အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

 ကန့်ဘလူတွင်အရပ်သား၂ဦးသတ်ဖြတ်ခံရပြီး၃၀နီးပါးကိုစစ်တပ်ဖမ်းထား

စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးအင်အားစု၏ လှုပ်ရှားမှုကို အဟန့်အတားပြုမည့် စစ်ကြောင်းဆက်တိုက်ထိုးမှုတွင် စစ်တပ်က သတ်ဖြတ်မှု၊ ဖမ်းဆီးမှုများ ဆက်တိုက် ကျူးလွန်နေသည်။

ယာယီအပစ်ရပ်ကြေညာထားသော စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မြောက်ပိုင်းကို ဆက်တိုက်စစ်ကြောင်းထိုးနေရာ ပြည်သူ ၂ ဦးသတ်ဖြတ်ခံရပြီး ကလေးငယ်များအပါအဝင် ဒေသခံ ၃၀ နီးပါး  ဖမ်းဆီးခံထားရသည်။

မေ ၁၈ ရက်နေ့ကစပြီး အင်အားရာဂဏန်းရှိသည့် စစ်တပ်နှင့် ပြည်သူ့စစ် (ပျူစောထီး)  စစ်ကြောင်း ၃ ကြောင်း ပေါ်ပေါက်လာပြီး ထိုဒေသတွင် နယ်မြေစိုးမိုးမှုရယူရေးအတွက်  အင်အားသုံး ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု တော်လှန်ရေးအင်အားစုက ခန့်မှန်းသည်။

မေ ၃၁ ရက်နေ့က စစ်တပ်နှင့်ထိပ်တိုက်တိုးခဲ့သည့် ကံကြီး (အနောက်ရွာ) ဒေသခံများဖြစ်သည့် အသက် ၁၈ နှစ်အရွယ် ကိုကျော်ဇေယျ၊၂၈ နှစ်အရွယ် ကိုသိန်းထွေးတို့ ရွာအနီး ဘေးမဲ့ကြိုးဝိုင်းတောစပ်တွင် ပစ်သတ်ခံခဲ့ရကြောင်း တော်လှန်ရေးအင်အားစုက ဆိုသည်။

ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့်   ၁၅ နှစ်အောက် ကလေး ၄ ဦးအပါအဝင် ဒေသခံ ၂၇ ဦး၏  အခြေအနေကို မသိရသေးကြောင်း ချပ်သင်း တိုက်နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

 နှစ်ပတ်ဆက်တိုက် စစ်ကြောင်းထိုးနေသည့်အတွက် ကောလင်းခရိုင်နှင့် ကန့်ဘလူခရိုင်ချင်းဆက် လမ်းပေါ်ရှိ ကျေးရွာများဖြစ်သော ကံကြီး (အရှေ့ကုန်း)၊ (အနောက်ကုန်း)၊ လှည်းပွဲ၊ ပေါက်ဆိန်ကုန်း၊ နှောကုန်း၊ ပေါက်တော၊ ကျေးတော၊ ဦးကင်းကြည်၊ သင်တော၊ ဇော်ချောင်း၊ အလယ်ခုံ၊ လွင်ကြီး စသည့် ကျေးရွာပေါင်း ၂၀ နီးပါး မှ ဒေသခံများ တိမ်းရှောင်နေရသည်ဟုလည်း သိရသည်။

 ထိုစစ်ကြောင်းများအနက် ဇွန် ၂ ရက်နေ့က ချပ်သင်းစခန်းမှ ထွက်လာသည့်စစ်ကြောင်းက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံက သိရသည်။

 ကန့်ဘလူခရိုင်နှင့် ကောလင်းခရိုင်ကို ဆက်သွယ်ထားသည့် ကန့်ဘလူ-ကျွန်းလှ-ကောလင်း လမ်းပိုင်းပေါ်ရှိ အချက်အချာကျသည့် သင်တောရွာတွင် စစ်ကြောင်းတစ်ခု  တပ်စွဲထားကာ အနီးဝန်းကျင်ရွာများကို နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးစီးနင်း နေခြင်းဖြစ်သည်။

