သတင်း

NLD ၏ ပြည်နယ်တိုင်းဝန်ကြီးချုပ်များကို လွှတ်တော်တွင် အဆိုပြု

ရန်ကုန် – အစိုးရအဖွဲ့သစ်၏  ပြည်နယ်/တိုင်း ဝန်ကြီးချုပ်များစာရင်း တနင်္လာနေ့က ထွက်ပေါ်လာရာ အားလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ကိုယ်စားလှယ်များ ဖြစ်ကြောင်း လွှတ်တော်ကြေညာချက်များအရ သိရသည်။

ကချင်ပြည်နယ်လွှတ်တော်တွင်မူ ဝန်ကြီးချုပ်အဖြစ် အဆိုပြုခံရသူ မည်သူဖြစ်ကြောင်း  ကြေညာခြင်း မရှိသေးပေ။

NLD  ဗဟိုအစိုးရ၏ ဝန်ကြီးအဖွဲ့တွင် အမျိုးသမီးအဖြစ် ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းသာပါဝင်သော်လည်း ယခု ပြည်နယ်/တိုင်းဝန်ကြီးချုပ်များတွင်မူ အမျိုးသမီးနှစ်ဦး ပါဝင်နေသည်။

အဆိုပါ ဝန်ကြီးချုပ်များသည် သက်ဆိုင်ရာ ပြည်နယ်/တိုင်းအစိုးရတို့၏ အကြီးအကဲများဖြစ်လာမည်ဖြစ်သည်။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံရသူက ဝန်ကြီးချုပ်များကို အမည်စာရင်းတင်သွင်းရပြီး သက်ဆိုင်ရာ လွှတ်တော်အသီးသီးက အတည်ပြုရသည်။ သို့သော် သမ္မတက အမည်စာရင်းတင်သွင်းသူများကို လွှတ်တော်များက ပယ်ချရန် အခွင့်အလမ်း မရှိသလောက် နည်းပါးသည်။

“ဗဟိုချုပ်ကိုင်မှုစနစ်က ရှိနေသေးတဲ့အတွက် ဝန်ကြီးချုပ်တွေရဲ့ အခြေခံဥပဒေအရ လုပ်ပိုင်ခွင့်အာဏာဟာ အများကြီး မရှိသေးပါဘူး။  လက်တွေ့မှာတော့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေကို ဦးဆောင်နေသူတွေဖြစ်လို့ ပြောဆိုလုပ်ပိုင်ခွင့်တွေ ရှိပါတယ်” ဟု မြန်မာနိုင်ငံတွင် နေထိုင်သည့် အကဲခတ်တစ်ဦးဖြစ်သည့် Richard Horsey က ပြောသည်။

“ပြည်နယ်/တိုင်းဝန်ကြီးချုပ်တွေရဲ့ ခွင့်ပြုချက်မရဘဲနဲ့ ဘယ်နိုင်ငံတကာအဖွဲ့အစည်းကမှ အဲဒီဒေသတွေမှာ လုပ်ကိုင်ခွင့်မရှိပါဘူး။ သူတို့ဟာ တကယ့်လက်တွေ့မှာ အခွင့်အာဏာ ရှိသူ တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် NLD  က သူတို့ပါတီက လူတွေကိုပဲ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ဖို့ လိုလားတာပါ” ဟု ၎င်းက ပြောကြားသည်။

အချို့သော တိုင်းရင်းသားပါတီများ၏ ကန့်ကွက်မှုရှိနေသော်လည်း  အပြတ်အသတ်အနိုင်မရခဲ့သည့် ပြည်နယ်များအပါအဝင် တစ်နိုင်ငံလုံးအတွက် ဝန်ကြီးချုပ်နေရာများကို  NLD  က ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

“ရွေးကောက်ပွဲမှာ နေရာအများအပြားအနိုင်ရခဲ့တဲ့ NLD  အနေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေ ဖွဲ့စည်းတဲ့အခါ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမှန်တကယ် စဉ်းစားတယ်ဆိုရင် ဒေသခံ တိုင်းရင်းသားပါတီတွေနဲ့ ဆွေးနွေးပြီး သူတို့ကိုလည်း ပါဝင်ခွင့်ပြုသင့်ပါတယ်” ဟု ရန်ကုန်မြို့မှ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောကြားသည်။

