ရန်ကုန်၊ လှိုင်သာယာမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးနဲ့ ကပ်လျက် လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့ ဦးဝင်းမောင်တစ်ယောက် ကျူးကျော်ရပ်ကွက်တစ်ခုထဲ မိုးချုပ်ခါနီးမှ ရောက်လာသူ မျက်နှာစိမ်းတွေကို အကြံပေးနေပါတယ်။
“အခုအချိန်က နည်းနည်းမှောင်လာပြီဗျ။ အချိန်က သိပ်မရှိတော့ဘူး။ ကျွန်တော်ကတော့ ညဘက်ကြီး အဲဒီကို မသွားစေချင်ဘူး” လို့ အဲဒီမြို့နယ်ထဲက နာမည်ဆိုးထွက်နေတဲ့ ညောင်ရွာကို သွားမယ့်သူတွေကို တားနေတာပါ။
ဦးဝင်းမောင်ဟာ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတုန်းက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အတွက် NLD လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသူပါ။
ညောင်ရွာဆိုတာ လှိုင်သာယာမြို့အလယ်လောက်မှာ ရှိပြီး ပန်းလှိုင်မြစ်နံဘေးက ဓနိမိုးဝါးခင်း အိမ်လေးတွေ ထောင်နဲ့ချီပြီးရှိတဲ့ ရွာတစ်ရွာပါ။ အိမ်အများစုဟာ နှစ်မီတာလောက်ပဲ ကျယ်ပြီး တစ်အိမ်နဲ့ တစ်အိမ်အကြားမှ ထံရံ ပါးပါးလေးတွေပဲ ခြားထားပါတယ်။
ခြေဗလာနဲ့ ကလေးတွေ ကစားနေ၊ လမ်းဘေးခွေးတွေကလည်း ယင်လုံအိမ်သာမရှိ၊ သောက်သုံးရေပိုက်သွယ်တန်းထားတာ မရှိတဲ့ အိမ်တွေကြားမှာ ဝင်ထွက်သွားလာနေပါတယ်။
ဒီကျူးကျော်ရပ်ကွက်မှာ ဒုစရိုက်မှုတွေက ပုံမှန်ဖြစ်နေကျပါ။ ပန်းလှိုင်မြစ်နံဘေးက သဲကွင်းလို့ ခေါ်တဲ့နေရာဟာ ဒုစရိုက်မှု ကျူးလွန်သူတွေ ကျက်စားတဲ့နေရာဖြစ်တယ်။ သူတို့တွေက အရပ်သားတွေကိုရော၊ စီးပွားရေးလုပ်ငန်းတွေကိုရော ခြိမ်းခြောက်မှုတွေ လုပ်နေပါတယ်လို့ ညောင်ရွာက NLD ပါတီဝင် ကိုလှဌေးက ပြောပါတယ်။
ညောင်ရွာမှာနေသူတွေကို လူမိုက်တွေက ခြိမ်းခြောက်သလိုပဲ ဧပြီလမှာ NLD အစိုးရကို အာဏာလွှဲပြောင်းပေးရတော့မယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစိုးရ အာဏာပိုင်တို့က ဒီမှာနေတဲ့သူတွေကို ဖယ်ရှားရှင်းလင်းပစ်မယ်လို့ မကြာခဏ ခြိမ်းခြောက်ကြောင်း သူက ပြောပါတယ်။
လူပေါင်း ၁၃၈,ဝဝဝ လောက်သေဆုံးပြီး သန်းနဲ့ချီတဲ့ လူတွေ အိုးအိမ်စွန့်ခွာခဲ့ရတဲ့ ၂ဝဝ၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းတိုက်ခတ်ပြီးတဲ့နောက်မှာ ညောင်ရွာကို ရောက်လာတဲ့သူတွေအများကြီး ရှိခဲ့ပါတယ်။
မျက်နှာမှာ သနပ်ခါးတွေ လိမ်း၊ ဝါးကြမ်းပြင်ခင်းထားတဲ့ အိမ်လေးထဲ မြေးဖြစ်သူကို ထိန်းနေတဲ့ အသက် ၆ဝ ဝန်းကျင် အမျိုးသမီးကြီးတစ်ဦးကတော့ ဆိုင်ကလုန်းဒဏ်် ခံခဲ့ရတဲ့ ဘိုကလေးမြို့က ထွက်လာခဲ့ရပေမယ့် သူတို့ရဲ့ အနာဂတ်ဟာ ဘာမှ မရေရာဘဲ လုံခြုံမှုမရှိ မသေးပါဘူး တဲ့။
“ဒါက ကျွန်မတို့ ကိုယ်ပိုင်နေရာမဟုတ်လို့ ပိုင်ရှင်က ဖယ်ဆိုရင် ဖယ်ရမှာပဲလေ။ ဒါပေမယ့် ဘယ်ကို သွားရမယ်ဆိုတာလဲ မသိပါဘူး။ တစ်နေရာရာမှာ ငှားနေဖို့ကလည်း မလွယ်ဘူး။ စားဖို့သောက်ဖို့လောက်ပဲ ငွေကရှိတာ” လို့ သူကပြောပါတယ်။
