
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နှင့် ၁၀ မိုင်ကျော်ခန့်ဝေးသော ကုလားတန်မြစ်အထက်ပိုင်း အရှေ့ဘက်ကမ်းတွင် တည်ရှိသည့် တိုက်နယ်ကျေးရွာကြီးတစ်ရွာဖြစ်သော တင်းမကြီးကျေးရွာမှ နေရပ်စွန့်ခွာလာကြသူများ နေရပ်ရင်းသို့ ပြန်နိုင်ရေး ၎င်းကျေးရွာဆရာတော်က တောင်းဆိုထားကြောင်း သိရသည်။
ထိုသို့တင်ပြတောင်းဆိုရာတွင် ကျေးရွာအနီး တပ်စွဲထားသည့် စစ်စခန်းရုပ်သိမ်းပေးရေးဟူသောအချက် မပါရဟု အကြောင်းပြန်ခဲ့သည်ဟု ဆရာတော်ကို ကိုးကားပြီး ကျေးရွာသားများက ပြောသည်။
“ကျွန်တော်တို့ ပြန်ချင်ပါတယ်။ ကျွန်တော်တို့ပြန်ဖို့အကြောင်းကို ခွင့်ပြုချက်တင်ဖို့ လိုအပ်တာကိုတင်ပြဖို့ စီစဉ်နေကြတယ်။ ကျွန်တော်တို့ကျေးရွာက ဆရာကြီးပြောတဲ့စကားအရဆိုရင် သူတို့(စစ်ကောင်စီ)က တင်ချင်တာ အားလုံးတင်၊ တောင်ရှည်တောင်မှာရှိတဲ့ တပ်စခန်းရုပ်သိမ်းပေးဖို့ လုံးဝမပါရ၊ အဲဒီလိုပြောတယ်လို့ ပြောပါတယ်” ဟု တင်းမကြီးကျေးရွာသားတစ်ဦးက ပြောသည်။
တင်းမကျေးရွာသားများမှာ မိမိနေရပ်ရင်းသို့ ပြန်လိုကြသော်လည်း ကျေးရွာအနီး တပ်မတော်က တပ်စွဲထားခြင်းနှင့် ထပ်မံဖမ်းဆီးရိုက်နှက်ခံရမည်ကို ရွာသားများက စိုးရိမ်နေသည်။
တင်းမဆရာတော်ကလည်း ဧပြီ ၂၆ ရက်နေ့က ရွာသားများအတွက် အရေးဆိုစဉ် ကျေးရွာအနီးတပ်စွဲထားမှုအား ရုပ်သိမ်းပေးရေးတောင်းဆိုခွင့် မရခဲ့ဟု မိန့်ကြားသည်။
“တပ်စခန်း အဲဒီအနီးအနားမှာရှိရင် ရွာသားတွေက အဆင်မပြေ။ အဲဒါကို သူတို့(စစ်ကောင်စီ)က လုံးဝမကြိုက်တဲ့သဘောမျိုး။ မတောင်းဆိုရပုံစံမျိုးမဟုတ်ဘူး။ ပြောခွင့်တောင်မရတဲ့ပုံစံမျိုး” ဟု ဆရာတော်က မိန့်ကြားသည်။
ထိုသို့အရေးဆိုခြင်း၊ တပ်စခန်းရုပ်သိမ်းရေးအကြောင်းအရေးဆိုခွင့် ကန့်သတ်ခြင်းတို့နှင့် ပတ်သက်ပြီး စစ်တပ် ပြည်နယ်စစ်ကောင်စီကို မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။
ထိုသို့အရေးဆိုခြင်းမှာ ဆရာတော်၏ သဘောထားမဟုတ်ဘဲ ရပ်သူရွာသားများနှင့် အစည်းအဝေးပြုလုပ်ပြီး ရပ်သူရွာသားများ၏သဘောထားနှင့် လိုအပ်ချက်ကြောင့်သာ တောင်းဆိုခြင်းဖြစ်ကြောင်း၊ ကျေးရွာအနီး တပ်စွဲ စခန်းချနေခြင်းကို ရွာသူရွာသားများက မလိုလားကြကြောင်း ဆရာတော်က မိန့်ကြားသည်။
“အမှန်ပြောမယ်ဆိုရင် သူတို့(စစ်တပ်)က သတ်မှာလား၊ ရိုက်ခံမှာလားဆိုတဲ့ စိတ်ခံစားမှုပိုင်းတွေနဲ့ အရမ်းရွံရှာ မုန်းတီးသွားတဲ့သဘောတွေ ရောက်သွားတယ်။ ပြောရမယ်ဆိုရင် လူတွေအထဲမှာ မမြင်အပ်တဲ့အရာမျိုးလို လူတွေရဲ့စိတ်မှာ ထည့်ပစ်လိုက်ကြတဲ့ပုံစံမျိုး အရမ်းမုန်းတီးသွားတယ် တပ်မတော်ဆိုရင်” ဟု ဆရာတော်က မိန့်ကြားသည်။
တောင်းဆိုရာတွင် ကျေးရွာအတွင်းအပြင်နှင့် ကျေးရွာသားများလုပ်ကိုင်စားသောက်ကြသော လယ်ယာ၊ တောတောင်များအား မိုင်းနှင့် စစ်ကျန်လက်နက်များအား ရှင်းလင်းပေးရေး၊ ပျက်စီးဆုံးရှုံးသွားသည့် နေအိမ်များကို ပြန်လည်တည်ဆောက်ပေးရေး၊ ပြန်လည်ထူထောင်ရာတွင် လိုအပ်သည်များကို အပြည့်အဝဆောင်ရွက်ပေးရေးတို့ပါဝင်ကြောင်း သိရသည်။
