
“ထိအောင်ပစ်ရန်” ညွှန်ကြားသည့် အမိန့်သံအောက်က ပစ်ခတ်လိုက်သော ကျည်ဆန်များသည် နွေဦးတော်လှန်ရေးတွင် တိုက်ပွဲဝင်နေသော လူငယ်များ၏ အသက်များဆုံးရှုံးခဲ့ရပြီး တချို့က အသက်မသေသော်လည်း လွတ်လပ်မှု၏တန်ကြေးအဖြစ် ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများ စွန့်လွှတ်လိုက်ရသည်။
အာဏာသိမ်းစစ်ကောင်စီ၏ မတရားသည့်အမိန့်အာဏာများကို အာခံရင်း၊ ငြိမ်းချမ်းစွာဆန္ဒပြရင်းဖြင့် အကြမ်းဖက်ပစ်ခတ်မှုကြောင့် ခြေ၊လက်၊ မျက်စိ အပါအဝင် အစိတ်အပိုင်းများထိခိုက်ကာ ပုံမှန်ဘဝများ ဆုံးရှုံးသွားကြသည်။
ယင်းသို့ ဆုံးရှုံးသွားရသော်လည်း စစ်အာဏာရှင် မပြုတ်ကျသေးသရွေ့ ဆက်လက်တော်လှန်နေမည်ဟု ၎င်းတို့က ဆိုသည်။
ထိုသူများထဲတွင် ရန်ကုန်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၈ ရပ်ကွက်နေ အသက် ၂၃ နှစ်အရွယ် ကိုမင်းသူရလည်း အပါအဝင်ပင်ဖြစ်သည်။
မတ် ၃ တွင် မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာပန်းခြံအနီး ဆန္ဒပြသူများကို စစ်ကောင်စီတပ်က အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့ရာ ကိုမင်းသူရ၏ ဘယ်ဘက်မျက်လုံးကို ကျည်ဆန်ထိမှန်ခဲ့သည်။ ထိုဒဏ်ကြောင့် အမြင်အာရုံ နှစ်ဖက်စလုံး ဆုံးရှုံးသွားရသည်။
ဦးခေါင်းကို ကျည်ထိမှန်ပြီး ပွဲချင်းပြီးကျဆုံးသွားသည့် သူငယ်ချင်းဖြစ်သူ၏ ရုပ်အလောင်းကို ပြန်ကောက်ယူရန် ကြိုးစားချိန် တပ်မ ၇၇ ၏ ပစ်ခတ်မှုကြောင့် ၎င်း၏ ဘယ်ဘက်မျက်လုံး ကျည်ဆန်ထိမှန်ခဲ့သည်ဟု ကိုမင်းသူရက Myanmar Now ကို ပြောသည်။
“အလောင်းနား ရောက်တဲ့အချိန်မှာ ဒိုင်းက နောက်ကျောကို ပြန်ကာရတော့မယ်လေ။ အဲ့ဒါကို လွတ်မလွတ် ခေါင်းပြူထွက်ကြည့်လိုက်တဲ့ အချိန်မှာ မျက်လုံးထိသွားတယ်။ ကျွန်တော် ဘာမှမမြင်ရတော့ဘူး။ ပူခနဲပဲ ထိလိုက်တာ သိသွားပြီး လုံးဝ အမှောင်ကျသွားတယ်” ဟု ၎င်းက ပြောသည်။

ကိုမင်းသူရသည် ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ နွေဦးတော်လှန်ရေးလူထုလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပြီး မြောက်ဥက္ကလာ၊ ကန်သာယာပန်းခြံအနီး ဆန္ဒပြလှုပ်ရှားမှုများတွင် အမြဲလိုလိုပါဝင်သူဖြစ်သည်။
