သတင်း

အာဏာရှင်တော်လှန်ရေး ပြည်သူ့စစ်ပွဲကို အရှိန်မြှင့်တင်ပေးမည့် ပုံနှိပ်စာစောင်များ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းထားသည်မှာ နှစ်လကျော်ရှိပြီဖြစ်သည်။ ပြည်သူလူထုကလည်း နည်းလမ်းမျိုးစုံဖြင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြနေကြဆဲဖြစ်သည်။ အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၆၀၀ နီးပါးလည်း အသက်ဆုံးရှုံးခဲ့ရပြီဖြစ်သည်။

ပြည်သူလူထုကို အရက်စက်ဆုံးသော နည်းလမ်းများဖြင့်လည်း ဖိနှိပ်ချုပ်ချယ်လျက်ရှိသည့် အာဏာသိမ်းစစ်အုပ်စုက အင်တာနက်ကို ကန့်သတ်ပိတ်ပင်ခဲ့သည်။ ရည်ရွယ်ချက်မှာ ပြည်သူလူထု၏ နွေဦးတော်လှန်ရေးကို အရှိန်လျော့ကျစေရန် ဖြစ်သည်။ အမြို့မြို့အနယ်နယ်တွင် သတင်းအချက်အလက်စီးဆင်းမှု နှောင့်နှေးခဲ့ရသည်။ 

သို့သော် အာဏာရှင်တော်လှန်ရေးကို အရှိန်မြှင့်တင်ပေးမည့် လူထုကို သတင်းစကားများပြန်ကြားပေးမည့် စာစောင်များပေါ်ထွက်လာသည်။ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ၊ လူငယ်များ စုစည်းထုတ်ဝေသည့် ‘ဆီသို့’ သတင်းလွှာ၊ ‘မိုလိုတော့ဗ်’ စာစဉ်နှင့် ‘နွေဦးအသံ’ (The Voice of Spring) လက်ကမ်းသတင်းလွှာ၊ နွေဦးမှတ်တိုင်သတင်းလွှာများ လူထုအကြား ရောက်ရှိလာသည်။

တက္ကသိုလ်ကျောင်းသားသမဂ္ဂများ(တကသ) များနှင့် တကသဟောင်းအင်အားစုများ စုပေါင်းထုတ်ဝေသည့် “ဆီသို့” သတင်းလွှာသည် မတ်လကုန်၌ စတင်ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

“အင်တာနက်လည်း ကောင်းကောင်းမရ၊ မီဒီယာတွေကလည်း မလွတ်လပ်တဲ့ အနေအထားမှာ ခေတ်ဟောင်းက နည်းနာများအတိုင်း လုပ်ရတော့တာပါပဲ” ဟု တကသကျောင်းသားဟောင်းတစ်ဦးက ပြောသည်။

ဆီသို့သတင်းလွှာ စာစဉ် အတွဲ ၁ တွင် ဆောင်းပါးကဏ္ဍ၊ ကဗျာကဏ္ဍ၊ သတင်းကဏ္ဍများပါဝင်ကာ စာမျက်နှာ ၇ မျက်နှာဖြင့် ထုတ်ဝေထားသည်။ နွေဦးတော်လှန်ရေးနှင့် ပတ်သက်သည့် သတင်းများ၊ ဆောင်းပါးများ၊ ကဗျာများအပြင် လူထုလှုပ်ရှားမှုများအကြောင်း သတင်းစကားများလည်း ထည့်သွင်းဖော်ပြထားသည်။ 

လူငယ်များ စုပေါင်းထုတ်ဝေသည့် မိုလိုတော့ဗ်စာစဉ်သည်လည်း ဧပြီ ၁ ရက်တွင် စတင်ထွက်ပေါ်လာသည်။ လူထုလှုပ်ရှားမှုများတွင် ရဲနှင့် စစ်တပ်၏ အကြမ်းဖက်ဖြိုခွင်းမှုများကို ပြန်လည်ခုခံကာကွယ်ရာတွင် အသုံးပြုသော လက်လုပ်ဓာတ်ဆီမီးပုလင်း ‘မိုလိုတော့ဗ်’ ကို အစွဲပြုကာ စာစောင်အမည်ပေးထားခြင်းဖြစ်သည်။ 

ဧပြီ ၁ ရက်တွင် စတင်ထုတ်ဝေသည့် မိုလိုတော့ဗ်စာစဉ်သည်လည်း ပြည်သူလူထုအကြား ရောက်ရှိနေပြီဖြစ်သည်။ 

စစ်အာဏာရှင်၏ ဖိနှိပ်မှုနှင့်အတူ သတင်းအမှောင်ချခြင်း၊ အင်တာနက်ဖြတ်တောက်ခြင်းများကြောင့် လူထုလှုပ်ရှားမှုများ အဆက်မပြတ်စေရန်နှင့် လှုပ်ရှားမှုနည်းနာများကို မျှဝေနိုင်ရန် မိုလိုတော့ဗ်စာစဉ်ကို ဖြန့်ချိရခြင်းဖြစ်သည်ဟု ဆိုသည်။

