
ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ဗဟိုလမ်းမပေါ် ကျိုက်လတ်လမ်းမရောက်မီ ပေ ၆၀ ခန့်အကွာကတည်းက သစ်သား ညှော်နံ့တို့က လှိုင်လှိုင်ထနေသည်။ ထိုနေရာက ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၅ နာရီခွဲက အုတ်ခံ ပျဉ်ထောင် နှစ်ထပ်အိမ် အောက်ထပ်ရှိ ‘ငွေတောင်’လက်ဖက်ရည်ဆိုင်မှ ဆိုင်ဖွင့်ရန် မီးဖိုနေစဉ် ဂတ်အိုးပေါက်ကွဲမှုနှင့်အတူ တစ်အိမ်လုံး မီးလောင်ပြာကျသွားရသည့်နေရာဖြစ်သည်။
ထို့ထက်ဆိုးသည်က အဆိုပါဆိုင် အပေါ်ထပ်တွင် ရှိနေသည့် မိသားစုဝင် သားအမိသားအဖ သုံးဦးလုံး မီးလောင်သေဆုံးခဲ့ရခြင်းဖြစ်သည်။
သေဆုံးသွားသူများသည် အဆိုပါအိမ်၏ အိမ်ရှင်များဖြစ်ကြသည့် အသက် ၇၄ နှစ်အရွယ် ဦးမြခိုင်၊ ၎င်း၏ဇနီး အသက် ၈၄ နှစ်အရွယ် ဒေါ်မြမြနှင့် သမီးဖြစ်သူအသက် ၃၈ နှစ်အရွယ် မစိုးစိုးတို့ဖြစ်ကြောင်း မစိုးစိုး၏ အမြွှာညီအစ်မ မစိမ့်စိမ့်က Myanmar Now ကိုပြောသည်။
“ကျွန်မက သင်္ဃန်းကျွန်းမြို့နယ်မှာ နေတဲ့သူ။ မီးလောင်တယ်သတင်းကြားလို့ ကျွန်မရောက်တော့ တစ်အိမ်လုံး မီးလောင်ပြီးသွားပြီ။ ကျွန်မအဖေ၊ အမေနဲ့ အမြွှာညီမလေး (စုစုပေါင်း) သုံးယောက် မီးထဲပါသွားတာ ဟုတ်ပါတယ်။ လက်ဖက်ရည်ဆိုင်က အလုပ်သမား နှစ်ယောက်လည်း ခြေထောက်ကျိုးဒဏ်ရာရသွားတယ်။ အဓိက လှေကားက မီးအရင်လောင်တဲ့ပုံစံမျိုးဆိုတော့။ သူတို့အလောင်းကိုတွေ့ရှိတဲ့အချိန် ကျွန်မအထင် သူတို့မီးလောင်တာမှာ အိပ်ရာထဲကတောင် ထဖို့မမီလိုက်ဘူးထင်တယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ နှစ်ထပ်အိမ်ဘေးရှိ ထပ်ခိုးပါသည့် သုံးထပ်တိုက်၏ အခန်းတချို့ပါ မီးလောင်ခံလိုက်ရသည်။
“ကျွန်တော်တို့လမ်းမျက်နှာချင်းဆိုင်ပေါ့။ အိမ်ပိုင်ရှင်ဦးလေးနဲ့ သိပ်ခင်တာ။ သူ့သမီး အမြွှာအကြီးမလေးလည်း သေတယ်။ အင်္ဂလိပ်စာကျူရှင်ပေးနေတဲ့ကောင်မလေး။ တစ်မိသားစုလုံး သိပ်သဘောကောင်းရှာတာ။ အေးအေး ဆေးဆေး နေတဲ့မိသားစု။ အိမ်ပိုင်ရှင် ဦးမြခိုင်ဟာလေဖြတ်နေလို့ မီးမလောင်ခင် တစ်ရက်က ဆေးရုံကဆင်းလာတာ။ ကံပါပုံများ ပြောပါတယ်။ စမ်းချောင်းမီးလောင်လို့ လူသေဆုံးမှုများတာ ၁၉၈၀ ခုနှစ်များက ကျွန်းတောလမ်းနဲ့ ဗားကရာလမ်းထောင့် လူလေးယောက်သေခဲ့ရပြီးနောက် ဒါအများဆုံးပဲ၊ ကျွန်တော်သိသလောက်ပေါ့”ဟု ယခုမီးလောင်သည့်အနီးတွင် နေထိုင်သည့် ကိုဖိုးလမင်းက ၎င်း၏ facebook တွင် ရေးထားသည်။
