နွေဦးတော်လှန်ရေးအတွင်း ကမ္ဘာကပင် အာရုံစိုက်မိပြီး ပစ်သတ်မှုများ၊ ရုပ်သံသက်သေပင်ရှိသည့် ဖြစ်စဉ်များအတွင်း သေဆုံးခဲ့ရသူ ရာနှင့်ချီထဲမှ ၇ ဦးမှာ ၎င်းတို့လက်ချက်မဟုတ်ဟု စစ်ကောင်စီက ဧပြီ ၃၀နှင့် မေ ၂ ရက်ထုတ် ဝါဒဖြန့် သတင်းစာများတွင် ငြင်းဆိုသည်။
ဓာတ်ပုံ၊ ရုပ်သံအထောက်အထားများရှိပြီး ကမ္ဘာသို့ပင် ပျံ့နှံ့ခဲ့ပြီးဖြစ်သည့် မမြသွဲ့သွဲ့ခိုင်၊ မကြယ်စင်၊ ကျောင်းဆရာမ ဒေါ်တင်နွဲ့ရီ၊ ဦးကိုကိုလေး၊ မလျံဇွားလီးတို့၏ သေဆုံးမှုဖြစ်စဉ်များ၊ ဖမ်းခံရပြီး နောက်ရက်တွင် အလောင်းသာပြန်ရသည့် ဦးဇော်မြတ်လင်း၊ ကိုရာဇာအောင်တို့၏ ဖြစ်ရပ်များကို စစ်ကောင်စီက နမူနာပြ၍ ထုတ်ပြန်ခြင်းဖြစ်သည်။
ထုတ်ပြန်ချက်တွင် ပါဝင်သူတစ်ဦးမှာ နွေဦးတော်လှန်ရေးအစ ဖေဖော်ဝါရီလအတွင်း နေပြည်တော်၌ ဦးခေါင်းကျည်ထိမှန်ဒဏ်ရာဖြင့် အစောဆုံးကြွေလွင့်ခဲ့သည့် အသက် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်ဖြစ်ပြီး ထိုအမှုမှာ ဆန္ဒပြသူအချင်းချင်း ပစ်ခတ်မှုကြောင့်ဖြစ်သည်ဟု စစ်ကောင်စီက အကြောင်းပြခဲ့သည်။
သို့သော် အဆိုပါဖြစ်စဉ်ကို သက်သေအဖြစ် မှတ်တမ်းတင်ထားနိုင်သည့် ရုပ်သံဖိုင်များ၊ မမြသွဲ့သွဲ့ခိုင်ပုန်းခိုနေသည့် နေရာဘက်သို့ သေနတ်အစစ်ဖြင့် ချိန်ရွယ်ပစ်ခတ်နေသည့် ဒုရဲမှူး ကိုကိုလွင်၏ ဓာတ်ပုံများ လူမှုကွန်ရက်၌ ပျံ့နှံ့ခဲ့ပြီးဖြစ်သလို လွတ်လပ်သည့် ပြည်တွင်း၊ ပြည်ပသတင်းဌာနများကလည်း အဆိုပါအထောက်အထားများကို ခိုင်လုံသက်သေအဖြစ် စိစစ်နိုင်ခဲ့၍ ယင်းတို့ကို အခြေခံကာ သတင်းများရေးသားတင်ပြခဲ့ပြီးဖြစ်သည်။
ယင်းအပြင် ရုပ်သံမှတ်တမ်းများကို ကမ္ဘာကျော် CNN, NHK သတင်းဌာနများကပင် နည်းပညာဖြင့် စိစစ်ဖော်ထုတ် တင်ဆက်သည်အထိ အာရုံစိုက်ခဲ့ကြပြီး စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးကြောင်း သက်သေပြထားနိုင်သည့် မန္တလေးသူ မကြယ်စင် လည်ပင်းကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးမှုကိုလည်း ၎င်းတို့လက်ချက်မဟုတ်ဘဲ ဆန္ဒပြသူ အချင်းချင်းပစ်ခတ်မှုကြောင့်ဟု စစ်ကောင်စီက ဘူးကွယ်သည်။
ပစ်သတ်ခံရချိန်တွင် အနီးကပ်ရှိနေပြီး မျက်မြင်သက်သေဖြစ်သည့် မကြယ်စင်၏ သူငယ်ချင်းကမူ ဆန္ဒပြပြည်သူများ၏ လက်ဝယ်တွင် လက်နက်နှင့်တူသည့်အရာ တစ်ခုမျှမရှိဟု Myanmar Nowကို အတည်ပြုသည်။
