
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှ ကိုခန့်စိုးသန့်သည် နှစ်ကုန်ပိုင်းတွင် လေအေးစက်ပြင်ဆိုင်ဖွင့်ရန် ရည်မှန်းခဲ့သူဖြစ်သည်။
အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ စတင်ကတည်းက ရွာနှင့် ၁၂ မိုင်ခန့်ဝေးသည့် မြို့ပေါ်သို့ တစ်ပတ်လျှင် လေးရက်ခန့် ဆန္ဒပြသွားလေ့ရှိသည်။
ဧပြီ ၇ နံနက်တွင် မြို့တက်သွားသည့် ကိုခန့်စိုးသန့်သည် ယခင်ရက်များကဲ့သို့ အိမ်ကို စောစောပြန်မရောက်ခဲ့ပေ။ ရင်ဘတ်တွင် ကျည်ထိထားသည့် သူ့ရုပ်အလောင်းသာ ည ၁၀ နာရီဝန်းကျင်တွင် နေအိမ်ပြန်ရောက်လာသည်။
ကိုခန့်စိုးသန့်သည် နိုင်ငံအပြောင်းအလဲအတွက် သူ၏ဘဝကို ရင်းနှီးမြှုပ်နှံထားလိုသူဖြစ်ကြောင်း သူ့ဖခင်ဖြစ်သူက ပြောပြသည်။
“ရင်းနှီးမှ ဖြစ်မယ်လို့ သူက ပြောတယ်။ အခုတော့ သူ့အနာဂတ်ကို သူ ရင်းနှီးသွားပြီ” ဟု ကိုခန့်စိုးသန့်၏ ဖခင်ဖြစ်သူက ဖွင့်ဟသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ အားကောင်းရာ တန့်ဆည်မြို့တွင် ဧပြီ ၇ ၌ စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ကိုခန့်စိုးသန့်အပါအဝင် အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း ကျဆုံးခဲ့သည်။
ကျဆုံးသူများ၊ ဒဏ်ရာရသူများတွင် တန့်ဆည်မြို့ပေါ်မှသာမက အင်းရှည်၊ ပေါက်တော၊ တွေးဒီ၊ နနွင်းတော၊ အောင်ချမ်းသာ၊ ကျွဲဆွဲစသည့် အနီးပတ်ဝန်းကျင်ကျေးရွာများလည်း ပါဝင်သည်။
သွေးစွန်းခဲ့ရသည့်မြို့
တန့်ဆည်မြို့သည် ဖေဖော်ဝါရီ ပထမပတ်မှစ၍ နေ့စဉ် တစ်ရက်မပျက် လူထုအင်အား ထောင်သောင်းနှင့်ချီပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး စုဝေးဆန္ဒပြရာမြို့ဖြစ်သည်။
စစ်ကောင်စီ၏လက်နက်ကိုင်များက ပိတ်ဆို့တားဆီးသော်လည်း ဆန္ဒပြသူများက ထိပ်တိုက်မတွေ့ဘဲ ရှောင်ကွင်းချီတက်နိုင်ခဲ့သည်။
ကလေးမြို့အပါအဝင် အာဏာရှင်ဆန့်ကျင်ရေးအရှိန်ပြင်းသည့် နယ်မြို့များသည် ဧပြီပထမပတ်ကတည်းက ပစ်မှတ်ထား ဖြိုခွဲခံလာရသည့်အတွက် တန့်ဆည်မြို့နယ်လည်း အလားတူ ရင်ဆိုင်လာရနိုင်ခြေရှိကြောင်း သပိတ်ခေါင်းဆောင်များက တွက်ဆထားပြီးဖြစ်သည်။

ဧပြီ ၇ ရက်နေ့တွင် ရေဦးမြို့ဘက်မှ စစ်ကား ၆ စီး ချီတက်လာသည့်သတင်း ကြားရသည့်အခါ မြို့တွင်းရင်ဆိုင်ရမည့်အင်အားကို စိုးရိမ်လာကြသည်။
