
ငလျင်ကြောင့် ပြိုပျက်သွားသည့် နေပြည်တော်ရှိ ဝန်ကြီးဌာနအဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများ ၂ လကြာသည့်တိုင် ပြန်လည်ဆောက်လုပ်၊ ပြင်ဆင်နိုင်ခြင်းမရှိသေးချိန်တွင် စစ်ကောင်စီက ရုံးခန်းများကို ယာယီတဲများတွင် ဖွင့်ပြီး အစိုးရယန္တရားလည်ပတ်နိုင်ရန် ကြိုးပမ်းနေသည်ဟု စုံစမ်းသိရှိရသည်။
ယာယီရုံးခန်းများနှင့် ဝန်ထမ်းများနေထိုင်ရန် အရေးပေါ် အဆောက်အဦများ ဦးစားပေးဆောက်လုပ်နေကြောင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ အင်ဂျင်နီယာများနှင့် ဝန်ထမ်း ၅ဦးထက် မနည်းတို့က ဆိုသည်။
ကွန်တိန်နာဘောက်နှင့် Modular House (ယာယီတဲအိမ်)
နေပြည်တော်ငလျင်တွင် ထိခိုက်မှုကြီးမားခဲ့သည့် ဝန်ကြီးဌာနယာယီရုံးခန်းများကို ယာယီ အစားထိုးရန် Modular House ဟုခေါ်သော အသင့်တပ်ဆင်တည်ဆောက်နိုင်သည့် အဆောက်အအုံများ ပေါ်ပေါက်လာရန် စီစဉ်နေပြီး မေလကုန်တွင် ရုံးများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း စစ်ကောင်စီက တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။
ဝန်ကြီးဌာန အဆောက်အအုံများနှင့် အိမ်ရာများကို ပြန်လည်တည်ဆောက်ရန် နှစ်နှင့်ချီကြာမြင့်မည်ဖြစ်ပြီး ငွေကြေးလိုအပ်ချက် ကြီးမားနေသည်ဟုလည်း သိရသည်။
လက်ရှိတွင် ယာယီရုံးခန်းများ ဖွင့်လှစ်နိုင်ရေးကိုသာ အာရုံစိုက်နေပြီး အသေးစားပြုပြင်ရမည့် အဆောက်အအုံများ၊ ဖျက်သိမ်း သို့မဟုတ် အကြီးစားပြင်ဆင်ရမည့် အဆောက်အဦတို့တွင်လည်း တည်ဆောက် ပြုပြင် လုပ်ငန်းများ စတင်နိုင်ခြင်း မရှိသေးကြောင်း ဝန်ကြီးဌာနအဆောက်အအုံများ ပြုပြင်ရေးတွင် တာဝန်ကျသည့် အသက် ၄၀ကျော်အရွယ် အင်ဂျင်နီယာတစ်ဦးက ဆိုသည်။
“ခုဟာ ကွန်တိန်နာဘောက် (ကုန်သေတ္တာကြီး) နဲ့ Modular House တွေသာ အကုန်ခံသုံးနေတာ၊ ဝန်ကြီးဌာနတွေ တည်ဆောက်ဖို့ ဘတ်ဂျက်မချပေးသေးဘူး” ဟု စည်ပင်သာယာရေး အဆောက်အအုံဌာနမှ အင်ဂျင်နီယာတစ်ဦးက ဆိုသည်။
တရုတ်အစိုးရကလည်း မြေငလျင်ကြောင့် ရုံးခန်းများ ပြိုကျသည့် စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားအတွက် အသင့်တပ်အသုံးပြုနိုင်သည့် ရုံးခန်း ၃၄၀၊ ကွန်ပျူတာများနှင့် ရုံးသုံးပရိဘောဂများ ပံ့ပိုးထားသည်။
