မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ လူနေရပ်ကွက်များအတွင်း စစ်ကောင်စီတပ်က ယမန်နေ့( ဧပြီ ၂၁) ညဘက် ဝင်ရောက်ပစ်ခတ်ရာ မိန်းကလေးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်နေသူများထံမှ သိရသည်။
ယမန်နေ့ည ၉ နာရီကျော်ခန့်တွင် ဦးပွားခုံးကျော်တံတားအနီး သံလမ်းဘေးရပ်ကွက်များအတွင်း နေအိမ်ရှေ့ ရေချိုးနေသည့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ညာဘက်လက် ကျည်ထိမှန်ခဲ့ပြီး အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး ပေါင်နှစ်ဖက်နှင့် နောက်ကျောအား ကျည်ထိမှန်ဒဏ်ရာရခဲ့သည်။
ဦးပွားခုံးကျော်တံတားအနီး ပေါက်ကွဲသံတစ်ချက် ည ၉ နာရီခန့်က ကြားရပြီးနောက် လူနေရပ်ကွက်များအတွင်း ဝင်လာကြခြင်းဖြစ်သည်ဟု သံလမ်းဘေး ၈၅၂ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။
“သူတို့စီးထားတဲ့ (ရပ်ကွက်) ရုံးကနေ အသံကျယ်ကြီး ကြားလိုက်ရတယ်၊ ပြီးတော့ ဝင်ပစ်တော့တာပဲ၊ အခုမနက်ကြားတာတော့ လက်လုပ်ဗုံးပစ်ခံရတယ်။ စစ်သားနှစ်ယောက်ထိတယ်။ ဒါ့ကြောင့်ဝင်ပစ်တာတဲ့”ဟု ၎င်းက ဆိုသည်။
“ခါတိုင်းလည်း အသံဗုံးတွေပစ်၊ ညတိုင်း ပစ်ခြောက်နေတော့ ရပ်ကွက်ထဲ ဝင်လာလိမ့်မယ် ဘယ်သူမှ မထင်ကြဘူး။ ကိုယ့်အိမ်ရှေ့ ကိုယ်ထိုင်နေကြတာ။ လာပစ်တော့တာပဲ”
ညာဘက်လက် ပစ်ခတ်ခံရသည့် မိန်းကလေးငယ်သည် လက်ကို ယနေ့ ဧပြီ ၂၂ တွင် ခွဲစိတ်ကုသရန် စီစဉ်နေသည်ဟု မိသားစုဝင်က ပြောသည်။
“ (မိန်းကလေးငယ်) လက်နှစ်ချောင်းက အကြောသေသွားတယ်။ ညက မိသားစုဝင်တွေပါ မကြည့်ရဲဘူး။ လက်မောင်းသားတွေပါ ဖွာထွက်လို့”ဟု ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ည ၁၂ နာရီကျော်သည်အထိ ယင်းသို့ပစ်ခတ်ခြောက်လှန့်အပြီး ရပ်ကွက်နေ အသက် ၁၂ နှစ် အရွယ် ကလေးနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရပ်ကွက်နေမျက်မြင်များက ပြောသည်။
“ကျွန်မကလေးက ငိုတာတောင် ပါးစပ်ကို အတင်းပိတ်ထားရတယ်။ တစ်ညလုံး ကြောက်ကြောက်လန့်လန့် အိပ်ခဲ့ရတယ် ” ဟု ၈၅၂ ရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ဆိုသည်။
နေ့စဉ် ဆန္ဒပြသပိတ် အားကောင်းနေသော မန္တလေးမြို့ကို စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက သပိတ်စစ်ကြောင်းများကို ဖြိုခွင်းဖမ်းဆီးရုံမျှမက နေ့ရောညပါ ရပ်ကွက်များအတွင်းထိ ဝင်ရောက်ဖမ်းဆီး၊ ပစ်ခတ်နေသည်။
ယမန်နေ့ညကလည်း စာသင်တိုက်ကြီးတစ်ခုအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ပြီး သံဃာတော်တစ်ပါး ရာဘာကျည် ထိမှန်ခဲ့သည်။
“နောက်ကျောတွေ မှန်တာ၊ ကျောင်းထဲအထိ ဝင်ပစ်တာလို့ ပြောတယ်။ လုံခြုံရေးအရ ဘယ်ကျောင်းတိုက်လဲဆိုတာ ပြောပြလို့မရဘူး”ဟု ကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

ယနေ့မနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက မန္တလေးချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာဝင်းအတွင်း အင်အားအများအပြားဖြင့် စီးနင်းရှာဖွေနေသည်။
ဧပြီ ၁၄ ညကလည်း မန္တလေးမြို့ စိန်ပန်းရပ်ကွက်နှင့် လန်ဒန်ဝင်း လူနေရပ်ကွက်များအတွင်း စစ်တပ်က ဝင်ရောက်ပစ်ခတ်ခဲ့သည်။ ယမန်နေ့ညကလည်း စိန်ပန်းရပ်ကွက်အတွင်း ပစ်ခတ်ခြောက်လှန့်ခဲ့သေးသည်။
မန္တလေးမြို့ ပစ်ခတ်မှုများ၊ ပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးတာဝန်ရှိသူကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။



