ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကံဆီးဒေသတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ဒေသခံရာနှင့်ချီ စစ်ဘေးတိမ်းရှောင်နေရသည်။
“မနေ့က ညနေ ၄ နာရီ လောက်ကနေ စပြီးတော့ ကံဆီးဘက်မှာ KIA နဲ့ တပ်နဲ့ ဖြစ်တယ်။ လက်နက်ကြီးတွေပါ ပစ်တယ်။ ဒီမနက်အထိ ဖြစ်တုန်း၊ အခုအချိန်ထိ ဖြစ်နေတုန်း၊ လက်နက်ကြီးသံတွေ ကြားနေရတုန်း”ဟု ဒေသခံတစ်ဦးက ဧပြီ ၁၉ နေ့လယ်တွင် ပြောသည်။
စစ်ပွဲကြောင့် ကံဆီးရွာခံများသည် ဘာသာရေးကျောင်းများသို့ ခေတ္တတိမ်းရှောင်နေကြောင်း ၎င်းက ဆိုသည်။
“အဲဒီနေရာက ၂၀၁၁ မတိုင်ခင်က KIA တပ်ရင်း ၆ ထိုင်တဲ့နေရာ။ တစ်ကျော့ပြန်စစ်ပွဲတွေဖြစ်တော့ တပ်က အဲဒီမှာ တပ်ရင်း ၆ ကို သိမ်းပြီးယူထားတာ။ အခု KIA က အဲဒါကို ပြန်တိုက်ယူတဲ့ သဘောပါပဲ။ အရပ်သားထိခိုက်မှုတော့ မကြားရဘူး။ အဓိက အဆက်အသွယ်ပြတ်တာ”ဟု အဆိုပါဒေသခံက ပြောသည်။
ယမန်နေ့ ဧပြီ ၁၈ ကလည်း ဖားကန့်မြို့နယ်တွင် စစ်တပ်ယာဉ်တန်းကို KIA က ဆွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ဖားကန့်မြို့နယ်တွင် စစ်အာဏာရှင်ပြုတ်ကျရေးဆန္ဒပြပွဲများလည်း ပုံမှန်ဆက်ရှိနေကြောင်း ၎င်းက ပြောသည်။
KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွားနေကြောင်း အတည်ပြုသည်။
“ဖားကန့်ဘက်မှာတော့ တိုက်ပွဲတွေရှိတယ်လို့ ပြောကြတယ်။ နောက် ကျွန်တော်တို့ တပ်မဟာ ၈ ဘက်မှာလည်း မနေ့က တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီတပ်မတော်ဘက်က လေယာဉ်ပျံနဲ့ ပစ်တဲ့ တိုက်ပွဲတွေ ရှိပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
KIA တပ်မဟာ ၈ နယ်မြေသည် ဟိုပင်မြို့အရှေ့ဘက်တွင် တည်ရှိသည်။
စစ်တပ် အာဏာသိမ်းပြီး မတ်လဆန်းမှစ၍ KIA က ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ တပ်စခန်းများနှင့် ရဲစခန်းအချို့ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ရဲတပ်ရင်းနေရာ လေးခုထက်မနည်း KIA က မတ် ၂၈ နံနက်အစောပိုင်းတွင် တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
KIA နှင့် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်တို့ မတ် ၃၀ နံနက်ပိုင်းက ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ်ရှိ ဒွန်ဘန်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
ပြီးခဲ့သည့် ဧပြီလဆန်းက မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲရှိ KIA သိမ်းပိုက်ထားသော အလော့ဘွမ်ဒေသတွင် KIA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲပြင်းထန်ခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှု မရှိပေ။
ယခင်အပတ်က အလော့ဘွမ်တပ်စခန်းကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်ခဲ့သော်လည်း ၎င်းတို့ဘက်မှ တပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင်များစွာ ကျဆုံးပြီး တပ်ရင်းအလိုက်ပြုတ်ကာ အထိနာခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသည်။
ထို့ကြောင့် လေကြောင်းမှ ထိုးစစ်ဆင်ခဲ့ရာ KIA ဘက်မှလည်း ကျဆုံးမှုတချို့ ရှိခဲ့သော်လည်း အလော့ဘွမ်တောင်စခန်းကို KIA က ဆက်ထိန်းချုပ်ထားနိုင်ခဲ့သည်။
လက်ရှိတွင် အဆိုပါဒေသ၌ စစ်ကောင်စီဘက်က အင်အားဖြည့်တင်းနေသည်ဟု KIA က ဆိုသည်။
“စစ်ကောင်စီ တပ်မတော်ဘက်က ထိုးစစ်ဆင်ဖို့ စစ်အင်အားတွေထိုးထားတဲ့ အနေအထားပဲ ရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။