Modular House တစ်လုံးလျှင် အကျယ်ဝန်းပေါ်မူတည်၍ ကျပ်သိန်းတစ်ရာမှ နှစ်ရာထိ ကုန်ကျနိုင်သည်။
နေပြည်တော်တွင် တပ်ဆင်နေသည့် အလုံးရေ အရေအတွက်ကို မသိရှိရပေ။
စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရားအတွက် တရုတ်အကူအညီဖြင့် ရလာသည့် Modular Houseများကို တပ်ဆင်နေသလို ဝန်ထမ်းများနေထိုင်ရန်အတွက်လည်း ကွန်တိန်နာဘောက်နှင့် Modular Houseများ ဆောက်လုပ်နေခြင်းဖြစ်သည်။
ထိခိုက်မှုမရှိဟု သတ်မှတ်ခံထားရသည့် ဝန်ထမ်းအိမ်ရာများတွင် နေထိုင်ခဲ့သူတို့ကို ရွက်ဖျင်တဲတွင် ဆက်လက်နေထိုင်ခြင်း မပြုဘဲ ပြန်ကြရန် ညွှန်ကြားထားသည်ဟုလည်း ဝန်ထမ်းများက ဆိုသည်။
အင်ဂျင်နီယာအဖွဲ့က အန္တရာယ်မရှိကြောင်း သတ်မှတ်ထားသည့် အိမ်ရာအဆောက်အအုံများသို့ ပြန်ရမည် ဖြစ်သည်။
“အချို့ဆို ငလျင်ပြီးတော့ မပြောင်းဘဲ အိမ်ရာနားမှာ မိသားစု လေးငါးစု စုပြီးနေကြတာ၊ အခုသူတို့တွေက စစ်ဆေးပြီး နေရပြီဆိုတော့ တက်နေနေကြပြီ” ဟု အသက် ၃၀ကျော်အရွယ် ဝန်ထမ်းအမျိုးသားတစ်ဦးက ပြောသည်။
ထိုသို့ နေထိုင်သူဝန်ထမ်းများသည် ပြင်ပတွင် အိမ်ငှားနေထိုင်ရန် ခက်ခဲသူများ၊ ငွေကြေးအဆင်မပြေသူများနှင့် အောက်ခြေဝန်ထမ်းများ အများဆုံးဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယာယီရွက်ဖျင်တဲများဖြင့် နေထိုင်နေကြသူ ဝန်ထမ်းများအတွက် ချက်ပြုတ်ရေးနှင့် အခြားလူနေမှု အခက်ခဲများရှိနေသည်ဟု အသက် ၃၀ ကျော်အရွယ် ဝန်ထမ်းအမျိုးသမီးတစ်ဦးက ဆိုသည်။
ထိုဝန်ထမ်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနက မိုးတွင်းကာလ နေထိုင်နိုင်ရန် ကွပ်ပြစ် တစ်လုံးစီ စီစဉ်ပေးထားပြီး လက်ရှိတွင်လည်း ကွန်တိန်နာဘောက်နှင့် Modular Houseများကို စီစည်ပေးမည်ဟု အသိပေးထားကြောင်း ထိုဝန်ထမ်းအမျိုးသမီးက ပြောသည်။
“ကွန်တိန်နာဘောက်အိမ်တွေကလည်း အပြီး နေဖို့ဆိုပြီးလည်းကြားတယ်၊ အိမ်ယာအသစ်တွေကလည်း လေးငါးနှစ် ကြာမယ့်အခြေနေဆိုတော့ ဝန်ထမ်းတွေလည်း အတော်စိတ်ညစ်နေကြတာ” ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် နေပြည်တော် ဝန်ထမ်းအများစုသည် ဇာတိမြို့ရှိ ဌာနခွဲများသို့ ပြောင်းရွှေ့ရန်၊ မြို့ကြီးများသို့ ပြောင်းရွှေ့ရန် ကြိုးစားကြခြင်းဖြင့် နေထိုင်ရေး ပြသနာကိုဖြေရှင်းနေကြသည်။