ရွာလမ်းမအတိုင်း မီတာ ၅ဝဝ လောက် သွားလိုက်မယ်ဆိုရင် ကြီးကျယ်ခမ်းနားတဲ့ ဝင်းကြီး ကာထားတဲ့ ပန်းလှိုင်ဂေါက်ကွင်းနဲ့ အိမ်ရာတို့ကို ရောက်ပါတယ်။ ပန်းလှိုင်အိမ်ရာရဲ့ အင်တာနက်ဝက်ဘ်ဆိုက်မှာ စတုရန်း မီတာ ၈ဝဝ ကျယ်ဝန်းတဲ့ ဒီအိမ်ရာဝင်းကြီးထဲမှာ မြန်မာနိုင်ငံရဲ့ အလှဆုံးအိမ်တွေ၊ သီးခြားအိုအေစစ်လေးနဲ့ လှပတဲ့ ရှုခင်းအပြင်အဆင်တွေ လွှမ်းခြုံထားတယ်လို့ ဖော်ပြထားတာ တွေ့ရမှာပါ။
လူနေမှုစနစ် ကွာဟမှုဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ မြို့ကြီးတွေမှာ မြင်တွေ့ရစမြဲပါ။ မြို့ပြတွေဆီကို ပြောင်းရွှေ့နေထိုင်လာမှုရဲ့ နောက်ဆက်တွဲအကျိုးဆက်အများအပြား ဖြစ်ပေါ်နေပြီး ဆင်းရဲသူတွေကတော့ ကိုယ့်ဘဝကို အသက်ဆက်ရှင်နိုင်အောင် ရုန်းကန်နေရချိန်မှာ မြို့ကြီးမှာရှိတဲ့ အထက်တန်းလွှာ လူတန်းစားတွေကတော့ နိုင်ငံတကာ အဆင့်အတန်းနဲ့အညီလိုက်ပြီး နေထိုင်ကြရပါတယ်။
လှိုင်သာယာမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေကတော့ မြို့ပြတွေဆီကို စတင်ရွှေ့ပြောင်းခါစ လူမှုဘဝကို ထင်ဟပ်ပေါ်လွင်စေပါတယ်။
မြို့ပြဆင်းရဲမွဲတေမှုရဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေဟာ ပိုမိုဆိုးရွားနေပေမယ့် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီတွေနဲ့ NGO တွေက သမားရိုးကျနည်းတွေနဲ့ ကျေးလက်က ဆင်းရဲတဲ့ ပြည်သူတွေကိုပဲ အကူအညီပေးနေတာက မြို့ပြလူနေမှုဘဝ မညီမျှမှုကို ပိုမိုဆိုးရွားစေတဲ့ အကြောင်းတစ်ရပ် ဖြစ်နေတယ်လို့ အာဖဂန်နစ္စတန်မှာ UN-Habitat လို့ ခေါ်တဲ့ ကုလသမဂ္ဂ မြို့ပြစီမံကိန်းဆိုင်ရာ အဖွဲ့တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သူ မြို့ပြဖွံ့ဖြိုးမှုနဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Michael Slingsby က ပြောပါတယ်။
“မြို့ပြက ဆင်းရဲမှုပုံစံနဲ့ ကျေးလက်ဆင်းရဲမှုပုံစံ မတူပါဘူး။ မြို့မှာက ပိုက်ဆံမရှိရင် နေလို့မရဘူး။ အိမ်ငှားခ၊ ရေဖိုး၊ မီးဖိုး အကုန်ပေးရတယ်။ တောမှာကတော့ စားစရာဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် အလကား ရနိုင်တယ်လေ” လို့ သူက ရှင်းပြပါတယ်။
စနစ်တကျ စီစဉ်မှုများလုပ်ဆောင်ထားသည့် မြို့ကြီးများတွင် နောက်ခံနယ်ပယ်အသီးသီးက လာရောက်နေထိုင်သူများအတွက် အံဝင်ခွင်ကျ ဖြစ်စေနိုင်ပြီး လူမျိုး၊ ဘာသာ၊ အဆင့်အတန်း အတားအဆီးများကို ဖယ်ရှားပစ်နိုင်မှာဖြစ်ပေမယ့် တိုးတက်လာမယ့် လူဦးရေအတွက် စနစ်တကျ ပြင်ဆင်ထားမှုမရှိတဲ့ မြို့ကြီးတွေမှာတော့ ဆင်းရဲသူတွေနဲ့ ချမ်းသာသူတွေအကြား နေထိုင်မှု ပုံစံ အကြီးအကျယ် ကွာဟနေဦးမှာပါလို့ UN-Habitat ရဲ့ မြို့ပြစီမံကိန်းဆိုင်ရာ ကျွမ်းကျင်သူ Jack Finegan က သုံးသပ်ပါတယ်။
“ကျွန်တော်တို့အနေနဲ့ အရမ်းကိုမညီမမျှဖြစ်တဲ့ လူ့ဘောင်တစ်ခုကို ရရှိမှာဖြစ်ပြီး အဲဒီ မညီမျှမှုကို လူတွေ နေထိုင်ကြတဲ့နေရာ … ကျွန်တော်တို့ဘေးပတ်ဝန်းကျင်တွေမှာ တွေ့မြင်ရမှာပါ။ အဲဒါရဲ့ အဓိပ္ပာယ်ကတော့ စာနာနားလည်မှုပေးနိုင်စွမ်း အားနည်းပြီး လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ဆိုင်တဲ့ ဖွံ့ဖြိုးမှု နည်းတာမျိုးဖြစ်နိုင်တာပါပဲ” လို့ သူက ပြောပါတယ်။ ။