ထိုနေ့ (မတ် ၃) က ကန်သာယာပန်းခြံအနီး ဆန္ဒပြမှုလည်း ဖြိုခွင်းခံရပြီး အမျိုးသမီးငယ် ၆၀ ခန့် အဖမ်းခံရသည်။ ကန်သာယာပန်းခြံအတွင်းသို့ သေနတ်ဖြင့် ချိန်ရွယ်ကာ ခေါ်သွားပြီး တချို့လူများ၏ မျက်နှာကို စစ်ကောင်စီ၏ လက်နက်ကိုင်များက ဝိုင်းဝန်းကန်ကျောက်နေပုံ ရုပ်သံမှတ်တမ်းမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့သွားသည်။
ကန်သာယာတွင် ဖြိုခွင်းခံရပြီး လူစုကွဲသွားချိန်တွင် မြောက်ဥက္ကလာပအဝိုင်း၌ ဆန္ဒပြကျောင်းသားများကို အင်အားအလုံးအရင်းဖြင့် အကြမ်းဖက်ဖြိုခွင်းနေကြောင်း ကြားရ၍ သူငယ်ချင်းဖြစ်သူနှင့်အတူ သွားရောက်ဝန်းရံရာတွင် ကိုမင်းသူရ အပစ်ခံရခြင်းဖြစ်သည်။
“အရင်ကတော့ တွေးခဲ့ဖူးတယ်။ ဒီသေနတ်တွေ ပစ်နေတဲ့ ကြားထဲမှာ မသွားရဲပါဘူး၊ ကြောက်တယ်ပေါ့လေ။ ဒါပေမယ့် အခုဖြစ်တဲ့အချိန်ကျတော့ ပူထူပြီး ကြောက်ရွံ့တာ မရှိတော့ဘူး။ ‘ငါ့သူငယ်ချင်းအလောင်းကို ပြန်ကောက်ပြီး သူ့မိသားစုဆီ ရအောင်ပြန်အပ်မယ်’ဆိုတဲ့ စိတ်ပဲရှိတော့တယ်” ဟု ကိုမင်းသူရက ပြောသည်။
“အဲ့ဒီအချိန်မှာ လုပ်ပေးနိုင်တာဆိုလို့ သူ့အလောင်းကို သွားကောက်ပြီး သူ့မိသားစုဆီ ပြန်သွားပေးဖို့ အခွင့်အရေးပဲ ရှိတော့တယ်” ဟု ၎င်းက ဆက်ပြောသည်။
မတ် ၃ မြောက်ဥက္ကလာပအဝိုင်းအနီးက အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုသည် နံနက် ၁၁ နာရီခွဲခန့်တွင် စစ်တပ်နှင့် ရဲများ၏ အင်အားအလုံးအရင်းဖြင့် ဖြိုခွင်းခံခဲ့ရပြီးနောက် ဆန္ဒပြသူသုံးဦး ဖမ်းဆီးခံရသည်။
ယင်းနေ့က မြောက်ဥက္ကလာတွင် ၁၀ ဦးထက်မနည်း သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရကာ တစ်နိုင်ငံလုံးတွင် ၃၈ ဦးထက်မနည်း သေဆုံးခဲ့သည်။

အဋ္ဌမတန်းအောင်မြင်ပြီး ကျောင်းထွက်ကာ မိသားစုဝမ်းရေးအတွက် ကျပန်းလုပ်ကိုင်လာခဲ့သော ကိုမင်းသူရသည် ၂၀၁၉ နှစ်ဆန်းတွင် လျှပ်စစ်မီးသွယ်တန်းသည့်ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်ခဲ့သည်။
ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် ၂၀၂၀ နှစ်ဆန်းတွင် အလုပ်ထွက်ကာ ဝင်ငွေ အသင့်အတင့်ရနိုင်မည့် အလုပ်တစ်ခုရှာရင်း ကျပန်းလုပ်ကိုင်နေခဲ့သည်။ ထိုအထဲမှ ကုမ္ပဏီတစ်ခု၏ အလုပ်ခန့်စာသည် မျက်လုံး ကျည်ဆန်ဖောက်ဝင်ပြီး နောက်နေ့ မတ် ၄ တွင် ရောက်ရှိလာခဲ့သော်လည်း သူသည် ယင်းအလုပ်ကို လက်ခံနိုင်စွမ်းမရှိတော့။