စတင်ထွက်ရှိသည့် စာစဉ်၌ စာမျက်နှာ ၈ မျက်နှာပါရှိပြီး ကဗျာ၊ ကာတွန်း၊ ဆောင်းပါးနှင့် ကျဆုံးသူရဲကောင်းများ၏ အမှတ်တရစကားများပါဝင်သည်ကို တွေ့ရသည်။

ဆောင်းပါးများတွင် ပြောက်ကျားတော်လှန်ရေးအကြောင်းနှင့် စစ်ရေးစစ်ရာမှတ်စုအမည်ဖြင့် အခန်းဆက်ဆောင်းပါး၊ ကလေးမြို့တွင် ရရာလက်နက်ဖြင့် တိုက်ပွဲဝင်တော်လှန်နေသည့်အကြောင်းကို ရေးသားထားသည့် “ချင်းပြည်သူတို့ ပြည်သူ့စစ်ပွဲကို စတင်လိုက်ပြီ” စသည့်ဆောင်းပါးများ ဖော်ပြထားသည်ကို တွေ့ရသည်။ 

ဧပြီ ၈ ရက်နေ့ထုတ် အမှတ် ၂ အတွဲ ၁ တွင်မူ စာမျက်နှာ ၁၂ ခုအထိ တိုးမြှင့်ထုတ်ဝေထားပြီး တော်လှန်ရေးလှုပ်ရှားမှုနည်းနာများအကြောင်း ရေးသားထားသည့် ဆောင်းပါးများ အဓိကထားဖော်ပြထားသည်ကို တွေ့ရသည်။ 

နွေဦးအသံသတင်းစဉ်နှင့် နွေဦးမှတ်တိုင်သတင်းလွှာများသည်ကား သတင်းများကိုသာ အဓိကဖော်ပြသည့် စာစောင်များဖြစ်ကြသည်။ နွေဦးအသံသတင်းစဉ်သည် နေ့စဉ်ထုတ်ဝေသည့် လက်ကမ်းစာစောင်ဖြစ်ပြီး ဧပြီ ၅ ရက်တွင် စတင်ဖြန့်ဝေခဲ့သည်။ အဆိုပါ သတင်းအချက်အလက်များကို မိုဘိုင်းဖုန်းများမှတစ်ဆင့် စာတိုပေးပို့ကာ ဖြန့်ဝေလျက်ရှိသည်ဟု သိရသည်။ နွေဦးမှတ်တိုင်သတင်းလွှာကို ဧပြီ ၄ ရက်တွင် စတင်ထုတ်ဝေခဲ့သည်။

ဆီသို့၊ မိုလိုတော့ဗ်၊ နွေဦးအသံ စာစောင်များကို အလွယ်တကူ ပြန်လည်ဖြန့်ဝေနိုင်ရန် အွန်လိုင်းစာမျက်နှာများတွင်လည်း တင်ပေးထားပြီး ပုံနှိပ်ထုတ်ဝေထားသည့် စာစောင်များကို လူငယ်များက ဈေးများ၊ လမ်းများတွင် လိုက်လံဖြန့်ဝေပေးလျက်ရှိရာ လူထုကြားတွင် ထိုစာစောင်များ ပျံ့နှံ့လာပြီဖြစ်သည်။

ရန်ကုန်မြို့တွင် အဓိကထားဖြန့်ဝေနေသည့် ဆီသို့သတင်းလွှာကို အင်တာနက်မရနိုင်သည့် နေရာများအထိ လက်ဆင့်ကမ်းဖြန့်ဖြူးပေးနိုင်ရန် စာစောင်ထုတ်ဝေသူများက အကူအညီတောင်းထားသည်။

လက်ရှိတွင် မိုလိုတော့ဗ်စာစဉ်နှင့် ဆီသို့သတင်းလွှာကို ရန်ကုန်မြို့အနှံ့ ဖြန့်ဝေနေပြီး စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်များတွင်လည်း ဖြန့်ဝေနိုင်ခဲ့သည်ဟု သိရသည်။ နွေးဦးအသံသတင်းစဉ်ကိုမူ ရန်ကုန်မြို့အပြင် နယ်မြို့များတွင်ပါ ဖြန့်ဝေနေသည်ဟု ဆိုသည်။  

ဆီသို့သတင်းလွှာ PDF ကို “တက္ကသိုလ်ကျောင်းသားများသမဂ္ဂများရန်ကုန်” Facebook စာမျက်နှာ၊ မိုလိုတော့ဗ်စာစဉ်ကို “မိုလိုတော့ဗ် – စာစဉ်”Facebook စာမျက်နှာနှင့် နွေဦးအသံသတင်းစဉ်ကို “The Voice Of Spring” စာမျက်နှာတွင် ရယူနိုင်သည်။ 

Show More

Related Articles

Back to top button