ယင်းအပြင် တင်းမကြီးမှ ၁၀ ဦးနှင့် တင်းမသစ်မှ ၈ ဦးတို့ကို တပ်မ ၅၅ က ဖမ်းဆီးခေါ်ဆောင်သွားမှုအတွက် ထိရောက်စွာ စုံစမ်းပြီး ကျူးလွန်သူများကို ဥပဒေအရ ထိထိရောက်ရောက်အရေးယူပေးရန်လည်း တင်ပြတောင်းဆိုထားကြောင်း ဆရာတော်က မိန့်သည်။
တင်းမကျေးရွာသားများအား တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့်ပတ်သက်ပြီး မိသားစုဝင်များက ကျောက်တော်မြို့မရဲစခန်းတွင် အကြိမ်ကြိမ်သွားရောက် တိုင်ချက်ဖွင့်ခဲ့ကြပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် အစိုးရထံသို့ တိုင်စာများပေးပို့ခဲ့ကြသော်လည်း ယနေ့ထိ တစ်စုံတစ်ရာထူးခြားမှု မရှိခဲ့ပေ။
ယခုနှစ်နှစ်ဆန်းပိုင်းတွင် ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များအား ကျောက်တော်မြို့မရဲစခန်းနှင့် မြို့နယ်ထွေအုပ်ရုံးက ရပ်မိရပ်ဖသက်သေများဖြင့် ခေါ်ယူမေးမြန်း စစ်ဆေးခဲ့ကြောင်း ပျောက်ဆုံးနေသူများထဲမှ မိသားစုဝင်တစ်ဦးဖြစ်သူ ဦးမောင်တုတ်က ပြောသည်။
ယင်းအပြင် ဖမ်းဆီးခေါ်ဆောင်ခံရသူများ၏ မိသားစုဝင်များကို မြောက်ဦးခရိုင်ရဲတပ်ဖွဲမှူးရုံးက ၂၀၂၀ ဒီဇင်ဘာလအတွင်းက ခေါ်ယူမေးမြန်းစစ်ဆေးခဲ့သော်လည်း ယခုအချိန်ထိ ထူးခြားမလာသေးပေ။
တင်းမကြီးနှင့် တင်းမသစ်ကျေးရွာသားများသည် ဖမ်းဆီးခေါ်ဆောင်ခံရမည်ကို စိုးရိမ်ကြောက်လန့်ပြီး ရွာလုံးကျွတ် ကျောက်တော်မြို့ပေါ်သို့ ထွက်ပြေးခိုလှုံခဲ့ကြကာ ယခုဆိုလျှင် အဝတ်တစ်တည်ကိုယ်တစ်ခုဖြင့် နေရပ်စွန့်ခွာခဲ့ရသည်မှာ တစ်နှစ်ကျော်ရှိနေပြီဖြစ်သည်။
နေရပ်စွန့်ခွာခဲ့ရပြီးနောက် ပြီးခဲ့သည့်နှစ် မတ် ၂၂ က တင်းမကြီးကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည်။ ထိုပစ်ခတ်မှုကြောင့် တင်းမကြီးကျေးရွာတွင် အိမ်ခြေ ၅၈၅ ဆောင်ရှိသည့်အနက် နေအိမ် အလုံး ၁၃၂လုံး မီးလောင်ပြာကျခဲ့ရသည်ဟု ယခုနှစ် ပြီးခဲ့သည့် မတ် ၂၃ က သွားရောက်ကြည့်ရှုခဲ့သူများက ပြောသည်။
လူမနေ၍ ချုံနွယ်များကြားထဲ ပျက်စီးယိုယွင်းသွားသည့် နေအိမ် ၉၃ လုံးရှိကြောင်း သွားရောက်ကြည့်ရှုခဲ့သူများက ပြောသည်။
“ရွာကို သွားကြည့်တဲ့အချိန်မှာ အများကြီးစိတ်ပျက်မိစရာတွေပါ။ ဘာဖြစ်လို့လည်းဆိုတော့ အိမ်ခြေ ၁၃၂လုံးက လုံးဝ ပြာကျသွားတာ။ အတိအကျမဟုတ်ပေမဲ့ အနီးစပ်ဆုံးတော့ ကျွန်တော်တို့ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ (စစ်တပ်)က တင်းမတစ်ရွာလုံးကို ကျွန်တော်တို့ကိုသွားခွင့်မပေးဘူး” ဟု တင်းမကြီးကျေးရွာသားတစ်ဦးက ပြောသည်။
တင်းမကြီးကျေးရွာအရှေ့ဘက် စစ်တပ်ရှိနေသည့်နေရာနှင့် မလှမ်းမကမ်းနေရာများသို့ သွားခွင့်မပြုသည့်အပြင် အန္တရာယ်ရှိသည်ဟုဆိုကာ ကျေးရွာအတွင်း အစအဆုံးနှံ့စပ်အောင် ကြည့်ရှူခွင့်မရခဲ့ဘဲ မီးလောင်သွားသည့် နေအိမ်များနှင့် ပျက်စီးယိုယွင်းနေသည့် အိမ်စာရင်းများကို မျက်စိတမြင်က ကောက်ယူရရှိလာသည့် စာရင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ထိုရွာသားက ပြောသည်။