တနင်္ဂနွေနေ့က ကြိုတင်ထွက်ပေါ်လာသည့် ဝန်ကြီးချုပ်အမည်စာရင်းတွင်   NLD  ၏ ပြောခွင့်ရပုဂ္ဂိုလ်သစ်တစ်ဦးဖြစ်သူ မန္တလေးတိုင်းဒေသကြီးမှ ဒေါက်တာဇော်မြင့်မောင်၊ အမျိုးသမီးဝန်ကြီးနှစ်ဦးဖြစ်သော ဒေါ်နန်းခင်ထွေးမြင့်၊  ဒေါ်လဲ့လဲ့မော်တို့ ပါဝင်သည်။

၅၁ နှစ်အရွယ် ဒေါ်လဲ့လဲ့မော်အား ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်မှုကို တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်က ကန့်ကွက်သူမရှိ သဘောတူညီခဲ့သည်။ ယင်းဒေသသည် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ကမ်းရိုးတန်းဒေသတစ်ခုဖြစ်သည်။  ၂ဝ၁၂ ခုနှစ်အထိ ဆရာဝန်တစ်ဦး အဖြစ် အသက်မွေးဝမ်းကျောင်းခဲ့သူ ဒေါ်လဲ့လဲ့မော်က Myanmar Now သို့ ဖုန်းမှတစ်ဆင့် ပြောကြားရာတွင်  မြေယာအငြင်းပွားမှုပြဿနာများ၊  ဒေါ်လာဘီလျံနှင့်ချီ ရင်းနှီးမြှုပ်နှံမည့် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် သက်ဆိုင်နေသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တိုင်ကြားထားမှုများကို ဖြေရှင်းသွားမည်ဟု ပြောပြသည်။

“ကျွန်မအနေနဲ့ကတော့ ဒေသတွင်းက လူမှုရေး၊ စီးပွားရေးဆိုင်ရာ ပြဿနာတွေကို ကြိုးစားဖြေရှင်းသွားပါမယ်” ဟု ပြောသည်။

လွှတ်တော်တွင်းမှ ထွက်ခွာ ဆန္ဒပြသည့် ရခိုင်ပါတီ

NLD က ရခိုင်၊ ရှမ်းနှင့် ကချင်ပြည်နယ်တို့တွင် ရွေးကောက်ပွဲအတွင်း မဲအပြတ်အသတ်အနိုင်မရရှိခဲ့ပေ။ သို့သော်လည်း ပါတီက ရွေးချယ်သည့် သမ္မတအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦးကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခွင့်ရှိကြောင်း အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ယင်းစနစ်အား ပြောင်းလဲရန် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦးကို ဝန်ကြီးချုပ်အဖြစ် အဆိုတင်သွင်းပြီး သမ္မတက အတည်ပြုပေးရန် လွန်ခဲ့သည့်နှစ်က လွှတ်တော်တွင် အဆိုပြုမှု ရှိခဲ့သော်လည်း   ပယ်ချခံခဲ့ရသည်။

ရခိုင်ပြည်နယ် ကိုယ်စားလှယ်နေရာ ၇၇ နေရာအနက် ၄၄ နေရာတွင် အနိုင်ရခဲ့ပြီး ဗုဒ္ဓဘာသာ ရခိုင်တိုင်းရင်းသားများကို အကာအကွယ်ပေးထားသည့် ရခိုင်အမျိုးသား ပါတီက ပြည်နယ်ဝန်ကြီးချုပ်နေရာ မရရှိပါက လွှတ်တော်တွင် အတိုက်အခံအဖြစ် ရပ်တည်သွားမည်ဟု ပြောကြားခဲ့သည်။

NLD  က ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးညီပုကို တနင်္လာနေ့က အဆိုပြုရာ ရခိုင်အမျိုးသားပါတီမှ အမတ်၂ဝ က ပြည်နယ် လွှတ်တော်အတွင်းမှ ထွက်ခွာသွားခဲ့ကြောင်း  ယင်းပါတီမှ အမတ်တစ်ဦးဖြစ်သည့် ဦးစိုးဝင်းက Myanmar Now သို့ ပြောကြားခဲ့သည်။

၂ဝ၁၅ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သူ ရခိုင်အမျိုးသားပါတီ အကြီးအကဲ ဒေါက်တာအေးမောင်က  ဝန်ကြီးချုပ်နေရာအတွက် မိမိတို့ပါတီနှင့် NLD  အကြား ဆွေးနွေးမှုမရှိခဲ့ကြောင်း ပြောသည်။

