သတင်း

NLD နာယက ဦးဝင်းထိန်၏ အာမခံလျှောက်ထားမှု ပယ်ချခံရ

အမြင့်ဆုံးထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချနိုင်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄(က)ဖြင့် စစ်ကောင်စီ၏ တရားစွဲဆို၊ ဖမ်းဆီးခြင်းခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယက ဦးဝင်းထိန်၏ ကျန်းမာရေးအရ အာမခံလျှောက်ထားမှုကို နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးက ယနေ့ (ဧပြီ ၉) တွင် ပယ်ချလိုက်သည်။

အသက် ၈၀နှစ် ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းဖြင့် သွားလာနေရပြီး အသက်ရှူရပ်သည့် ရောဂါကြောင့် အောက်ဆီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်းအားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေခြင်းကြောင့် ကျန်းမာရေးအရ အာမခံပေးရန် ပြီးခဲ့သည့် မတ် ၅ ရုံးချိန်းတွင် လျှောက်ထားခဲ့သည်။ 

သို့သော် အာမခံလျှောက်ထားသည့် ဦးဝင်းထိန်၏ ဆေးစာသည် ပုဂ္ဂလိကဆေးရုံတစ်ခုမှ သမားတော် ဆရာဝန်ကြီးတစ်ဦး၏ ဆေးစာဖြစ်သည်ဟု အကြောင်းပြ၍ အာမခံကို တရားရုံးက ပယ်ချလိုက်ခြင်းဖြစ်သည်ဟု ဦးဝင်းထိန်၏ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ယနေ့ ရုံးချိန်းအပြီးတွင် ပြောသည်။

“ဆေးစာက ကျန်းမာရေးဝန်ကြီးဌာနအောက်က ဆေးစာတွေမဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ လျှောက်ထားတဲ့ အာမခံကို ပယ်ခဲ့ပါတယ်” ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

Video Conferencing ခေါ် အင်တာနက် ရုပ်သံဆက်သွယ်ရေးစနစ်ဖြင့် ရုံးထုတ်ခဲ့သည့် ယနေ့ ရုံးချိန်းတွင် ဦးဝင်းထိန်၏ အနေအထားမှာ “ခါတိုင်းလို ရွှင်ရွှင်လန်းလန်း မတွေ့ရဘူး” ဟုလည်း ၎င်းက ဆိုသည်။

NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ညတွင်းချင်းပင် ရန်ကုန်၌ရှိနေသည့် ဦးဝင်းထိန်ကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်မှာ ချုပ်နှောင်ထားသော်လည်း ယနေ့အချိန်အထိ ၎င်း၏ ရှေ့နေများနှင့် လူချင်းတွေ့ခွင့်မရသေးပေ။

ဦးဝင်းထိန်၏ ရှေ့နေများက ကျန်းမာရေးအာမခံအပါအဝင် ၎င်းတို့၏အမှုသည် ဦးဝင်းထိန်နှင့် တွေ့ခွင့်ရရန်နှင့် အများပြည်သူရှေ့မှောက်တွင် တရားစီရင်ခွင့်ပေးရန် ယခင်ရုံးချိန်းများက လျှောက်ထားမှုကိုလည်း ဒက္ခိဏခရိုင်တရားရုံးက ယနေ့ အမိန့်ချခဲ့သည်။

ဦးဝင်းထိန်နှင့် တွေ့ခွင့်ရရန် ရှေ့နေများ၏ လျှောက်ထားမှုအပေါ် အကျဉ်းထောင်လက်စွဲ၊ ရဲလက်စွဲများနှင့်အညီ ဆောင်ရွက်ရန် တရားရုံးက ဆုံးဖြတ်ခဲ့သော်လည်း အများပြည်သူရှေ့မှောက်တွင် တရားစီရင်ခွင့်ရရန် လျှောက်ထားမှုကိုမူ ပယ်ချခဲ့သည်ဟု ၎င်း၏ ရှေ့နေက ရှင်းပြသည်။

“တရားစစ်ဆေးစီရင်ခြင်းဟာ ကိုဗစ်ကာလမှာ ဆက်လက်ထိန်းချုပ်ဖို့လိုအပ်တဲ့အတွက်ကြောင့် Video Conferencing နဲ့ ပြုလုပ်နိုင်တယ်ဆိုတဲ့အကြောင်း၊ Video Conferencing နဲ့ ပြုလုပ်တာဟာ သက်သေခံချက်တွေကို တရားခံရဲ့ ရှေ့မှောက်မှာ ရယူနိုင်ပါတယ်ဆိုတဲ့အကြောင်းပြောပြီး ကျွန်မတို့ လျှောက်ထားချက်ကို ပယ်တဲ့အမိန့် ချမှတ်လိုက်ပါတယ်” ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

ဦးဝင်းထိန်၏အမှုကို လာမည့် ဧပြီ ၂၃ သို့ ရုံးချိန်း ချိန်းဆိုထားကြောင်း ရှေ့နေများထံမှ သိရသည်။ 

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင် ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်၍ အမှုဖွင့်ထားသည်။

Show More

Related Articles

Back to top button