ယခုမီးလောင်မှုသည် ယခုနှစ်အတွင်း စမ်းချောင်းမြို့နယ်၌ ပထမဆုံးသော မီးလောင်မှုဖြစ်သလို လူသေဆုံးမှု အထိပါ ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း၊ အဓိကဖြစ်ရသည့်အကြောင်းရင်းက ဂတ်စ်ယိုစိမ့်နေသည်ကို မသိဘဲ မီးမွှေးလိုက်သည့်အတွက်ကြောင့် စတင်မီးလောင်ခဲ့ပြီး ဂတ်စ်အိုးများပေါက်ကွဲမှုကြောင့် ဤမျှမီးကြီးသွားခဲ့ခြင်း ဖြစ်ကြောင်း စမ်းချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ မြို့နယ်ဦးစီးအရာရှိ ဦးကျော်ဝင်းသန်းက ပြောသည်။
မီးလောင်ပြီး သုံးမိနစ်အကြာတွင် သတင်းရရှိပြီး တစ်မိနစ်အတွင်း အဆိုပါနေရာသို့ မီးသတ်ကားတစ်စီးအမြန်ဆုံး စေလွှတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုအဆင့် (၂) အဖြစ် သတ်မှတ်ကာ သန္ဓေ မီးသတ်အင်အား ၂၁၈ ယောက်၊ မီးငြှိမ်းသတ်ရေးယာဉ် ၂၈ စီး၊ အထောက်အကူပြုယာဉ် ၉ စီး၊ အုပ်ချုပ်မှုယာဉ် ၈ စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၁၀ မိနစ် အတွင်း မီးညွန့်ကျိုးသွားသည်ဟု သူကဆိုသည်။
“အဓိကကတော့ ဂတ်စ်အိုးပေါက်တာပဲ။ အိမ်ကလည်း သစ်သားပျဉ်ထောင်အိမ်ဖြစ်တော့ လောင်စာတွေချည်းပဲ။ အဲ့ဒါကြောင့် မီးလောင်တာ မြန်ဆန်သွားတယ်။ ကြောင်ရော၊ ခွေးရော ပြေးမလွတ်လိုက်ဘူး။ အဲဒီတိရစ္ဆာန်တွေရဲ့ မီးလောင်တဲ့ရုပ်အလောင်းတွေကို ကျွန်တော်တို့တွေ့ရတယ်။ သေဆုံးသူ သုံးဦးလုံးရဲ့ အလောင်းကိုတော့ ကျွန်တော်တို့ အောက်ထပ်မှာပဲ တွေ့ရတာပါ” ဟု သူက ဆက်ဆိုသည်။
ယခုမီးလောင်မှုဖြစ်စဉ်အတွက် မီးစတင်မွှေးသူဟု ယူဆရသည့် အဆိုပါ လက်ဖက်ရည်ဆိုင်မှ အလုပ်သမား ကိုအောင်သူကို ယာယီသံသယရှိသူအနေဖြင့် မီးမတော်တဆ ပေါ့ဆမှုဖြစ်သည့် ပုဒ်မ ၂၈၅ အပြင် လူသေဆုံးမှုပါ ဖြစ်ပွားခဲ့သည့်အတွက် ပုဒ်မ ၃၀၄(က) တို့ဖြင့်ပါ အမှုဖွင့်ဆောင်ရွက်ထားကြောင်း မြို့နယ်မီးသတ်ဦးစီးအရာရှိက အတည်ပြုသည်။