ငလျင်ဒဏ်မှ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေလက်ခံမည် ဟူသော အစီအစဉ်တစ်ခုကို မေလ ၂၈ ရက်နေ့ထုတ် စစ်ကောင်စီ ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြခဲ့သည်ကို တွေ့ရသည်။
ငလျင်ဒဏ်သင့်ပြည်သူများကို ကူညီထောက်ပံ့ရန်နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်ရန် လှူဒါန်းမှုကို ဒုတိယအကြိမ် ဆက်လက်လက်ခံမည်ဟု ဆိုသည်။
ငလျင်ဒဏ်သင့်ပြီး ရက်ပိုင်းအကြာတွင် ပြည်ပနိုင်ငံမှ အလှူများနှင့် ပြည်တွင်းခရိုနီများ လှူဒါန်းထားသည့် အလှူငွေအနည်းဆုံး ဒေါ်လာ ၅၅ သန်း အထိရှိကြောင်း လူ့အခွင့်အရေးလှုပ်ရှားသည့်အဖွဲ့ Justice For Myanmar က ဧပြီလ ၁၂ရက်နေ့က ထုတ်ပြန်ထားသည်။
ယင်းအလှူငွေများသည် စစ်ကောင်စီနှင့် ဆက်နွှယ်နေသည့် မတ်စ်ကုမ္ပဏီ၊ ကမ္ဘောဇဘဏ်၊ ရွှေတောင်ကုမ္ပဏီ စသည့် မြန်မာခရိုနီသူဌေးများထံမှ စစ်ကောင်စီက အလှူခံခဲ့ခြင်းဖြစ်သည်။
ငလျင်ဘေးအတွက် လှူဒါန်းငွေများသည် စစ်အုပ်စု ကျူးလွန်နေသည့် နိုင်ငံတကာ ရာဇဝတ်မှုများနှင့် နိုင်ငံတစ်ဝန်းလူထုအပေါ် ကျူးလွန်နေသူများအတွက် အထောက်အပံ့ဖြစ်နိုင်ကြောင်း Justice For Myanmar က ဆိုသည်။
နေပြည်တော်တွင် ငလျင်ဒဏ်သင့် ကူညီနေသူ အသက် ၄၀ကျော်အရွယ် အမျိုးသားတစ်ဦးကလည်း စစ်ကောင်စီသည် ငလျင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မလုပ်နိုင်သေးဟု ထောက်ပြဝေဖန်သည်။
“အလှူငွေတွေလည်းရထားတာပဲ၊ ခုထိပြန်လည်ထူထောင်ရေးမှာ ဘာမှလုပ်နိုင်တာမတွေ့ဘူး၊ ပြည်သူတွေမပြောနဲ့ဦး၊ ဌာနအဆောက်အအုံတွေနဲ့ အိမ်ရာတွေတောင် ဘာမှ မလုပ်နိုင်သေးတာ အမြင်ပဲလေ” ဟု ၎င်းက ဆိုသည်။
ငလျင်ဘေး ပြန်လည်ထူထောင်ရာတွင် ထိခိုက််ပျက်စီးမှုများ ရှင်းလင်းရန် သဘာဝဘေးရန်ပုံငွေမှ စစ်ကိုင်းတိုင်းအတွက် ကျပ် ဘီလီလျံ ၅၀၊ မန္တလေးတိုင်းအတွက် ဘီလီလျံ ၆၀၊ နေပြည်တော်အတွက် ဘီလီလျံ ၁၀၊ ရှမ်းပြည်နယ်အတွက် ၅ ဘီလီလျံပေးအပ်ပြီး ဖြစ်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
စစ််ဗိုလ်ချုပ်များ နေထိုင်သည့် အုပ်ချုပ်ရေးမြို့တော် နေပြည်တော်တွင် လမ်းတံတားနှင့် အဆောက်အဦများ ပျက်စီးပါက အရေးပေါ်ပြင်ဆင်လေ့ရှိသော်လည်း ယခုမူ ထိုအခြေအနေမဟုတ်တော့ဟု နေပြည်တော်နေ အသက် ၄၀ကျော်အရွယ် အင်ဂျင်နီယာတစ်ဦးက ဆိုသည်။
