
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သိမ်းပိုက်ထားသည့် ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ အလော့ဘွမ်စခန်းကို အာဏာသိမ်းစစ်တပ်က ကြည်းကြောင်း၊ လေကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသော်လည်း တပ်ရင်းမှူးအပါအဝင် စစ်သားများစွာကျဆုံးခဲ့ကြောင်း KIA နှင့် နီးစပ်သူအချို့နှင့် ဒေသခံများက ပြောသည်။
မတ်လအတွင်း KIA သိမ်းပိုက်ခဲ့သည့် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲအတွင်းရှိ အလော့ဘွမ်စခန်းကို အာဏာသိမ်းစစ်တပ်က ဧပြီ ၁၁ ရက်မှစ၍ စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယနေ့ (ဧပြီ ၁၂) တွင် ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် ၈ ကြိမ်တိုင် လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အလော့ဘွမ်တောင်ကို စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်စဉ်တွင် ခလရ ၃၈၇ (ခြေလျင်တပ်ရင်း) မှ တပ်ရင်းမှူးအပါအဝင် စစ်သားများစွာကျဆုံးခဲ့ပြီး တပ်ရင်းမှူးအလောင်းကို ရဟတ်ယာဉ်ဖြင့် ပြန်သယ်သွားကြောင်း KIA အရာရှိတစ်ဦးက ပြောသည်။
သိမ်းပိုက်ခံထားရသည့် အလော့ဘွမ်စခန်း ပြန်လည်ရရှိရေး အာဏာသိမ်းစစ်တပ်ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး တောင်ပေါ်မရောက်မီ အောက်ခြေကတည်းက တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားနေကြောင်း ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။
“သူတို့က စစ်ကြောင်းသုံးကြောင်းနဲ့ ဝင်လာတယ်ပြောတယ်။ စစ်ကြောင်းနှစ်ကြောင်းကတော့ အားလုံး အပိတ်ခံထားရတော့ ဒီမနက် စစ်ကူသဘောနဲ့ လေယာဉ်နဲ့ ဗုံးလာကြဲတာပေါ့။ ကျွန်တော်တို့ သိရသ လောက် တပ်ရင်းမှူးတစ်ယောက်ပါ ကျသွားတယ်။ သူတို့က အတော်လေး အကျအဆုံးများသွားပြီးမှ တချို့ကျတော့လည်း အရှင်လတ်လတ် သုံ့ပန်းအနေနဲ့ ဖမ်းထားတယ်ဆိုတဲ့ သတင်းတော့ ကြားနေရ တယ်”ဟု အဆိုပါဒေသခံက ပြောသည်။
အာဏာသိမ်းစစ်တပ်ဘက်က ရဟတ်ယာဉ်များဖြင့် ဗန်းမော်သို့ စစ်အင်အားဖြည့်တင်းနေပြီး စစ်သည်အင်အား ၆၀၀ ကျော် ရောက်ရှိနေကြောင်းလည်း အထက်ပါဒေသခံက ပြောသည်။
စစ်ကောင်စီ၏ အလော့ဘွမ်တပ်စခန်းကို KIA က မတ်လအတွင်း သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး အာဏာသိမ်းစစ်တပ်၏ ထိုးစစ်ကြောင့် အလော့ဘွမ်ဒေသ၌ တိုက်ပွဲများပြင်းထန်နေချိန်တွင် KIA က မိုးမောက်မြို့နယ် မြို့သစ်ရွာရှိ အာဏာသိမ်းစစ်တပ် တပ်စခန်းတစ်ခုနှင့် ရဲကင်းစခန်းတစ်ခုကို ယနေ့ နံနက်ပိုင်းတွင်း သိမ်းပိုက်ခဲ့သည်။
“တလောတုန်းက KIA က ပြန်သိမ်းမိတဲ့ အလောဘွမ်ကို ပြန်သိမ်းရရေးကို တက်မတော်ဘက်က ထိုးစစ်ဆင်မှုတွေ လုပ်တာပေါ့။ ကြည်းကြောင်း လေကြောင်းနဲ့ လုပ်တယ်။ အဲဒီအချိန်မှာ KIA ကလည်း မြစ်ကြီးနား ဗန်းမော်လမ်းပေါ်က ရဲစခန်းတစ်ခု၊ တပ်စခန်းတစ်ခု ပြန်ထပ်သိမ်းလိုက်တယ်လို့ ပြောတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
KIA က ထပ်မံသိမ်းပိုက်လိုက်သည့် စခန်းနှစ်ခုမှာ မိုးမောက်မြို့နှင့် မိုင် ၂၀ခန့် အကွာရှိ မြို့သစ်ရွာမှ တာပိန်မြစ်ကြိုးတံတားလုံခြုံရေး ရဲကင်းစခန်း၊ မြို့သစ်ရွာအနီးရှိ စစ်ကောင်စီလက်အောက်ခံ ခမရ-၃၂၀ တပ်စခန်းတို့ဖြစ်သည်။
အလော့ဘွမ်စခန်းကို အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်နေသည့် အာဏာသိမ်းစစ်တပ်၏ စစ်ကူများကို ဖြတ်တောက်ရန် ရည်ရွယ်ကာ အဆိုပါတပ်စခန်းများကို KIA က သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အာဏာသိမ်းစစ်တပ်က အလော့ဘွမ်တပ်စခန်းသို့ လေကြောင်းမှ ယမန်နေ့မှ ယနေ့အထိ ဆက်တိုက်တိုက်ခိုက်နေသကဲ့သို့ KIA ဌာနချုပ်နယ်မြေ လိုင်ဇာဒေသကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိသည်ဟု အထက်ပါဒေသခံက ဆိုသည်။
စစ်တပ်က အင်အားအလုံးအရင်းဖြင့် လေကြောင်းတိုက်ခိုက်မှု၊ မြေပြင်ထိုးစစ်ဆင်မှုများ ပြုလုပ်နေသော်လည်း ယနေ့ နေ့လယ်ပိုင်းအထိ အလော့ဘွမ်စခန်းကို KIA က ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ကြောင်း၊ စစ်တပ်က ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေသည့် ရုပ်သံဖိုင်အချို့ လူမှုကွန်ရက်တွင် တွေ့ရှိရသည်။
စစ်အာဏာသိမ်းပြီးချိန်မှစ၍ ကချင်ပြည်နယ်အတွင်း ဖားကန့်၊ မိုးကောင်း၊ အင်ဂျန်းယန်၊ ဝိုင်းမော်၊ မိုးမောက်မြို့နယ်များရှိ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ တပ်စခန်း၊ ရဲကင်းစခန်းများကို KIA က တိုက်ခိုက်ခဲ့သည်။