 “အခုအထိုင်ချထားတဲ့သင်တောက ဒီဖက်နယ်မှာ အချက်အချာကျတဲ့နေရာမျိုး၊ ကုန်ပစ္စည်းတွေကအစ သင်တောမှာ ဝယ်ရတာဆိုတော့ အခုလက်ရှိသင်တောမှာ အထိုင်ချထားပြီး ဘန်ကာတွေ ဆောက်ထားတဲ့အတွက် ကုန်သွယ်ရေးလမ်းကြောင်းပြတ်ပြီ။ ဈေးဝယ်တဲ့ပြည်သူတွေရော၊ ဈေးရောင်းတဲ့သူတွေရော ကုန်ပစ္စည်းပြတ်တောက်မှု ကြုံတွေ့နေရတယ်”ဟု ချပ်သင်း တိုက်နယ်မှ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် တည်နေရာပြမြေပုံ။

ကန့်ဘလူမြိုန့ယ်တွင် ရွှေဘို – မြစ်ကြီးနားလမ်းနှင့် ကန့်ဘလူ – ကျွန်းလှ – ကောလင်း လမ်းပိုင်းတို့မှာ ဆက်သွယ်ရေး  အချက်အခြာကျပြီး ယမန်နှစ် နှစ်ကုန်ပိုင်းကစတင်ကာ ထိုလမ်းကြောများကို နယ်မြေစိုးမိုးထိန်းချုပ်နိုင်ရေး ကြိုးပမ်းလာခြင်းဖြစ်သည်။

 “စပါးရိတ်သိမ်းမယ့်အချိန် တစ်ခုမှာတော့ စကစ(စစ်ကောင်စီ) အနေနဲ့က ကန့်ဘလူမြောက်ခြမ်းမှာ ပင့်သာတိုက်နယ်အထိပဲ နယ်မြေစိုးမိုးမှု ရယူနိုင်ထားခဲ့တာ။  အခုလက်ရှိမှာတော့ ချပ်သင်းတိုက်နယ် အပါအဝင် ကိုးတောင်ဘို့တိုက်နယ်အထိ နယ်မြေစိုးမိုးမှု အရယူထားနိုင်ခဲ့တယ်” ဟု ချပ်သင်း တိုက်နယ်မှ တော်လှန်ရေး တပ်ဖွဲ့ဝင်က ပြောသည်။

“ကန့်ဘလူခရိုင်နဲ့ ကောလင်း ခရိုင်ချင်းဆက်လမ်းဟာ စကစဘက်က နယ်မြေစိုးမိုးမှုရရှိသွားခဲ့ပြီ။  ရေရှည်စီမံကိန်းနဲ့ အစီအစဉ်သေချာဆွဲပြီး စစ်ကြောင်းထိုးခဲ့တာ”

သင်တောရွာကို စစ်တပ်က အထိုင်ချစိုးမိုးလိုက်ခြင်းကြောင့် ကန့်ဘလူမှ ဝန်းသိုနယ်ထိ ဆက်သွယ်ရေးလမ်းကြောင်း တည်ဆောက်နိုင်သွားသည့် အခြေအနေဖြစ်ကြောင်း တော်လှန်ရေးအင်အားစုက သုံးသပ်သည်။

 “လောလောဆယ် ကားတွေဘာတွေတော့ မသွားသေးဘူး။ သို့သော် အဲ့ဒီအပေါ် မှာ အဓိကကျတဲ့ နေရာတွေမှာ တောက်လျှောက် ထိုင်ပြီးပြီလို့ ပြောလို့ရတာပေါ့” ဟု ကန့်ဘလူမြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင် နောက်တစ်ဦးက ပြောသည်။