ကိုမင်းသူရသည် အတူနေမိသားစုဝင် ၈ ဦး ရှိပြီး မွေးချင်း ၃ ဦးအနက် သားအလတ်ဖြစ်သည်။ ၎င်း၏မျက်စိ ကျည်ထိချိန်တွင် နှလုံးရောဂါသည် မိခင်အတွက် ပထမဆုံး စိုးရိမ်စိတ်ဝင်လာသည်ဟု ဆိုသည်။
“အမေ ဝမ်းနည်းသွားမှာ စိုးရိမ်တာ၊ အဲဒီခံစားချက်နဲ့ အိမ်ပြန်ရောက်တဲ့အထိပဲ”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်များ ဝင်လာပါက ရှေ့ဆုံးမှ မြင်တွေ့ရသည့် Defense Line တွင် ဒိုင်းကိုင်လူငယ်များက နောက်လူများအတွက် အကာအကွယ်ဖြစ်ရေး၊ ရှောင်တိမ်းချိန်ရရေးအတွက် ရှေ့ဆုံးက ရပ်တည်ပေးလေ့ရှိသည်။
“ငြိမ်းချမ်းစွာ ဆန္ဒပြဖို့ ပြင်ဆင်ပြီးထွက်လာတာဆိုတော့ လက်ထဲမှာ ဒိုင်းတစ်ခုလွဲရင် ဘာမှမရှိဘူး” ဟု ပြောသည်။
ယခုလို အမြင်အာရုံနှစ်ဖက်ဆုံးရှုံးသွားသော်လည်း နွေဦးတော်လှန်ရေးအတွက် သူက တစ်ထောင့်တစ်နေရာက ပါဝင်ပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းနိုင်မည်ဟု ၎င်းက ယုံကြည်ထားသည်။
“နောက်ဆုံး ကုန်ကုန်ပြောမယ်ဗျာ။ ကျွန်တော့်တစ်ကိုယ်လုံးမှာ ဗုံးကပ်မလား။ ဒီကောင် (စစ်ကောင်စီတပ်)တွေ အုပ်ထဲဝင်ပြီး ဗုံးခွဲပေးရမလား။ အဲ့ဒီလို လုပ်ပေးလို့ရမယ်ဆိုရင် ကျွန်တော်လုပ်ပေးချင်တယ်။ ကျွန်တော့်ကို မင်းကတော့ ဘယ်နေရာကနေ ပါဝင်လို့ရတယ်လို့ပြောရင် ကျွန်တော်အဆင်သင့်ပဲ”ဟု အမြင်အာရုံဆုံးရှုံးခဲ့သူက ဆိုသည်။
လက်ရှိတွင် ကိုမင်းသူရသည် နေအိမ်တွင် နေထိုင်ကာ ဆေးကုနေပြီး ဆန္ဒပြမှုသတင်းအခြေအနေများ မျက်ခြည်မပြတ်အောင် မိသားစုက သတင်းများဖတ်ပြနေရသည်ဟု သိရသည်။
ကိုမင်းသူရကဲ့သို့ပင် အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် မသန်စွမ်းဖြစ်သွားရသူ အများအပြားရှိသော်လည်း ဒဏ်ရာရသူအများစုသည် စစ်ဆေးရုံများတွင် ကုသနေရချိန်ဖြစ်သောကြောင့် သတင်းသမားတို့၏ မေးခွန်းကို မဖြေကြားလိုသေးဟု ဆိုကြသည်။
ပြင်းထန်သည့် ကျည်ဆန်များကြောင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများကို လုံးဝဖြတ်တောက်လိုက်ရသူ အများအပြားရှိနေသည်။