ထိုကားများ ဖြတ်သန်းသွားမည့် ရေဦး – တန့်ဆည်လမ်းပေါ်ရှိ ကျေးရွာများကလည်း လမ်းပေါ် သစ်ပင်ခုတ်လှဲထားခြင်း၊ ကျောက်များပုံပြီး လမ်းပိတ်ဆို့ခြင်းဖြင့် ကူညီတားဆီးပေးသည်။
စစ်ကောင်စီလက်နက်ကိုင်တပ်များသည် ယင်းအတားအဆီးများကို ကျော်ဖြတ်လာပြီး ညနေ သုံးနာရီဝန်းကျင်တွင် တန့်ဆည်မြို့နှင့် တစ်မိုင်နီးပါးအကွာရှိ တနယ်ကျေးရွာသို့ ရောက်လာသည်။
ထိုနေရာတွင် ဒေသခံများက သဲအိတ်များ၊ တာယာကွင်းများ အတားအဆီးအဖြစ် စုပုံထားသည်ကို မီးရှို့ပြီး တရစပ် စတင်ပစ်ခတ်သည်ဟု ထိုနေရာတွင်ရှိခဲ့သူများက ဆိုသည်။
“တကယ့်စစ်ပွဲတွေမှာလိုမျိုး လူထုဘက်ကို ပစ်ခတ်တာ။ လူစုလူဝေးကို ဖြိုခွင်းတဲ့ပုံမျိုးမဟုတ်ဘူး။ အငြိုးအတေးနဲ့ ကျွန်တော်တို့ကို ပစ်ခတ်တဲ့ပုံစံမျိုးရှိတယ်။ စနိုက်ပါသမားနှစ်ယောက်နဲ့ နေရာယူပြီးတော့ လှမ်းပစ်တာ” ဟု သပိတ်ခေါင်းဆောင်တစ်ဦးက ထိုနေ့က မြင်ကွင်းကို ပြောသည်။
အင်အားမညီမျှသည့် ခုခံစစ်
စနိုက်ပါများ၊ စက်သေနတ်အပါအဝင် သဲအိတ်များ လွင့်ထွက်သွားနိုင်သည့် လက်နက်ကြီးများအသုံးပြုသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တို့ကို ဒေသခံများက ဖန်ပေသီး (ဖန်ဂေါ်လီ) ထည့်သွင်းပစ်ခတ်နိုင်သည့် ဂက်စ်သေနတ်၊ အမဲလိုက်ရာတွင် အသုံးပြုသည့် ရိုးရာလက်လုပ် တူမီးသေနတ်များနှင့် ခုခံခဲ့သည်။
တူမီးသည် ကိုက် ၂၀၀ ဝန်းကျင်အတွင်းသာ ထိရောက်နိုင်ပြီး ဂက်စ်သေနတ်များမှာ နာကျင်မှုလောက်သာ ဖြစ်နိုင်သည်။
တနယ်ကျေးရွာအနီးပစ်ခတ်မှုတွင် ရှေ့တန်းမှ ခုခံခဲ့သူများပါဝင်ခဲ့ပြီး လည်ပင်းကို ကျည်ထိမှန်ဒဏ်ရာရခဲ့သူတစ်ဦးက အခြေအနေကို ပြောပြသည်။
“ကျွန်တော့်ရှေ့က တစ်ယောက်ကို ဗိုက်မှန်သွားတယ်။ သူ့ကို တက်ဆွဲဖို့ တက်လိုက်တဲ့အချိန်မှာ ကျွန်တော့်ကို ထိသွားတယ်။ လည်ပင်းကို ရှပ်ထိသွားတယ်။ ဒဏ်ရာကိုပိတ်ပြီး ကျွန်တော်ပြေးတယ်။ လမ်းမှာ တွေ့တဲ့ ဆိုင်ကယ်တစ်စီးက လိုက်ပို့ပေးလို့ မြို့ထဲကို ပြန်ရောက်တာ” ဟု တန့်ဆည်မှ ကလေးနှစ်ဦး၏ ဖခင်ဖြစ်သူက ပြောသည်။
ယင်းနေ့ ညနေပိုင်း သုံးနာရီကျော်ကြာ ပစ်ခတ်မှုအတွင်း ကျဆုံးသူ ၁၀ ဦးဝန်းကျင်နှင့် ထိခိုက်ဒဏ်ရာရသူ ၂၀ ဝန်းကျင် ရှိခဲ့ကြောင်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များက အတည်ပြုသည်။
