၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖျက်သိမ်းရေး အစဉ်တစိုက်တောင်းဆိုခဲ့သူ မနှင်းသည် အဖုံးစိမ်းအုပ်ထားသော ထိုဥပဒေစာအုပ်များ ဝိုင်းဝန်းဖျက်ဆီးမီးရှို့ခဲ့သည့် ဧပြီ ၁ ရက်နေ့ကို အမြဲ သတိရနေမည်ဖြစ်သည်။
“စစ်အာဏာရှင်စနစ်ရှိနေသေးသည်၊ ၂၀၀၈ အခြေခံဥပဒေကို တိုက်ဖျက်ကြ” ဟူသည့် ကြွေးကြော်သံသည် နွေဦးတော်လှန်ရေးမတိုင်ခင် ၁ နှစ်အလို ၂၀၂၀ ပြည့်နှစ်ကတည်းကပင် မနှင်း ဘဏ္ဍာရေးမှူးတာဝန်ယူထားသည့် ရန်ကုန်ပညာရေးတက္ကသိုလ်သမဂ္ဂကျောင်းသားများ၏ ကြွေးကြော်သံပင်ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်း မတ် ၃၁ ရက်တွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။
ထိုသို့ကြေညာပြီး နောက်တစ်ရက်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)၊ မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ ပညာရေးမိသားစု၊ ဒေါင်းစစ်သည် သပိတ်တို့ ပူးပေါင်းပြီး ရာနှင့်ချီသည့် မန္တလေးပြည်သူလူထုသည် ထိုစာအုပ်စိမ်းကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။
ထိုနေ့က မနှင်းသည် နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အနက်ရောင်အလံကို ကိုင်ဆောင်ထားပြီး အပြာရောင်ဂျင်းဘောင်းဘီနှင့် ခဲရောင်တီရှပ်အင်္ကျီကို ဝတ်ဆင်ထားသည်။
ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးထီးနန်းစိုက်ရာ မြန်မာပြည်အလယ်ပိုင်းရှိ မန္တလေးမြို့၏ လမ်းမများသည် နွေနေပူပူကြောင့် တံလျှပ်များထနေသည်။
မနှင်းက မီးတောက်လောင်ဆဲ စာအုပ်စိမ်းကို ကိုင်ကာ စစ်ဗိုလ်ချုပ်များ အတင်းအကျပ်အတည်ပြုခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နွေဦးတော်လှန်ရေးကြောင့် နိဂုံးချုပ်သွားပြီဟု ပြောလိုက်သည်။
“အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်နိုင်ဖို့ လမ်းစတစ်ခုလို့လဲ ယူဆလို့တော့ရတယ်။ အဲဒီလို မဖြစ်ဖြစ်အောင်လည်း လုပ်ရမှာပဲ” ဟု မနှင်းက ၎င်း၏ ခံစားချက်ကို Myanmar Now ကို ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်း CRPH က ကြေညာပြီး နောက်တစ်နေ့တွင် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို မျှော်လင့်စောင့်စားနေကြသည့် နိုင်ငံအနှံ့အပြားရှိ ပြည်သူများသည် ၎င်းတို့ဆန္ဒမပါဘဲ စစ်အာဏာရှင်များက မတရားအတည်ပြုခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်စိမ်းများကို လိုက်လံစုစည်း၊ မီးရှို့ဖျက်ဆီးပြီး အောင်ပွဲခံခဲ့ကြသည်။
ပြည်သူ့ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည့် CRPH ၏ ဖက်ဒရယ်ပဋိညာဉ်ကို အကောင်အထည်ဖော်နိုင်ရန် လိုအပ်ချက်များစွာရှိနေသေးသော်လည်း အခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ကြေညာနိုင်ခဲ့ခြင်းမှာ ဖက်ဒရယ်ပြည်ထောင်စု၏ လမ်းစဖြစ်သည်ဟု မြန်မာပြည်သူများက ယုံကြည်ကြသည်။
ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်
CRPH က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သည့် မတ် ၃၁ တွင် ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်များပါဝင်သည့် ဖက်ဒရယ်ပဋိညာဉ်ကို ထုတ်ပြန်ကြေညာခဲ့သည်။
ထိုပဋိညာဉ်တွင် အစိတ်အပိုင်း ၂ ခု ပါဝင်ပြီး ပြည်ထောင်စုအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ၊ အရင်းခံပြဿနာများ အပြီးသတ်ချုပ်ငြိမ်းပြီး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရန် ရည်ရွယ်သည်ဟု ဖော်ပြထားသည်။