မကွေးမြို့မှ ၂၂ နှစ် အရွယ် မြို့ပြအင်ဂျင်နီယာကျောင်းသား ကိုလျှံဖြိုးအောင်သည် မတ် ၂၇ က ဆန္ဒပြနေစဉ် ညာဘက်လက် ဗုံးဆန်မှန်ကာ ထက်ခြမ်းကွဲသွားခဲ့သည်။ ထိုအချိန် စစ်သားများပြေးလာပြီး ထက်ခြမ်းကွဲနေသော လက်ကို သေနတ်ဖြင့် ပစ်ချလိုက်၍ မြေပေါ်သို့ ထက်ပိုင်းပြတ်ကျသွားသည်။
ကိုလျှံဖြိုးအောင်သည် ဗိသုကာပညာရှင်ဖြစ်ရန် ရည်မှန်းချက်ဖြင့် ပညာသင်ကြားနေသော မြို့ပြအင်ဂျင်နီယာ တတိယနှစ်ကျောင်းသားလည်းဖြစ်သည်။ စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုအောက်တွင် ဗိသုကာပညာရေးဆွဲရန် သူ၏ ညာဘက်လက်သည် အသုံးပြု၍ မရတော့ချေ။
ထိုကဲ့သို့ အလားတူ လက်ကောက်ဝတ်မှနေ၍ လက်ပြတ်ခဲ့သည့်ဖြစ်စဉ်လည်း ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည်။
မတ် ၂၈ က လှိုင်မြို့နယ် သီရိမြိုင်ဘူတာအနီးတွင် ဆန္ဒပြလူထုနှင့် စစ်ကောင်စီလက်နက်ကိုင်တပ်များ ထိပ်တိုက်ရင်ဆိုင်မိချိန်၌ လူငယ်တစ်ဦး သွေးစက်လက်နှင့် လက်ပြတ်သွားသည့်ရုပ်သံ လူမှုကွန်ရက်တွင် ပျံ့နှံ့လာခဲ့သည်။
လက်ပစ်ဗုံးဟု ယူဆရသည့်အရာကို စစ်တပ်က လူအုပ်ကြားထဲသို့ ပစ်ထည့်လိုက်ရာ လူငယ်တစ်ဦးက လူအုပ်နှင့် ဝေးရာသို့ ကောက်ယူလွှင့်ပစ်စဉ် လက်ထဲပေါက်ကွဲသွားခဲ့သည်ဟု ဆိုကြသည်။
အဆိုပါရုပ်သံတွင် ဆိုက်ကားဖြင့် သယ်ဆောင်လာချိန် ယင်းလူငယ်က ပြတ်သွားသော လက်ကောက်ဝတ်မှ သွေးတစ်စက်စက်ကျနေသည်ကို တွေ့မြင်ရပြီး “ဘာမှမဖြစ်ဘူး ငါတို့ နိုင်မှာကွ”ဟု ယုံကြည်ချက်အပြည့်ဖြင့် ဟစ်ကြွေးနေသည်ကို မြင်တွေ့ရသည်။
မတ် ၁၀ က တောင်ဒဂုံမြို့နယ် သစ်ဆိုင်ကွေ့မှတ်တိုင်အနီး ဆန္ဒပြမှု၌ ဒိုင်းကာအဖြစ် ပါဝင်ခဲ့သော အသက် ၂၄ နှစ် အရွယ် ကိုဖြိုး (ခေါ်) အောင်ဆန်းလင်းသည် ပစ်ခတ်ခံရမှုကြောင့် ဘယ်ခြေ ဒူးအောက်ပိုင်း ဖြတ်လိုက်ရသည်။
၎င်းတွင် မိသားစုဝင်အဖြစ် သုံးနှစ်နီးပါးရှိသည့် သားလေးတစ်ယောက်သာ ရှိသည်။
“ကျွန်တော့်မှာ သားလေးရှိတယ်။ ကျွန်တော်တို့တွေက သူတို့ (အာဏာရှင်) လက်အောက်မှာ ပညာသင်ခဲ့ရတယ်။ ကျွန်တော့်သား ရှေ့ဆက် ရှင်သန်ရတဲ့ဘဝမှာ ဒီကောင်တွေလက်ထဲမှာ မဖြစ်စေရဘူး။ ဒီလိုမျိုး လက်မခံနိုင်လို့ ဒီတိုက်ပွဲမှာ ပါခဲ့တာ”ဟု ၎င်းက ပြောသည်။
ကိုအောင်ဆန်းလင်းသည် မင်္ဂလာဒုံစစ်ဆေးရုံတွင် ၁၂ ရက် တက်ရောက်ကုသခဲ့ရပြီး မတ် ၂၂ တွင် ဆေးရုံက ဆင်းလာခဲ့သည်။