ရေဦးဘက်မှ တက်လာသည့် စစ်အင်အားများကို လူထုက ခုခံနေစဉ် တန့်ဆည်မြို့တွင် ရှိနှင့်ပြီး လက်နက်ကိုင်တပ်များက ထွက်လာပြီး နှစ်ဖက်ညှပ်ကာ ပစ်ခတ်သည့်အတွက် ပြည်သူများအထိနာခဲ့ရသည်ဟု ဒေသခံတချို့က ပြောသည်။
ပစ်ခတ်မှုအတွင်း ကျဆုံးသွားသူအများစု၏ ရုပ်အလောင်းကို ညတွင်းချင်း ကောက်ယူနိုင်ခဲ့သော်လည်း လယ်ကွင်းများထဲမှ ရုပ်အလောင်းအချို့ကို မနက်ပိုင်းမှသာ ကောက်ယူနိုင်ခဲ့သည်ဟု လူမှုကူညီရေးအဖွဲ့များက ပြောသည်။
ထိခိုက်ဒဏ်ရာရသူများအား ဆေးကုသမှုပေးနေသည့် နေရာများ ဝင်ရောက်စီးနင်းအကြမ်းဖက်ခံရမည့် အန္တရာယ်ကို စိုးရိမ်သည့်အတွက် ပုန်းလျှိုးကွယ်လျှိုးဖြင့် ကျိတ်ကုသနေရသည်။
စစ်ကောင်စီတပ်များက ပရဟိတဆေးခန်းရှိနေသည့် ပင်စောက်ကျောင်းကို ဧပြီ ၈ မနက်ပိုင်းတွင် နှစ်နာရီနီးပါးကြာ စီးနင်းရှာဖွေပြီး ပြည်သူများလှူဒါန်းထားသည့် ဆန်နှင့် ငွေသားများကို လုယူသွားကြောင်း အမည်မဖော်ဝံ့သူ ဒေသခံတစ်ဦးက ပြောသည်။
အန်တုမှု ရပ်တန့်သွားမည် မဟုတ်

တန့်ဆည်မြို့နယ်လူထု နေ့စဉ် စုဝေးဆန္ဒပြရာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အဝိုင်းပတ်အနီး လက်နက်ကိုင်တပ် အင်အား ၁၀၀ ကျော် နေရာယူထားပြီး လမ်းသွားလမ်းလာများကို စစ်ဆေးတတ်သည့်အတွက် ဧပြီ ၈မှစ၍ ဆန္ဒပြပွဲများ ရပ်နားထားရသည်။
ပစ်ခတ်ဖြိုခွဲပြီးကတည်းက စစ်ကောင်စီတပ်များ မြို့တွင်း လှည့်လည်အင်အားပြနေသည့်အတွက် စျေးနှင့် ဆိုင်ခန်းအများစု ပိတ်ထားကြပြီး ခြောက်ကပ်တိတ်ဆိတ်နေသည်။
လူသုံးများသည့် မိုဘိုင်းအင်တာနက် ဖြတ်တောက်ထားသည့်အတွက် ဒေသခံတို့ သတင်းအချက်အလက်ပေးပို့ရန် စိန်ခေါ်မှုများကြုံတွေ့နေရသည်။
အင်တာနက်အသုံးပြုလိုပါက မိုင် ၂၀ ခန့် ကွာဝေးသည့် ရေဦးမြို့ပေါ်ရှိ ဖိုက်ဘာအင်တာနက်လိုင်းတပ်ဆင်ထားသည့် နေရာတို့ကို အရောက်သွားရသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီ၏ နှိပ်ကွပ်မှုများ၊ ဖမ်းဆီးမှုများ ရှိနေသည့်အတွက် ဆန္ဒပြပွဲများ အရှိန်လျော့သွားသော်လည်း ရပ်တန့်သွားမည်မဟုတ်ဟု သပိတ်ခေါင်းဆောင်တစ်ဦးက တုံ့ပြန်သည်။
“လူထုကတော့ ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ဘူး။ ဘယ်တော့မှလည်း သည်းခံမှာ မဟုတ်ဘူး။ တန့်ဆည်လူထုကတော့ ဆက်လုပ်လို့ရတဲ့ နည်းလမ်းအကုန်လုံးနဲ့ ဆက်လုပ်မှာဗျ”