မီးလောင်ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၇၇ သိန်း ၅ သောင်းရှိသည်ဟု ၎င်းက ပြောသည်။
ဂတ်စ်အိုးနှင့်သစ်သားအိမ်
မီးလောင်ခဲ့သည့်အိမ်သည် အပေါ်ထပ်နှင့် အောက်ထပ် ဆက်သွယ်ထားသည့် လှေကားက အတွင်းဘက် တွင်သာရှိနေခြင်း၊ အောက်ထပ်မီးလောင်သည့်အခါ လှေကားမီးလောင်သွားခြင်းကြောင့် ယခုလို လူသေဆုံးခဲ့ရသည်အထိ ဆိုးသွားခဲ့ခြင်းဖြစ်မည်ဟု အိမ်နီးနားချင်းများက သုံးသပ်ကြသည်။
ဂတ်စ်အိုးပေါက်ကွဲသံကြောင့် တစ်ဖက်လမ်းထိပ်တွင် ဆိုက်ကားဂိတ်ထိုးနေချိန် အခင်းဖြစ်ရာနေရာသို့ ပြေးသွားသည့်အခါ အောက်ထပ်တစ်ခုလုံး မီးလောင်နေပြီး အနားမကပ်နိုင်ကြောင်း၊ လက်ဖက်ရည်ဆိုင်အတွင်းရှိသူများကို အပြင်သို့ ထွက်ပြေးရန်အော်ဟစ်ပြီး အဆိုပါမီးလောင်သည့် အိမ်ဘေးတိုက်ရှိ လက်ဖက်ရည်ဆိုင်အတွင်းရှိ ဂတ်စ်အိုးများကို အပြင်သို့ ထုတ်ရာတွင် ဝိုင်းကူခဲ့ခြင်းဖြင့် မီးမကူးစက်အောင် ရပ်ကွက်နေ ပြည်သူများက ကာကွယ်ခဲ့ရကြောင်း ပန်းတနော်လမ်းထိပ်တွင် ဆိုက်ကားနင်းသူ ကိုအောင်ကိုကိုက ပြောသည်။
“အပေါ်မှာ လူတွေရှိသေးတယ်လို့ ဆိုင်ထဲက အလုပ်သမားတွေက ပြောလို့ ကျွန်တော်တို့ ပြန်သွားသေးတယ်။ မီးက တအားပြင်းနေတော့ ကျွန်တော်တို့ ဘယ်လိုမှ သွားကယ်ထုတ်လို့မရခဲ့ဘူး။ အနားတောင်ကပ်လို့မရခဲ့ဘူး” ဟု သူဆိုသည်။
ထို့အပြင် အဆိုပါမီးလောင်သည့် လက်ဖက်ရည်ဆိုင်ရှေ့တွင် ကားရပ်နားထားသူ ကိုသူရမျိုးကလည်း ဂတ်စ်အိုး ပေါက်ကွဲသံကို မိမိတို့ ဝါးခယ်မလမ်းအတွင်းရှိအိမ်မှ ကြားလိုက်ရသဖြင့် ဝရန်တာသို့ ပြေးထွက်ကြည့်ရာ ကားရပ်ထားသည့် နေရာတွင် မီးလုံးကြီး တက်လာသည်ကို မြင်တွေ့ရသဖြင့် ကားသော့ဆွဲကာ အိမ်အောက်သို့ ပြေးဆင်းသွားပြီး ကားနား ရောက်သည့်အခါ မိမိ၏ကားတံခါးကိုပင် လက်ဖြင့်ဆွဲမဖွင့်နိုင်သဖြင့် ပုဆိုးကိုခုကာ ဆွဲဖွင့်ပြီး မီးလွတ်ရာနေရာသို့ ရွှေ့ပြောင်းခဲ့ရသည်ဟု ပြောသည်။