ဒဏ်ရာဆေးထည့်ရန် ရက်ချိန်းပေးလိုက်သော်လည်း မတ် ၂၇ (ဖက်ဆစ်တော်လှန်ရေးနေ့)တွင် လူရာကျော်သေဆုံးအောင် စစ်ကောင်စီတပ်များ၏ အကြမ်းပတမ်းပစ်ခတ်မှုများကြောင့် စစ်ဆေးရုံမသွားတော့ဘဲ ဒဏ်ရာကို ပတ်တီးဖြည်ကာ ဆေးထည့်၍သာနေသည်ဟု ဆိုသည်။
နွေဦးတော်လှန်ရေးတိုက်ပွဲသည် အချိန်အတိုင်းအတာတစ်ခုအထိ ကြာနေနိုင်သော်လည်း အဆုံးတွင် ပြည်သူများက အနိုင်ရမည်ဟု ၎င်းက ယုံကြည်ထားသည်။
“ဒီတိုက်ပွဲက နိုင်မှဖြစ်မှာ။ နိုင်အောင်ကို တိုက်မှာ။ ဒါမှလည်း အသက်ပေးသွားရတဲ့ ညီတွေညီမတွေက အသေဖြောင့်မှာ။ ဒီအချိန်မှာ တိုက်ပွဲဝင်နေတဲ့သူတွေအကုန်လုံးက အားလုံး ညီအစ်ကိုမောင်နှမတွေပဲ”ဟု ဆိုသည်။
ဆက်လက်ပြီး “ဒီတိုက်ပွဲမှာ အတတ်နိုင်ဆုံး ဆက်ပါဝင်မယ်။ စတုန်းကတော့ ရှေ့တန်းပေါ့။ အခုဆိုရင် ရှေ့တန်းက မပါရတော့ဘူး။ ဒီတိုက်ပွဲက ဘယ်လိုမှ ရှောင်ထွက်သွားဖို့ မရှိဘူး”ဟု သူက ဆက်ပြောသည်။

လူရာကျော် သေဆုံးခဲ့သည့် မတ် ၂၇ (ဖက်ဆစ်တော်လှန်ရေးနေ့) ပစ်ခတ်မှုတွင် သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ရွာ၌ ဆန္ဒပြသူများ ဖြိုခွဲခံရရာ အမျိုးသားနှစ်ဦး သေဆုံးပြီး ပြည်သူအများအပြား ဒဏ်ရာရရှိခဲ့သည်။ ကျည်ထိပြီး နားရွက်ပြတ်သွားသူ၊ ညာခြေသလုံး ဖြတ်ထုတ်လိုက်ရသူများလည်း ရှိခဲ့သည်။
မန္တလေးမြို့မှ ဆရာဝန်တစ်ဦးက “ကျည်ထိမှန်တဲ့ တချို့ ခြေ၊ လက်အရိုးတွေဆို ကျိုးတာမှ မွစာကြဲနေအောင် ကျိုးကုန်တာ”ဟု ဆိုသည်။
ဒဏ်ရာအပြင်းအထန်ဖြင့် ရောက်ရှိလာသူများတွင် ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများ ဖြတ်ထုတ်ရမည့် အခြေအနေနှင့် ကြုံလာပါက သက်ဆိုင်ရာ မိသားစုဝင်များကို ဖွင့်ပြောပြရန် လွန်စွာခက်ခဲကြောင်း ၎င်းက ပြောသည်။
“ဒီက လူနာရှင်အများစုအခြေအနေကတော့ ကိုယ့်လူနာ တစ်ခါတည်း မသေတာကိုပဲ တော်လှပါပြီ။ ဘယ်လိုအနေအထားနဲ့ပဲ အသက်ရှည်ရှည်၊ ကိုယ့်မျက်စိအောက်မှာ ဆက်မြင်နေခွင့်၊ အတူနေခွင့်ရတာကို လက်ခံပေးနေရတဲ့ ဝမ်းနည်းစရာအဖြစ်အပျက်တွေပါ။ ပစ်ခံထိကြတဲ့သူ တော်တော်များများဟာ လက်လုပ်လက်စားတွေများပါတယ်။ နောက်ပိုင်းမှာ ဒီလိုမျိုး မသန်စွမ်းဖြစ်သွားတဲ့သူတွေကို ထောက်ပံ့ပေးဖို့ ရေရည်စီမံကိန်းတွေနဲ့ လုပ်ပေးသင့်တယ်” ဟု ထိုဆရာဝန်က ပြောသည်။