“သူတို့နဲ့ ကျွန်တော်တို့ ကိုယ့်လမ်းကိုယ်လျှောက်ကြတာပါ။ သူတို့အနေနဲ့ ကျွန်တော်တို့နဲ့ ဆွေးနွေးချင်ပုံ သိပ်မရပါဘူး။ ကျွန်တော်တို့ သေသေချာချာ စဉ်းစားပြီးမှ ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်ထဲက သဘောထားအတိုင်း ဆက်လက်လုပ်ဆောင်သွားမှာပါ”  ဟု ဒေါက်တာအေးမောင်က ဖုန်းအင်တာဗျူးတွင် ပြောကြားခဲ့သည်။

ယခုဖြစ်စဉ်ကြောင့် ၂ဝ၁၂ ခုနှစ်အတွင်းက ရခိုင်ဗုဒ္ဓဘာသာ ဝင်များနှင့်  မွတ်စလင်တို့အကြား ဖြစ်ပွားခဲ့သည့် လူမျိုးရေးအဓိကရုဏ်းကြောင့် လူပေါင်း ၁၄ဝ,ဝဝဝ ခန့် နေရပ်စွန့်ခွာခဲ့ရသည့် ရခိုင်ပြည်နယ်တွင် မတည်ငြိမ်မှုများ ဖြစ်လာမည်ကိုလည်း စိုးရိမ်မှုများ ရှိနေသည်။

“နိုင်ငံတော်သမ္မတအနေနဲ့ ဝန်ကြီးချုပ်ရွေးချယ်ခွင့်ရှိတယ်ဆိုတာ ရခိုင်အမျိုးသားပါတီက သိပါတယ်။ အခုလိုဖြစ်လာတာတော့ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။ သူတို့နဲ့ အသေးစိတ် ကြိုတင်ဆွေးနွေး တိုင်ပင်မှုတွေ မလုပ်ခဲ့ခြင်းအပေါ် ဒီပါတီက စိုးရိမ်ပြီး အခုလိုကန့်ကွက်တာ ဖြစ်နိုင်ပါတယ်” ဟု Richard Horsey က ပြောသည်။

“ရခိုင်အမျိုးသားပါတီက ညွန့်ပေါင်းအနေဖြင့် ပါဝင်ခွင့်ရရင်ပဲဖြစ်ဖြစ်၊  အစိုးရအဖွဲ့မှာ ပြောရေးဆိုခွင့်ရရင်ပဲဖြစ်ဖြစ်၊ NLD နဲ့ ဆက်ဆံရေးကောင်းမွန်ရင်ပဲဖြစ်ဖြစ် သူတို့ရဲ့ လူမျိုးရေးအစွဲတွေ  သက်ဝင်လှုပ်ရှားမလာနိုင်ပါဘူး” ဟု ၎င်းက ပြောကြားသည်။     ။

ပြည်နယ်တိုင်း ဝန်ကြီးချုပ်လောင်းများ
(ကချင်ပြည်နယ် ဝန်ကြီးချုပ်လောင်းအမည် အတည်ပြုချက် မရသေးပါ)

၁။ ကချင်ပြည်နယ် – ဒေါက်တာခက်အောင်
၂။ ကယားပြည်နယ် – ဦးအယ်လ်ဖောင်းရှို
၃။ ကရင်ပြည်နယ် – ဒေါ်နန်းခင်ထွေးမြင့်
၄။ ချင်းပြည်နယ် – ဦးဆလိုင်းလျန်လွယ်
၅။ စစ်ကိုင်းတိုင်းဒေသကြီး – ဒေါက်တာမြင့်နိုင်
၆ ။ တနင်္သာရီတိုင်းဒေသကြီး – ဒေါက်တာလဲလဲ့မော်
၇။ ပဲခူးတိုင်းဒေသကြီး – ဦးဝင်းသိန်း
၈။ မကွေးတိုင်းဒေသကြီး – ဒေါက်တာအောင်မိုးညို
၉။ မန္တလေးတိုင်းဒေသကြီး –  ဒေါက်တာဇော်မြင့်မောင်
၁ဝ။ မွန်ပြည်နယ် – ဦးမင်းမင်းဦး
၁၁။ ရခိုင်ပြည်နယ် – ဦးညီပု
၁၂။ ရန်ကုန်တိုင်းဒေသကြီး – ဦးဖြိုးမင်းသိန်း
၁၃။ ရှမ်းပြည်နယ် – ဒေါက်တာလင်းထွဋ်
၁၄။ ဧရာဝတီတိုင်းဒေသကြီး – ဦးမန်းဂျော်နီ

Show More

Related Articles

Back to top button