သတင်း

ရဲ၏ ကလေးကို ကုပေးရန် ငြင်းဆန်သည့် ဘားအံမှ ဆရာဝန်မကြီး ဖမ်းဆီးခံရ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ်သား၏ ကလေးတစ်ဦးကို ကုသပေးရန် ငြင်းဆန်၍ဆိုကာ ကလေးအထူးကုဆရာဝန်မကြီးတစ်ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ခံထားရသည်။

ဧပြီလအတွင်း အသက် ၅၇ နှစ်အရွယ် ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာအုန်းအုန်းရီ၏ ဆေးခန်းသို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ၎င်းကလေးကို လာရောက်ပြသရာတွင် လက်ခံမကုသလိုကြောင်း ငြင်းဆန်သဖြင့် ထိုရဲဝန်ထမ်းက ဘားအံ ရဲစခန်းသို့ တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း အမှုဖွင့်ခံရသူ ဒေါက်တာအုန်းအုန်းရီနှင့် ခင်မင်ရင်းနှီးသူ ဘားအံမြို့နေ ဆရာဝန်ကြီးတစ်ဦးက ပြောသည်။

ဘားအံမြို့၊ ကြာအင်းရပ်ကွက်ရှိ ဒေါက်တာအုန်းအုန်းရီ၏ ကလေးအထူးကုဆေးခန်းတွင် ရဲနှင့် စစ်သားတို့၏ ကလေးများကို မကုသလိုကြောင်း ၎င်း၏ သဘောထားကို စာဖြင့် ချိတ်ဆွဲထားသော်လည်း ထိုရဲတပ်ဖွဲ့ဝင်က ကုသရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဝန်ထမ်းတွေ CDM လုပ်သလို သူခံယူချက်နဲ့ သူပေါ့။ ဆန္ဒပြတဲ့သူတွေကို သေကျေအောင် ဖြိုခွင်းနေတဲ့အခါကျတော့ ရဲနဲ့ စစ်သားရဲ့ ကလေးတွေကို ကြည့်မပေးချင်တာ ပြောတယ်။ ဘယ်သူ့ကို ကြည့်ပေးမယ် မကြည့်ပေးဘူးဆိုတာ သူ့အခွင့်အရေးကို ဖမ်းတယ်ဆိုတော့ ဆရာမကြီးက စိတ်ထဲမကောင်းဘူးပေါ့” ဟု ဒေါက်တာဒေါ်အုန်းအုန်းရီနှင့် စကားပြောခွင့်ရရှိခဲ့သူ ဆရာဝန်တစ်ဦးက ပြောသည်။

ဒေါက်တာအုန်းအုန်းရီကို ဘားအံရဲစခန်းက လာရောက်ရန် ဧပြီ ၅ ရက်တွင် အကြောင်းကြားသော်လည်း ဆရာဝန်မကြီးက ၎င်းမှာ ရာဇဝတ်မှုတစ်စုံတစ်ရာ ကျူးလွန်ထားခြင်း မရှိဘဲ အေးအေးချမ်းချမ်းနေထိုင်သူဖြစ်၍ဆိုကာ မသွားရောက်ခဲ့ပေ။ အသက် ၅၇ နှစ်အရွယ် ဆရာဝန်မကြီးမှာ ဘားအံဆေးရုံမှ ကျန်းမာရေးမကောင်း၍ နုတ်ထွက်ကာ ညနေပိုင်းဆေးခန်းကလေးဖွင့်ပြီး တရားအလုပ်သာ လုပ်နေသည့် အပျိုကြီးတစ်ဦးဖြစ်ကြောင်း ရင်းနှီးသူ ဆရာဝန်တစ်ဦးက ပြောသည်။

ဧပြီ ၈ ညနေ လေးနာရီတိတိ၊ ဆေးခန်းဖွင့်ချိန်တွင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသား ၇ ယောက်ခန့်က အသင့်စောင့်ဆိုင်းကာ ဒေါက်တာဒေါ်အုန်းအုန်းရီကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

ဧပြီ ၉ တွင် ဘားအံမြို့နယ်တရားရုံး၌ ပြစ်မှုထင်ရှားပါက အမြင့်ဆုံးထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်သည့် ရာဇသတ်ကြီးပုဒ်မဖြစ်သော ဆူပူရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံရပြီး ဘားအံရှိ တောင်ကလေးအကျဉ်းထောင်တွင် ချုပ်နှောင်ခံထားရကြောင်း သိရသည်။

ဆရာဝန်မကြီးတွင် ဆီးချို၊ သွေးချိုနှင့် နှလုံးရောဂါများ ရှိသည့်အပြင် အသက်အရွယ်ကြီးရင့်နေသူဖြစ်၍ အချုပ်လွတ်ထုချေခွင့် အာမခံလျှောက်ထားကြောင်း ရင်းနှီးသူ ဆရာဝန်တစ်ဦးက ပြောသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ရင်ဆိုင်စရာရှိတာ ရင်ဆိုင်မယ်။ သူလုပ်တဲ့ကိစ္စ သူ့မှာပဲ တာဝန်ရှိတယ်။ သူ့ကို စိတ်မပူနဲ့လို့ ပြောတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။  

အမှုကို စစ်ဆေးရန် လာမည့် ဧပြီ ၂၂ သို့ ချိန်းဆိုထားကြောင်း သိရသည်။

တရားစွဲဆိုသူ တရားလို၏ အမည်နှင့် အကြောင်းအရာများကို အမှုတွဲ လက်ခံမရရှိသေးသဖြင့် တရားဝင်မသိရသေးကြောင်း ဒေါက်တာအုန်းအုန်းရီဘက်မှ လိုက်ပါဆောင်ရွက်ပေးမည့် ရှေ့နေတစ်ဦးက ပြောသည်။ 

ဘားအံမြို့သည် အခြားမြို့များကဲ့သို့ပင် အာဏာသိမ်းစစ်ကောင်စီကို အလိုမရှိကြောင်း ဒေသခံအများအပြားက ကန့်ကွက်နေကြသည့်မြို့ဖြစ်သည်။

Show More

Related Articles

Back to top button