ထိုပဋိညာဉ်တွင် ဖော်ပြထားသော နိုင်ငံရေးလမ်းပြမြေပုံ ၈ ခုထဲတွင် ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းရန်နှင့် တိုင်းပြုပြည်ပြုညီလာခံ ခေါ်ယူကျင်းပပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲ အတည်ပြုနိုင်ရန် စသည်တို့ ပါဝင်သည်။
တိုင်းပြုပြည်ပြုညီလာခံက အတည်ပြုလိုက်သည့် အခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲကျင်းပပြီး အတည်ပြုပြဋ္ဌာန်းသွားရမည်ဖြစ်သည်။
လမ်းပြမြေပုံ အဆင့် ၄ အရ ဧပြီ ၁၆ တွင် CRPH က ဦးဆောင်ပြီး NUG အစိုးရကို ဖွဲ့စည်းနိုင်ခဲ့သည်။
မြန်မာနိုင်ငံ၏ အရင်းခံပြဿနာမှာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံသည့် အခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်ရေးဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ချမှတ်ခဲ့သည့် ပင်လုံစာချုပ်ပါ အခြေခံမူများကို အခြေခံသည့် ဖက်ဒရယ်အခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်လာရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဧပြီ ၁၆ သတင်းစာရှင်းလင်းပွဲတွင် ဖက်ဒရယ်ရေးရာဝန်ကြီးတာဝန်ယူထားသူ ဆလိုင်းလျန်မှုန်းဆာခေါင်းက သတင်းထောက်များကို ပြောသည်။
“အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကလည်း ပင်လုံစာချုပ်ကို အပြည့်အဝအကောင်အထည်မဖော်နိုင်လို့ ဖြစ်ပေါ်လာတဲ့ ပြဿနာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့က ပင်လုံစာချုပ်ကို အပြည့်အဝအကောင်အထည်ဖော်နိုင်ဖို့ လိုတယ်” ဟု ၎င်းက ပြောသည်။
တောင်တန်း၊ မြေပြန့်မခွဲခြားဘဲ ဖက်ဒရယ်ဒီမိုကရေစီနှင့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရန် ကြိုးစားနေသည့် ကာလများတွင် စစ်တပ်က စစ်အာဏာသိမ်းခဲ့သည်မှာ ၃ ကြိမ်တိုင်တိုင်ရှိခဲ့ပြီဟု ၎င်းက ပြောသည်။
ဝန်ကြီးချုပ် ဦးနုလက်ထက် ၁၉၆၂ မတ် ၂ ရန်ကုန်တွင် ကျင်းပမည့် လူမျိုးပေါင်းစုံပါဝင်သည့် ဖက်ဒရယ်နှီးနှောဖလှယ်ပွဲများမတိုင်ခင် စစ်အာဏာသိမ်းခြင်း၊ ၁၉၈၈ ဒီမိုကရေစီ ပြည်သူ့အရေးတော်ပုံကြီးတွင် စစ်အာဏာသိမ်းခြင်း၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ၂၁ ရာစုပင်လုံညီလာခံတွင် ဖက်ဒရယ်အခြေခံမူများ ချမှတ်ဆွေးနွေးနေချိန် စစ်အာဏာသိမ်းလိုက်ခြင်းတို့ကို ဒေါက်တာလျန်မှုန်းဆာခေါင်းက ရည်ညွှန်းပြောဆိုလိုက်ခြင်းဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့အသက် ၆၅နှစ်ပြည့်တော့မည့် အချိန်တွင် အငြိမ်းစားမယူဘဲ နိုင်ငံ့ခေါင်းဆောင်များကို မဲစာရင်းမှားယွင်းမှု အကြောင်းပြ၍ ဖမ်းဆီးကာ အာဏာသိမ်းခဲ့သည်။ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ပြီး ထိုသို့ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးက အာဏာမသိမ်းမီ ၄ ရက်အလိုတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာခြင်း မရှိပါက ဖျက်သိမ်းနိုင်သည်ဟု ပြောကြားခဲ့သည်။
၂၀၀၈ အခြေခံဥပဒေသည် စစ်တပ်က သဘောတူမှ ပြုပြင်ပြောင်းလဲနိုင်စေရန် စီမံရေးဆွဲထားခြင်းဖြစ်သည်။ အစိုးရခေါင်းဆောင်အများအပြားကို ဖမ်းဆီးပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သော်လည်း ဤလုပ်ရပ်မှာ အခြေခံဥပဒေနှင့် ညီသည်ဟု ဗိုလ်ချုပ်ကြီးတို့က ပြောသည်။
စစ်တပ်က ထိုဥပဒေပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ပြီး အာဏာသိမ်းလိုက်သည့်အတွက် ထိုဥပဒေမှာ ပျက်ပြယ်သွားပြီးဖြစ်သည်ဟု ဥပဒေပညာရှင်တို့က သုံးသပ်သည်။ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်သော နွေဦးတော်လှန်ရေး၏ ဦးတည်ချက်တစ်ခုကလည်း စစ်တပ်စိတ်ကြိုက် အခြေခံဥပဒေကို ဖျက်သိမ်းရေးဖြစ်သည်။
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု
နွေဦးတော်လှန်ရေးကာလအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုကြောင့် အပြစ်မဲ့ပြည်သူ ၇၃၈ ဦး ကျဆုံးခဲ့ပြီး ဖမ်းဆီးခံထားရသူ ၃၃၀၀ အထိ ရှိနေပြီဖြစ်သည်ဟု AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက ဧပြီ ၂၀ တွင် ထုတ်ပြန်သည်။ အလောင်းဖျောက်ခြင်း၊ ဖမ်းဆီးမှုကို ဖုံးကွယ်ထားခြင်း၊ သတင်းကောက်ယူစုစည်းမှုမပြုနိုင်ရန် ခြိမ်းခြောက်ကန့်သတ်ခြင်းတို့ကြောင့် ကိန်းဂဏန်းအမှန်မှာ ထို့ထက်များမည်ဟု လေ့လာသူတို့က ယူဆနေကြသည်။
စစ်ကောင်စီက အကြမ်းဖက်နေသော်လည်း Generation-Z ဟု ခေါ်ဆိုကြသည့် လူငယ်များက နွေဦးတော်လှန်ရေးကို ဆက်လက်ဦးဆောင်နေကြဆဲဖြစ်သည်။
မြန်မာနိုင်ငံအနှံ့အပြားရှိ နွေဦးတော်လှန်ရေးတွင် တက်ကြွစွာပါဝင်ကြသည့် လူငယ်များက နိုင်ငံ၏ အဓိကပြဿနာတစ်ရပ်ဖြစ်သည့် ဖက်ဒရယ်အခြေခံဥပဒေပေါ်ပေါက်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် ကြွေးကြော်တိုက်ပွဲဝင်နေကြပြီဖြစ်သည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ်က မြေပြန့်ဒေသတွင် နေထိုင်သူများက ဖက်ဒရယ်ဆိုသည်မှာ ခွဲထွက်ရေးမဟုတ်ဘဲ ပိုမိုစည်းလုံးညီညွတ်သည့် ပြည်ထောင်စုနိုင်ငံတစ်ခုကို ဦးတည်နေသည်ဆိုသည်ကို နားလည်နေသည့် အချိန်ဖြစ်သည်ဟု ဧပြီ ပထမပတ်တွင် Myanmar Now ကို ပြောသည်။
“ဒီအချိန်က လူထုရဲ့ စိတ်ဓာတ်က အမြင့်ဆုံးကို ရောက်နေတယ်။ ဖက်ဒရယ်ဆိုတဲ့စကားလုံးကိုလည်း အားလုံးက လက်ခံနေတဲ့အချိန်မှာ ဖက်ဒရယ်တပ်မတော်နဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် အစဖော်သင့်ပြီ။ ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား လုပ်သွားသင့်တယ်”ဟု စိုင်းလိတ်က ပြောလိုက်သည်။
ပြည်သူ့ဆန္ဒသဘောထားမပါဘဲ စစ်အာဏာရှင်ခေတ်က အတည်ပြုခဲ့သည့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မီးရှို့ဖျက်ဆီးခဲ့သော ဗကသများအဖွဲ့ချုပ်ကျောင်းသူ မနှင်းက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုများကြားကပင် ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးကြွေးကြော်သံများ ကြွေးကြော်ရင်း ဆက်လက်ချီတက်နေဆဲဖြစ်သည်။
“၂၀၀၈ ကို ဖျက်သိမ်းတာကတော့ အဆင်ပြေတယ်။ ဒါပေမယ့် Federal Charter ကတော့ EAOs (အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ) ရော၊ တိုင်းရင်းသားတွေရော လိုချင်တဲ့ ဖက်ဒရယ်ပုံစံမျိုးတော့ မဟုတ်သေးဘူး” ဟု ၎င်းက ပြောသည်။
ထိုသို့ ဝေဖန်နေကြသော်လည်း NUG အစိုးရအဖွဲ့ဝန်ကြီးများက စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး ဖက်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင်သွားမည်ဟု ခိုင်ခိုင်မာမာ ကတိပြုသည်။
NUG ၏ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က မြန်မာနိုင်ငံ၏ လက်ရှိရင်ဆိုင်နေရသည့် ပြဿနာမှာ ပြည်ထောင်စုတွင်းနေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုများအကြား တန်းတူညီမျှမှုကို မရရှိခဲ့သည့်အတွက်ကြောင့်ဖြစ်ကြောင်း အစိုးရသစ်၏ ပွဲဦးထွက်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောသည်။
၎င်းတို့ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးတာဝန်သာမကဘဲ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်ရေးကိုလည်း ဖော်ဆောင်သွားမည်ဟု ၎င်းက ကတိပြုသည်။
“တစ်ဖက်မှာ အာဏာရှင်ဆန့်ကျင်ရေးကို ဆောင်ရွက်နေသလို တစ်ဖက်မှာလည်း တစ်ပြိုင်နက်တည်း ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို တည်ဆောက်သွားဖို့ လိုအပ်တယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်” ဟု ဝန်ကြီးက ပြောလိုက်သည်။