
ကချင်ပြည်နယ်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ မိုးမောက်ဒေသအခြေစိုက် ခမရ ၃၂၀ သည် တပ်ရင်းတစ်ခုလုံးပြုတ်သွားကြောင်း KIO/KIA သတင်းနှင့်ပြန်ကြားရေး ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်ဟု ကချင်ပြည်နယ်အခြေစိုက် Kachin Waves သတင်းဌာန၏ ဧပြီ ၁၄ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
“စစ်ကောင်စီဘက်က အကျအဆုံးတော်တော်များတယ်လို့ သတင်းရတယ်။ လက်နက်တွေလည်း သိမ်းရတယ်လို့ သိရတယ်။ အဲ့စစ်ကြောင်းလည်း ကုန်ပြီထင်တယ်။ စစ်သားနှစ်ယောက်၊ သုံးယောက်ပဲ ကျန်တယ်လို့ သိရတယ်။ အခု အဲဒီစစ်သားတွေကို လိုက်ရှာနေတယ်လို့ ပြောတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
တပ်ရင်းတစ်ခုလုံးကျသည်အထိ အကျအဆုံးများနေ၍ စစ်ကူများထပ်ပို့၍ တိုက်ခိုက်နေကြောင်း ဒေသတွင်းစစ်ရေးလေ့လာသူတစ်ဦးက ပြောသည်။
ယခုရက်ပိုင်းအတွင်း မိုးမောက်မြို့နယ်၊ အလော့ဘွမ်တောင်စခန်းတိုက်ပွဲမှာ အပြင်းထန်ဆုံးဖြစ်သည်။
ထို့ပြင် ဖားကန့်မြို့နယ်၊ ပူတာအိုမြို့နယ်၊ မြစ်ကြီးနား-တနိုင်းလမ်း၊ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တို့တွင်လည်း KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေသည်။
မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲအတွင်းရှိ အာဏာသိမ်းစစ်တပ်၏ အလော့ဘွမ်တောင်စခန်းကို KIA က မတ် ၂၅ တွင် သိမ်းပိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြန်သိမ်းနိုင်ရန် ဧပြီ ၁၁ မှစ၍ ကြည်းကြောင်း၊ လေကြောင်းတို့မှ ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
ဧပြီ ၁၂ တွင် အလော့ဘွမ်တောင်ကို စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်စဉ်တွင် တပ်ရင်းမှူးအပါအဝင် စစ်သားများစွာကျဆုံးခဲ့ပြီး တပ်ရင်းမှူးအလောင်းကို ရဟတ်ယာဉ်ဖြင့် ပြန်သယ်သွားကြောင်း KIA အရာရှိတစ်ဦးက ပြောထားသည်။
ဒေသခံတစ်ဦးကလည်း စစ်ကောင်စီဘက်က တပ်ရင်းတစ်ရင်းလုံးပြုတ်သွားသည်အထိ အရေးနိမ့်ခဲ့ကြောင်း ပြောသည်။
” ဖမ်းမိတာ အယောက် ၃၀ ဖမ်းမိတယ်လို့ ပြောတယ်။ ကျဆုံးတာလည်း တော်တော်များတယ်။ တပ်ရင်းမှူးတွေကအစ ပါတယ်”ဟု အဆိုပါဒေသခံက ဆက်ပြောသည်။
ထို့ပြင် ယနေ့ ဧပြီ ၁၄ နံနက်က အဆိုပါတောင်ခြေတွင် KIA အမှတ် ၂၄ ၊ အမှတ် ၁၉ တပ်ရင်းနှစ်ခု ပူးပေါင်းပြီး နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံးပြီး၊ ၂ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း KIA နှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ခုက ဆိုသည်။
ဒေသတွင်းသတင်းရင်းမြစ်များ၏ ပြောပြမှုအရ အလော့ဘွမ်တောင်စခန်းဒေသတွင် လေးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေသော်လည်း KIA ကပင် စခန်းကို ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ယနေ့ညနေပိုင်း၌ ပြောသည်။
ဒေသခံများ၏ အဆိုအရ ပထမစစ်ကြောင်းနှစ်ခု ထိခိုက်ကျဆုံးမှုများသဖြင့် စစ်ကောင်စီက တပ်မ ၇၇၊ တပ်မ ၈၈ အပါအဝင် တပ်မလေးခုမှ စစ်ကြောင်းများ ထပ်မံစေလွှတ်၍ တိုက်ခိုက်နေသည်ဟု ကြားသိရသည်။
ထိုဒေသအတွက် စစ်ကူနှင့် ထောက်ပံ့ရေးယာဉ်တန်းများကို KIA က ကြားဖြတ်တိုက်ခိုက်ချေမှုန်းနေသဖြင့် မိတ္ထီလာမှ ဗန်းမော်မြို့သို့ ပြည်တွင်းလေကြောင်းမှ ခရီးသည်တင်လေယာဉ်များ အသုံးပြု၍ ဧပြီ ၁၄ တစ်ရက်တည်းတွင် လေယာဉ် ၇ ခေါက်ပျံသန်းပြီး စစ်ကူ ၈၀၀ ခန့် စေလွှတ်ကြောင်း KIA နှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။
ထို့ပြင် ယနေ့နံနက်တွင် ဖားကန့်ဒေသ ကပ်မှောဇွပ်နှင့် တံတားညီနောင်နေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KIA တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကျအဆုံးများနေကြောင်း သိရသည်။
KIA ဘက်မှ မည်မျှထိခိုက်ကျဆုံးမှုရှိကြောင်း မသိရသေးသကဲ့သို့ အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို ပစ်မှတ်ထားနေသည့် စစ်ကောင်စီကလည်း တိုက်ပွဲသတင်းထုတ်ပြန်ခြင်း မရှိသေးပေ။