အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အင်အားရာချီ ပါဝင်သည့် စစ်ကြောင်းကြောင့်  ပခုက္ကူဒေသခံ ၁၀,၀၀၀ ခန့် တိမ်းရှောင်ရ

မကွေးတိုင်းအတွင်း လက်နက်စက်ရုံသို့သွားမည်ဟု ယူဆရသည့် စစ်ယာဉ်တန်း ဖြတ်သန်းမည့် လမ်းကြောင်းတွင် ဒေသခံတို့ ဘေးလွတ်ရာ ပြေးနေကြသည်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း အင်အား ရာနှင့်ချီသည့် စစ်ကောင်စီတပ်သားများ ယာဉ်တန်းဖြင့် စစ်ကြောင်းထိုးလာခြင်းကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၃၀ ထက်မနည်းမှ ဒေသခံများ တိမ်းရှောင်နေရသည်ဟု  သိရသည်။

မေလ နောက်ဆုံးပတ်မှစ၍ ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်တပ်မဌာနချုပ်မှ ထွက်လာသည့် ယာဉ်တန်းက နယ်မြေချင်းထိစပ်နေသည့် မြို့အနောက်ဘက် ပေါက်မြို့နယ်သို့ ဦးတည်နေခြင်းဖြစ်သည်။

ယာဉ်အစီးရေ ၁၀၀ ကျော်ပါရှိသည့် ထိုယာဉ်တန်းတွင်  စစ်ကားများအပြင်၊ ကုန်တင်ကား၊ မြေတူးမြေကော်ကားများလည်း ပါဝင်သည်ဟု ဒေသခံတို့က ဆိုသည်။

အဆိုပါ ယာဉ်တန်း ယခုလဆန်းပိုင်းတွင် ပေါက်မြို့နယ်နှင့် ပခုက္ကူမြို့နယ်ကြား ရောက်လာရာ မြို့နယ် နှစ်ခုမှ  ဒေသခံ ၁၀,၀၀၀  ခန့် တိမ်းရှောင်နေရခြင်းဖြစ်သည်။

အန္တရာယ်ကျရောက်နေသည့် ရွာများထဲတွင် ပခုက္ကူမှ ၁၅ ရွာ၊ ပေါက်မှ ၁၅ ရွာခန့် ပါဝင်သည်။

အင်အား များပြားသည့် စစ်ကြောင်း၏ရန်ကို စိုးရိမ်သဖြင့်  ထွက်ပြေးနေရခြင်းဖြစ်သည်ဟု ပေါက်မြို့နယ်၊ သမားတော်ရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

ထိုစစ်ကြောင်းတွင် ပေါက်မြို့နယ်ရှိ အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) သို့ ပို့ပေးမည့် ရိက္ခာနှင့် စစ်ပစ္စည်းများပါဝင်သည်ဟုလည်း ပခုက္ကူ လူထုတိုက်ပွဲကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကပစကို ပို့မယ့် ပစ္စည်းတွေလည်းပါတယ်၊  ယာဉ်တန်းက များတယ်၊ အင်အားက များတော့ ပြည်သူတွေက နေလို့အဆင်မပြေဘူး”ဟု ကော်မတီမှ တာဝန်ရှိသူက ပြောသည်။

“ယာဉ်တန်းက ရိက္ခာလည်းပို့တာလို့လည်းပြောလို့ရတယ်။ စစ်အင်အားထပ်မံဖြည့်စွက်ဖို့လုပ်ဖို့လည်း ပါတယ်။ ကုန်တင်ကားကြီးတွေက ပြည်သူတွေဆီက ချောဆွဲထားတဲ့ကားတွေ၊ ကားဆရာတွေလည်း အရပ်သားတွေပဲ။ ကျွန်တော်တို့ဘက်ကလည်း တော်တော်လေး သတိကြီးကြီးထားရတယ်” 

ကပစ ၂၄ သည် ပေါက်မြို့ အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိပြီး သံအရည်ကျိုစက်ရုံဖြစ်သည်။ အဆိုပါစက်ရုံမှ အလူမီနီယံချောင်း အကြမ်းထည်များကို အဓိက ထုတ်လုပ်သည်ဟု သိရသည်။

ဇွန် ၁ နံနက်ပိုင်းက ပခုက္ကူမြို့အရှေ့ဘက် ၈ မိုင်ခန့်ရှိ ဆင်းမင်းရွာအနီးတွင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ခေါ် ပျူစောထီးများ လိုက်ပါသည့်   ကားနှစ်စီးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်များက ခြုံခိုတိုက်ခိုက်ရာ မိနစ် ၄၀ ကျော် တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း ပျူစောထီးအဖွဲ့ဝင် ၄ ဦးသေဆုံးသည်၊  ပစ္စတို တစ်လက်၊ MA 3 တစ်လက်၊ ကျည်ဆံနှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းရမိခဲ့သည်ဟု ပကဖ က ထုတ်ပြန်ထားသည်။

Related Articles

Back to top button