“ကျွန်တော့် မျက်မြင်ကိုယ်တွေ့ သူတို့ဘက်က လှမ်းပစ်တာပါ။ ကျွန်တော်တို့မှာ လက်နက်နဲ့တူတာဆိုလို့ ဘာမှတောင် မပါပါဘူးဗျာ။ ငြိမ်းချမ်းစွာ ဆန္ဒပြနေတာပဲ ရှိတာပါ”ဟု ၎င်းက ပြောသည်။
အဆိုပါ မျက်မြင်သက်သေ လူငယ်နှင့် မကြယ်စင် ကျည်ထိမှန်ချိန်တွင် အနား၌ အတူရှိခဲ့သူအချို့မှာ စစ်ကောင်စီ၏ ပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီးနေမှုကြောင့် လုံခြုံသည့် နေရာများသို့ တိမ်းရှောင်နေကြရသည်။
“ကျွန်တော်တို့ တာဝန်နဲ့ ကြယ်စင်ကျဆုံးမှုအတွက်၊ တော်လှန်ရေးကို တိုက်ဖို့အတွက် အစွမ်းကုန်ပြင်ဆင်ပြီး ကြိုးစားနေတယ်။ သူတို့ ဘာပဲထုတ်ထုတ်၊ ဘာပဲလုပ်လုပ် အာရုံမရှိပါဘူး။ ကိုယ်တော်လှန်စရာရှိတာ အဆုံးထိ တော်လှန်မှာပါ” ဟု ၎င်းက ဆက်ပြောသည်။
ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်ရှိ ‘စု’အသက်မွေးသိပ္ပံကျောင်း တာဝန်ခံ ဦးဇော်မြတ်လင်း ဖမ်းဆီးခံရပြီး နောက်တစ်နေ့တွင် မိသားစုက ရုပ်ပျက်ဆင်းပျက်ဒဏ်ရာများရှိနေသော ရုပ်အလောင်းကိုသာ ပြန်ရခဲ့သည်။ မန္တလေးမြို့ ဆန္ဒပြပွဲ အတွင်း ပေါင်၌ ထုတ်ချင်းပေါက်ကျည်ဆန်ထိမှန်ဒဏ်ရာဖြင့် ဖမ်းဆီးခံခဲ့ရသည့် ကိုရာဇာအောင်သည် နောက်တစ်နေ့တွင် ကိုဗစ်နိုင်တင်းကပ်ရောဂါဖြင့် သေဆုံးသည်ဟု စစ်ကောင်စီက မိသားစုထံ အကြောင်းကြားခဲ့သည်။
ထို ဖြစ်စဉ်နှစ်ခုနှင့် ပတ်သက်ပြီး စစ်ကောင်စီက ထုတ်ပြန်ရာတွင်လည်း ၎င်းတို့၏ ပစ်ခတ်၊ ရိုက်နှက်၊ နှိပ်စက်မှုများအကြောင်း ထည့်သွင်းထားခြင်းမရှိပေ။
စစ်ကောင်စီက ငြင်းဆိုသည့် စာရင်းတွင် ရန်ကုန်မြို့၊ အောက်ကြည့်မြင်တိုင်လမ်း ပညာရေးဝန်ထမ်းများ အကြမ်းမဖက်လှုပ်ရှားမှုတွင် ဖေဖော်ဝါရီလကုန်ပိုင်းအတွင်း သေဆုံးခဲ့သူ ၅၉နှစ်အရွယ် ဆရာမ ဒေါ်တင်နွဲ့ရီလည်း ပါဝင်သည်။
သေဆုံးရသည့် အကြောင်းရင်းကို နှစ်လရှိလာချိန်အထိ စစ်ကောင်စီက ထုတ်ပြန်ခြင်း မရှိသေးကြောင်း မိသားစုဝင်တစ်ဦးက Myanmar Nowကို ပြောသည်။
“ခုချိန်ထိ ကျွန်မတို့ကို ဆေးစာမထုတ်ပေးဘူး။ လုံးဝမထုတ်ပေးဘူး။ ရိုးရိုးရှင်းရှင်းဆို သူတို့ စာထုတ်ပေးရမှာပဲလေ။ ဆေးစာမရဘဲ သင်္ဂြိုဟ်ခွင့်လက်မှတ်ပဲ ထုတ်ပေးတာ။ ပင်စင်တွေဘာတွေတောင် ဘာမှ မလုပ်ရသေးဘူး။ ကျွန်မတို့ ဆေးရုံကြီး သွားတောင်းတော့ အထက်အမိန့်ရမှ ထုတ်ပေးလို့ရမယ် ပြောတယ်” ဟု ၎င်းက ပြောသည်။
