေရာမှ ပစ်အားပိုမိုကောင်းမွန်သော AK-47, M-16 ကဲ့သို့သော မောင်းပြန်သေနတ် အရေအတွက်အနည်းငယ် ကိုင်ဆောင်ထားကြသည်ဟု သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်များသည် ကွန်းတောင်း၊ မြို့သစ်၊ မင်းသာ၊ ပန်းသာ စသည့် ကျေးရွာများတွင် တပ်စွဲထားကြကြောင်း၊ ယနေ့ မွန်းလွဲ ၂နာရီအချိန်အထိ အခြေအနေတည်ငြိမ်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
တိုက်ပွဲဖြစ်ပွားသော ကျေးရွာများဖြစ်သည့် ပန်းသာရွာတွင် အိမ်ခြေ ၄၀၀ခန့်၊ ကွန်းတောင်းရွာတွင် အိမ်ခြေ ၂၀၀ခန့်ရှိပြီး ကျေးရွာသူ၊ ကျေးရွာသား အများစုမှာ ဘေးလွတ်ရာတွင် ရောက်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“တော်တော်များများတော့ တိမ်းရှောင်တာ ရှိပါတယ်။ လက်ရှိအခြေအနေအရ အတိအကျတော့ မသိနိုင်ဘူး” ဟု ၎င်းက ပြောသည်။
တမူးမြို့နယ်၏ လတ်တလောအခြေအနေနှင့်ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးဌာနက ထုတ်ပြန်ခြင်း မရှိသေးပေ။
တမူးမြို့သည် စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုများတွင် အမြဲပါဝင်ကြပြီး အစိုးရဝန်ထမ်းအများစုမှာလည်း အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်နေကြသည်။
ထိုအခြေအနေတွင် စစ်ကောင်စီတပ်များ၏ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုများ၊ ရပ်ကွက်၊ နေအိမ်အတွင်း အကြမ်းပတမ်းစီးနင်းပြီး ဖမ်းဆီးမှုများကြောင့် တမူးမြို့ခံအများစုမှာ အိန္ဒိယနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ကြရသည်ဟု သိရသည်။