နေပြည်တော်ရှိ ဌာနအဆောက်အအုံများနှင့် အသေးစားပြုပြင်ရေးကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၏ အဆောက်အအုံဌာန၊ မြန်မာနိုင်ငံ ကန်ထရိုက် လုပ်ငန်းရှင်များအသင်းတို့၏ ငွေအချို့ဖြင့် ပြုပြင်နေသည်ဟု အထက်ပါ အင်ဂျင်နီယာက ပြောသည်။
ငလျင်ဒဏ်သင့်သည့် နှစ်လပြည့်ချိန်ထိလည်း ဝန်ကြီးဌာနရုံးများနှင့် ဝန်ထမ်းအိမ်ရာများကို ပြန်လည်တည်ဆောက်ရန် နေပြည်တော်တည်ဆောက်ချိန်က တာဝန်ယူထားသည့် ကုမ္ပဏီများကို တာဝန်ပေးထားသည်၊ သို့သော်လည်း ငလျင်လှုပ်ပြီး နှစ်လပြည်တော့မည့်အချိန်ထိ ပြိုပျက်အဆောက်အုံများကိုပင် ရှင်းလင်းရေး အပြီးမသတ်နိုင်သေးပေ။
မေလ ၂၇ရက်နေ့က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ငလျင်ကြောင့် ပျက်စီးခဲ့သည့် ဝန်ကြီးဌာန အဆောက်အအုံများကို လိုက်ကြည့်ခဲ့သည်။ စစ်ကောင်စီ ထုတ်ပြန်သည့် ဓာတ်ပုံများတွင် အလုပ်သမားဝန်ကြီးဌာန အဆောက်အအုံ ပျက်စီးနေသည့် အုတ်နံရံများ၊ ကွဲအက်နေသည့်မှန်ပြတင်းများ ပြုပြင်ထားခြင်းမရှိသေးသည်ကို တွေ့ရသည်။
ရုံးအဆောက်အအုံများကို အပိုင်းလိုက် ပြန်လည်ပြုပြင်နိုင်မည်၊ ဖြိုချပျက်စီးခဲ့သည့် အပိုင်းများကို စနစ်တကျဖျက်ဆီး၍ ရုံးအနောက်ဘက်ခြမ်း၌ မြေထိန်းနံရံများကို စနစ်တကျ ဆောင်ရွက်သွားမည်ဟု ဝါဒဖြန့်သတင်းစာတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း စစ်ခေါင်းဆောင်သည် ငလျင်ကြောင့် ပျက်စီးခဲ့သည့် လွှတ်တော်အဆောက်အအုံများကို သွားရောက်ကြည့်ခဲ့ရာ ထိုအဆောက်အဦများ ပြန်လည်ပြင်ဆင်နိုင်ခြင်း မရှိသေးကြောင်း ဓာတ်ပုံမှတ်တမ်းများတွင် တွေ့ရသည်။
မတ်လ ၂၈ရက်နေ့ ငလျင်ကြောင့် လူပေါင်း ၃၇၀၀ကျော်သေဆုံး၊ အိမ်ခြေ ၆,၇၀၀၀ ကျော် ပြိုကျပျက်စီး၊ ကျောင်းပေါင်း ၆၄၀၀ ကျော်၊ ဆေးရုံဆေးခန်း ၃၅၀ခန့် ပျက်စီးခဲ့သည်ဟုစစ်ကောင်စီ က ဆိုသည်။
ငလျင်ဒဏ်ကြောင့် ပျက်စီးမှု ပမာဏာသည် အမေရိကန်ဒေါ်လာ ၁၁ဘီလျံကျော်ရှိမည်ဟြ ကမ္ဘ့ာဘဏ်၏ မေ၇ရက်နေ့ အစီရင်ခံစာတွင် ဖော်ပြသည်၊ ပျက်စီးမှုပမာဏမှာ တိုင်းပြည်ကုန်ထုတ်လုပ်မှု တန်ဖိုး၏ ၁၄ရာခိုင်နှုန်း ဖြစ်သည်ဟု ခန့်မှန်းတွက်ချက်ထားသည်။