သတင်း

မိုး​မောက်မြို့နယ်တိုက်ပွဲတွင် စစ်​ကောင်စီ၏ တပ်မ ၇၇ အထိနာ၊ စစ်သား ၂၀ ​သေဆုံး

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း ကချင်လွတ်လပ်​ရေးတပ်မ​တော် (KIA) နှင့် အာဏာသိမ်းစစ်​ကောင်စီ၏ တပ်မ ၇၇ တို့ ဧပြီ ၂၉ ရက်က တိုက်ပွဲပြင်းထန်စွာဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၂၀ ဦး သေဆုံးပြီး လက်နက်များသိမ်းဆည်းရမိကြောင်း KIA တာဝန်ရှိသူက ပြောသည်။ 

မိုးမောက်မြို့နယ်အတွင်း အ​လော့ဘွမ်​တောင်​ခြေဒေ​သဖြစ်​သော မြို့သစ်တာဝါတိုင်နှင့် ဆ​လောင်ကုန်းအ​ရှေ့ဘက် ​တောင်​ကြောတစ်​လျှောက်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ ဝင် ၂၀ ဦးသေဆုံးခဲ့သည့်အပြင် လက်နက် ၁၈ လက် သိမ်းဆည်းရမိခဲ့ကြောင်း အထက်ပါ KIA အရာရှိက ပြောသည်။ 

တပ်မ ၇၇ အထိနာခဲ့သဖြင့် စစ်ကောင်စီက ယမန်နေ့တွင် ခြောက်ကြိမ်တိုင် လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့သော်လည်း KIA ဘက်မှ ထိခိုက်မှုမရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။ 

မိုး​မောက်မြို့နယ်ဒေသခံတစ်ဦးက “တပ်မ ၇၇ ကအယောက် ၂၀ သေပြီး သေနတ် ၁၇ လက်ရတယ်။ အလော့ဘွမ်တောင်ခြေ မိုးမောက်တာဝါတိုင်နားက တိုက်ပွဲမှာ။ သူတို့ (စစ်ကောင်စီ) လည်း အလော့ဘွမ်ကို မရရအောင် ပြန်သိမ်းဖို့ ကြိုးစားလာတဲ့အ‌​ပေါ်မှာ KIA ဘက်ကလည်း လက်မလွတ်အောင်ဆိုတဲ့ သဘောမျိုးနဲ့ ထိန်းချုပ်နိုင်အောင် တက်လာတဲ့ စစ်ကြောင်းတွေကို ခုခံပြီးမှ တိုက်ခိုက်နေတဲ့ သဘောအသွင်ဆောင်ပါတယ်” ဟု Myanmar Now ကို ပြောသည်။


ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းခဲ့သည့် တပ်မ ၇၇ ကို ကချင်ပြည်နယ် အ​လော့ဘွမ်​တောင်​ခြေတိုက်ပွဲအတွင်း တပ်ပျက်သည်အထိ အထိနာခဲ့သော တပ်မ ၈၈ ကို စစ်ကူသွားရောက်ကာ ထိုးစစ်ဆင်းခဲ့ခြင်းဖြစ်သည်။ 

တပ်မ ၈၈ သည် ဧပြီ ၂၄ ရက်က KIA နှင့် အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ရာ၌ စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် စစ်ကူပစ်ခတ်ရာတွင် အချင်းချင်းမှားယွင်းပစ်ခတ်မိသဖြင့် ထိခိုက်ကျဆုံးမှု အလွန်များခဲ့ကြောင်း KIA နှင့် ဒေသခံအချို့က ပြောသည်။

ထို့အပြင် KIA က ဧပြီ ၂၉ ရက်တွင် ဗန်​းမော်လေဆိပ်အနီးတစ်ဝိုက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့​ရာ ​လေဆိပ်အနီးရှိ လက်နက်တိုက်ကို ထိမှန်ခဲ့​ကြောင်း​ သိရသည်။

မတ် ၂၅ ရက်တွင် KIA က သိမ်းပိုက်ခဲ့သည့် အလော့ဘွမ်​တောင်တပ်စခန်းကို ပြန်သိမ်းပိုက်နိုင်ရန် စစ်ကောင်စီက စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဆင်ခဲ့သည့်အပြင် လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည်။ 

​စစ်​ကောင်စီက ဂျက်တိုက်​လေယာဉ်နှင့် ရဟတ်ယာဉ်များပါ အသုံးပြုကာ ၇ ရက်ဆက် တိုက်ခိုက်ခြင်းခဲ့ကြောင့် KIA ဘက်တွင် ကျဆုံးမှုရှိ​သော်လည်း စစ်​ကောင်စီတပ်မှာ ပို၍အထိနာခဲ့သည်ဟု သိရသည်။ 

အပြင်းအထန်တိုက်ပွဲများကြောင့် ဒေသခံအရပ်သားများပါ ထိခိုက်မှုရှိလာပြီး စစ်ဘေးရှောင်ဒုက္ခသည်များလည်း ပိုများလာကြောင်း သိရသည်။ 

“မနေ့က (ဧပြီ ၂ ၈) ကုန်း‌လောရွာက တစ်ယောက်က သူတို့အိမ်မှာ လက်နက်ကြီးလာကျတယ်။ ရွာတွေမှာ အကုန်လုံး ရှောင်ကြတယ်။ အိမ်စောင့်ဆိုပြီး တစ်ယောက်နှစ်ယောက် ကျန်ကြတယ်။ အဲဒီအထဲကတစ်ယောက် ဒဏ်ရာအပြင်းအထန်ရသွားပြီး အခု မိုးမောက်စစ်ဆေးရုံရောက်သွားပြီလို့ ပြောတယ်” ဟု မိုးမောက်မြို့ခံတစ်ဦးက ပြောသည်။

ယ​နေ့ (ဧပြီ ၃၀) တွင်လည်း KIA နှင့် စစ်ကောင်စီတပ်များ အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေသည်ဟု မိုးမောက်ဒေသခံတစ်ဦးက ပြောသည်။

“ဒီမနက် လက်နက်ကြီးတွေ ပစ်နေကြတယ်။ လေယာဉ်တော့ ဒီအချိန်ထိ မလာသေးဘူး။ မနေ့ကတော့ နွမ်းလန်းမှာ ရွာသားတစ်ယောက် ‌ဒဏ်ရာရတယ်။ လက်တစ်ဖက်ကို တော်တော်ထိတာ ဖြတ်ရမယ်လို့ ပြောတယ်။ ကုန်းလော၊ နွမ်းလန်း၊ မြို့သစ်ရွာတွေက တစ်ဆက်တည်း” ဟု အဆိုပါ ဒေသခံက ပြောသည်။ 

Show More

Related Articles

Back to top button