အလားတူပင် မြစ်ကြီးနားမြို့၌ မတ် ၈ရက် သပိတ်ဖြိုခွင်းမှုအတွင်း ဦးခေါင်းကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးကြောင်း ဓာတ်ပုံအထောက်အထားရှိသည့် အသက် ၆၂နှစ်အရွယ် ဦးကိုကိုလေးကိုလည်း နှလုံးရောဂါကြောင့် သေဆုံးသည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်က ဆိုထားသည်။
ထို့ပြင် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးသူများ၊ ဖမ်းဆီး၊ တရားစွဲဆိုခံရသူများ၏ စာရင်းများကို ပြုစုထုတ်ပြန်ပေးနေသော နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းမှာ ဖောင်းပွနေသည်ဟုလည်း စစ်ကောင်စီက၏ သတင်းထုတ်ပြန်ချက်တွင် စွပ်စွဲထားသည်။
သေဆုံးသည်ဟု အတည်မပြုနိုင်ဘဲ ပျောက်ဆုံးနေသူများ၊ တပ်မတော်ဆေးရုံတွင် ဆေးကုသနေသူများ၊ နယ်စပ်ဒေသသို့ ထွက်ပြေးတိမ်းရှောင်သွားသူများ၊ စာရင်းဖောင်းပွနေအောင် နာမည်တု၊ လိပ်စာတုဖြင့် ဖော်ပြထားသူများ ပါရှိနေနိုင်ကြောင်း စိစစ်တွေ့ရှိရသည်ဟု စစ်ကောင်စီက ဆိုထားသည်။
AAPP တာဝန်ရှိသူတစ်ဦးကမူ ၎င်းတို့၏ စာရင်းပြုစုချက်မှားယွင်းသည်ဟု စစ်ကောင်စီက ယုံကြည်ပါက နိုင်ငံတကာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခုဖွဲ့၍ ပြည်တွင်း၌ လွတ်လပ်စွာ စစ်ဆေးခိုင်းသင့်သည်ဟု အကြံပြုသည်။
“ထုံးစံအတိုင်း သူတို့ကတော့ ဖင်ပိတ်ပြီး ငြင်းမှာပဲ”ဟု ၎င်းက ပြောသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်များအရ ယမန်နေ့ (မေ ၁) အထိ စစ်ကောင်စီလက်နက်ကိုင်များက ၇၅၉ ဦး ပစ်သတ်ခဲ့ပြီး လူ ၄၆၀၀ ခန့်ကို ထိန်းသိမ်းထားသည်။ စစ်ကောင်စီ၏ အင်တာနက်ဖြတ်တောက်ထားမှု၊ လုံခြုံရေးစိုးရိမ်ရသည့် အခြေအနေများကြောင့် စာရင်းမကောက်ယူနိုင်လိုက်သည့်ဖြစ်စဉ်များစွာ ရှိနေနိုင်သည်ဟု ဆိုသည်။
စစ်ကောင်စီကမူ နိုင်ငံတကာသတင်းဌာနများကပင် ကိုးကားနေကြသည့် AAPPမှာ တရားဝင်ရပ်တည်ဆောင်ရွက်ခွင့်မရှိသည့် အဖွဲ့သာဖြစ်ပြီး ထုတ်ပြန်နေသော ကိန်းဂဏန်းများကြောင့် အများပြည်သူစိုးရိမ်ကြောက်ရွံ့စေပြီး ဆူပူ အကြမ်းဖက်မှုပိုမိုဖြစ်ပွားစေရန် လှုံ့ဆော်ရာရောက်သဖြင့် အရေးယူမည်ဟု ဧပြီ ၂၇ တွင် ကြေညာထားသည်။