 ကန့်ဘလူမြို့နယ်ထဲ ဖြတ်သန်းသွားသည့် ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းတွင်  ယမနေ၊ ပေကြီး၊ စပယ်နံ့သာနှင့် ဇင်းကျေးရွာတို့တွင် စစ်တပ်ကစိုးမိုးထားသော်လည်း လမ်းပိုင်းတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း အထက်ပါ ကန်ဘလူမြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

 ကောလင်း၊ ကသာ၊ ကန့်ဘလူ ခရိုင်တို့ပါဝင်သည့် ကသုံးလုံးနယ်မြေသည် လက်နက်ကိုင် တော်လှန်ရေး အင်အားစု အားကောင်းရာဒေသဖြစ်ပြီး ကချင်၊ ရှမ်းမြောက်၊ မန္တလေးတို့နှင့် ထိစပ်နေကာ ဆက်သွယ်ရေးအရ အချက်အချာကျသည့် ဒေသလည်းဖြစ်သည်။

 ကသာခရိုင် ပင်လည်ဘူးမြို့၊ ကချင်ပြည်နယ် ဝင်ပေါက်ဖြစ်သည့် အင်းတော်မြို့တို့ကို တော်လှန်ရေးအင်အားစုက သိမ်းပိုက်ထားပြီး ကန့်ဘလူမြို့နယ်နှင့် ကပ်လျက်ရှိ ဧရာဝတီမြစ် အရှေ့ဘက်ကမ်း မန္တလေးတိုင်းရှိ  သပိတ်ကျင်း၊ တကောင်းနှင့်စဉ့်ကူးမြို့တို့ကိုလည်း သိမ်းပိုက်စိုးမိုးထားသည်။

 ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ကောလင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်တပ်က အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင်လာသဖြင့် လပိုင်းအကြာတွင် လက်လွှတ်ခဲ့ရသည်။

 ကျွန်းလှ၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ကောလင်းတို့နှင့် ထိစပ်နေသည့် ကန့်ဘလူမြို့နယ်မှာ လက်နက်ကိုင် တော်လှန်ရေးအင်အားစု အားကောင်းသလို   ပျူစောထီး အရေအတွက် များသည့် ဒေသလည်း ဖြစ်သည်။ ကန့်ဘလူ၊ ကျွန်းလှနယ်မှ ပျူစောထီးများကို စစ်တပ်ထောက်ခံအားပေးသည့် ဦးဝါသဝ ဦးဆောင်သည်။

 စစ်ကိုင်းငလျင်အလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ဇွန်လကုန်ထိ ယာယီ အပစ်ရပ် သက်တမ်း တိုးကြောင်း စစ်တပ်က ထုတ်ပြန်ကြေညာထားသော်လည်း မြေပြင်တွင် စစ်ကြောင်း ထိုးခြင်း၊ စစ်အင်အားဖြည့်တင်းသည့်လှုပ်ရှားမှုများ ဆက်တိုက်လုပ်နေပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ရှိနေရာ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံတို့လည်း ပစ်မှတ်ထား ဗုံးကြဲခံနေရသည်။

 တစ်နှစ်ကျော်ကြာ မြေပြင်စစ်ကြောင်းမထိုးနိုင်ခဲ့သည့် ချင်းတောင်သို့ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှတဆင့်  အင်အား ရာဂဏန်းဖြင့် မြေပြင်စစ်ကြောင်းထိုးနေပြီး မကွေးတိုင်းတွင်လည်း စစ်တပ်အခြေစိုက်ရာ ပခုက္ကူမြို့မှ လက်နက်စက်ရုံရှိရာ ပေါက်မြို့ဘက်သို့ စစ်ကား ၁၀၀ ကျော်ပါဝင်သည့် ယာဉ်တန်းဖြင့် စစ်ကြောင်းထိုးနေသည်။


Related Articles

Back to top button