မီးလုံးကြီး ကောင်းကင်ပေါ်သို့ တက်လာသည်ကို မြင်တွေ့ရသည့်အချိန်နှင့် မိမိကားနားရောက်သည့်အချိန်သည် အလွန်ဆုံးရှိမှ နှစ်မိနစ်မျှသာကြာနိုင်ကြောင်း၊ ကားကို မီးလွတ်ရာသို့ရွှေ့ပြောင်းပြီး ပြန်လာကြည့်ချိန်တွင် တစ်အိမ်လုံးက မီးဝါးမျိုနေပြီဖြစ်ကြောင်း သူက ဆက်ပြောသည်။
“ကျွန်တော်ကားနားရောက်တော့ ကားတံခါးက တော်တော်ပူနေပြီ။ မီးလောင်တဲ့အိမ်အရှေ့မှာရှိတဲ့ အင်တာနက် ကွန်ရက်ကြိုးတွေက မီးဒဏ်ကြောင့် ကော်တွေပျော်ပြီး အောက်ကိုမီးပွားလို တစက်စက်ကျနေတာ။ ကားတံခါးကို ပုဆိုးနဲ့ကိုင်ဖွင့်ပြီး အထဲဝင်လိုက်တော့ ကားထဲမှာတင်အပူရှိန်တော်တော်ပြင်းပြီး မီးခိုးတွေ တော်တော်မွှန်နေတာ” ဟု သူက ဆိုသည်။
မီးလောင်သည်ဟု သိသိချင်း မည်သည့်ပစ္စည်းမှ ယူဆောင်သွားနိုင်ခြင်းမရှိဘဲ ကိုယ်လွတ်ထွက်ပြေးကြရသည်ဟု အိမ်နီးနားချင်းများက ပြောကြသည်။
“ကျွန်မတို့လည်း ကြောက်ကြောက်နဲ့ ထွက်ပြေးခဲ့တာပဲ။ နောက်ကိုပြန်လှည့်မကြည့်နိုင်ဘူး။ မီးဆို ကတည်းက အိပ်ရာကထပြေးရတာ။ ဘယ်လိုတွေဆက်ဖြစ်တယ် ကျွန်မတိတိကျကျ မမြင်လိုက်ရဘူး။ မီးက ဒီလောက်အထိ ဖြစ်သွားတာကတော့ ဂတ်စ်အိုးနဲ့ သစ်သားအိမ်ဖြစ်တာကြောင့် သူတို့ခမျာ အခုလို သေဆုံးရတဲ့အထိ ဖြစ်သွားတာလို့ ယူဆရတာပဲ” ဟု မီးလောင်သည့်အိမ်ဘေးဘက်ကပ်လျက်တိုက်တွင် နေထိုင်နေသည့် အမျိုးသမီးတစ်ဦးက မှတ်ချက်ပြုသည်။
‘ဂတ်စ်သုံးတယ်။ ဒါပေမဲ့ မီးသတ်ဆေးဘူးမရှိဘူး’
စမ်းချောင်းမြို့နယ်အတွင်း ယခုလို ဂတ်စ်အိုးပေါက်ကွဲရာမှ မီးလောင်မှု ဖြစ်ပျက်ခဲ့သော်လည်း တချို့နေအိမ်များတွင် မီးဖိုချောင်တွင် ဂတ်စ်အိုးသာအသုံးပြုပေမယ့် မီးသတ်ဆေးဘူးဆောင်ထားခြင်းမရှိဟု ဝါးခယ်မလမ်းတွင်နေထိုင်သည့် ကိုသူရမျိုးက ပြောသည်။
ထို့အပြင် စမ်းချောင်းမြို့နယ်တွင်သာမက ရန်ကုန်မြို့ရှိ တချို့တိုက်ခန်းများတွင် နောက်ဘေးအရေးပေါ်လှေကားများ မပါရှိခြင်း၊ ပါရှိပါကလည်း တော်တော်များများမှာ ပျက်စီးနေခြင်းက မိမိတို့အန္တရာယ်ကို ဖိတ်ခေါ်နေသလိုဖြစ်ရသည်ဟု သူက ဆက်ပြောသည်။
“ဟုတ်ပါတယ်။ ကျွန်တော့်အိမ်မှာလည်း ဂတ်စ်သုံးတယ်။ ဒါပေမဲ့ မီးသတ်ဆေးဘူးမရှိပါဘူး။ နောက်ဖေး လှေကားဆိုလည်း ဆွေးပြီးပျက်နေပြီ” ဟု သူကဆိုသည်။