မန္တလေးတွင် စစ်တပ်က ပစ်ခတ်ခဲ့၍ လူငယ်တစ်ဦးသည် ခန္ဓာကိုယ်အောက်ပိုင်း သေဆုံးသွားခဲ့ပြီး ယင်းလူငယ်က မီဒီယာများထံ ဖြေဆိုရန် အဆင်သင့်မဖြစ်သေးကြောင်း Myanmar Now ကို ပြောသည်။
စစ်တပ်၏ အကြမ်းပတမ်းဖြိုခွင်းမှုများကြောင့် ထိခိုက်ကျဆုံးသူများအပြင် အသက်မသေသော်လည်း ကိုယ်အင်္ဂါများ ပျက်စီးဆုံးရှုံးသွားရသဖြင့် မသန်စွမ်းဖြစ်သွားသူ အများအပြားရှိနိုင်သည်ဟု မန္တလေးအခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့များက ခန့်မှန်းထားသည်။
စစ်တပ်က အာဏာသိမ်းပြီး ၎င်းတို့ကို ဆန့်ကျင်တော်လှန်သူများနှင့် ပြည်သူများကို အကြမ်းဖက်ပစ်ခတ်မှုများကြောင့် ကျည်ထိမှန်သေဆုံးရသူ၊ မျက်လုံးတစ်ဖက်ဆုံးရှုံးရသူ၊ ခြေလက်များဖြတ်တောက်လိုက်ရသူ စသဖြင့် တစ်သက်တာ မသန်စွမ်းဖြစ်သွားရသူများအဖြစ်သို့ ရောက်ရှိသွားရသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ဧပြီ ၁၈ အထိ စာရင်းများအရ ပြည်သူ ၇၃၇ ဦး အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း ထုတ်ပြန်ထားသည်။
မတ် ၂၇ က ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းမြို့သစ် ရထားလမ်းဘေးတွင် တစ်နှစ်အရွယ် မသင်းသော်တာထွန်းသည် စစ်ကောင်စီလက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ၎င်း၏ မျက်စိတစ်ဖက် ဆုံးရှုံးခဲ့ရသည်။ ထိုနေ့သည် သူ၏ အသက်တစ်နှစ်ပြည့်မွေးနေ့လည်း ဖြစ်သည်။
ခွဲစိတ်ပြီးနောက် ကလေး၏ မျက်လုံးကို မထုတ်လိုက်ရသော်လည်း အမြင်အာရုံကွယ်သွားပြီဖြစ်ကြောင်း၊ မျက်လုံးမှာ ပင်ကိုအတိုင်း မဟုတ်တော့ဘဲ ပုံပျက်ကာ သိမ်သွားမည်ဖြစ်ကြောင်း၊ မျက်လုံးထဲမှ ရာဘာကျည်ကို ကလေးကျန်းမာရေး ကောင်းလာသည့်အချိန်တွင် ခွဲထုတ်မည်ဟု ဆရာဝန်က မှာခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှ အမြင်အာရုံနှစ်ဖက်စလုံး ဆုံးရှုံးသွားရသည့် ကိုမင်းသူရသည် သူ၏ ပကတိအခြေအနေနှင့် ပတ်သက်ပြီး မိခင်ဖြစ်သူကို အသိမပေးရသေးကြောင်း၊ တစ်ချိန်ချိန်မှ အသိပေးသွားမည်ဖြစ်ကြောင်း ပြောသည်။
“အမေ့နှလုံးရောဂါကို ပိုပြီး မထိခိုက်စေချင်ဘူးလေ။ ဒီလိုဖြစ်သွားပေမဲ့ တစ်မိသားစုလုံးက နောင်တရတဲ့စကားတွေ မပြောကြဘူး”