မြို့နယ်မီးသတ်တပ်ဖွဲ့အနေဖြင့် ဆိုင်များ၊ လုပ်ငန်းများတွင် ဂတ်စ်အသုံးပြုမှုကို စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း နေအိမ်များတွင် ဂတ်စ်အိုးအသုံးပြုလျှင် မီးသတ်ဆေးဘူးဆောင်ထားရန် စီမံချက်ဆောင်ရွက်နေသည်က လေးလကျော်ရှိပြီဖြစ်ကြောင်း၊ မီးဘေးအန္တရာယ်အတွက် ဟောပြောပွဲများလည်း ပြုလုပ်ခဲ့သော်လည်း အိမ်တိုင်းတွင် မီးသတ်ဆေးဘူး မဆောင်ထားလျှင် အရေးယူရန်အခက်အခဲရှိနေကြောင်း စမ်းချောင်းမြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးကျော်ဝင်းသန်းက ပြောသည်။
နောက်ဖေးလှေကားမှအစ မီးဘေးအန္တရာယ်အတွက် မိမိတို့အိမ်တွင် ကြိုတင်ကာကွယ်မှုကို တစ်ဦးချင်းစီ၏ အသိစိတ်ဖြင့် ပြင်ဆင်ထားသင့်ကြောင်း၊ သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီအနေဖြင့်လည်း မိမိတို့၏ မူဝါဒများ၊ ဥပဒေများနှင့်ချိန်တွယ်ကာ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေးအတွက် စီမံဆောင်ရွက်ရန် လိုအပ်သည်ဟု စမ်းချောင်းမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်က သုံးသပ်သည်။
ပြည်သူများအနေဖြင့်လည်း သက်ဆိုင်ရာဌာနမှ ကာကွယ်ရေးအစီအမံများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သလို သက်ဆိုင်ရာအဖွဲ့အစည်းများကလည်း ထိထိရောက်ရောက် ကြပ်မတ်ဆောင်ရွက်သင့်သည်ဟု ၎င်းက ဆိုသည်။
“အဓိက ရပ်ကွက်ဆိုင်ရာ အုပ်ချုပ်ရေးအပိုင်းပဲဗျ။ ဆယ်အိမ်မှူးတွေကအစ ကိုယ့်အပိုင်တွေမှာ ကာကွယ်ရေးအပိုင်းကို ထိရောက်စွာ ဆောင်ရွက်ဖို့လိုတယ်။ ရန်ကုန်မြို့ရဲ့ တိုက်ခန်း၊ အိမ်ခန်းတွေဆိုတာလည်း တစ်ဦးချင်းစီ ပိုင်ဆိုင်မှု ဖြစ်နေတော့ အားလုံးစုပေါင်းမှ လုပ်လို့ရမယ့်အနေအထားမျိုး။ ဒါ့ကြောင့် စည်ပင်ကော်မတီအနေနဲ့ မြို့ပြဆိုင်ရာ မူဝါဒတွေကို ပြန်သုံးသပ်ဖို့လိုတယ်။ ပြည်သူကလည်း ပူးပေါင်းဖို့လိုတယ်။ တစ်ဦးချင်းစီနဲ့ဆိုင်သလို ဒေသအုပ်ချုပ်ရေး ခိုင်မာမှုရှိအောင်လုပ်ဖို့လည်း လိုတယ်” ဟု ဦးသော်တာအောင်က ပြောသည်။