သတင်း

ငလျင်ဒဏ်သင့် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားအတွက် တရုတ်ကူညီနေ

တရုတ်အစိုးရက စစ်ကောင်စီကို အလွယ်တကူ တပ်ဆင်နိုင်သည့်ရုံးခန်းရာနှင့်ချီ ပေးရာတွင် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးပစ္စည်းများဟု ခေါင်းစဉ်တပ်ခဲ့သည်။

တရုတ်အစိုးရသည် မြေငလျင်ကြောင့် ရုံးခန်းများပြိုကျပြီး အကျပ်အတည်းတွေ့နေသည့် နေပြည်တော်မှ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်နိုင်ရေးအတွက် ရာနှင့်ချီသည့် အသင့်တပ်ဆင် အသုံးပြုနိုင်သည့်ရုံးခန်းနှင့် ရုံးသုံးပစ္စည်းများကို စစ်ကောင်စီထံ တိုက်ရိုက်ထောက်ပံ့ပေးခဲ့သည်။

ကယ်ဆယ်ရေးခေါင်းစဉ်နှင့်ပေးအပ်သည့်၊ အသင့်တပ်ဆင်အသုံးပြုနိုင်သည့်ရုံးခန်း  ၃၄၀၊ ကွန်ပျူတာများနှင့် ရုံးသုံးပရိဘောဂများ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့   မေလ ၂ ရက်က ရောက်ရှိလာခြင်းဖြစ်သည်။ စစ်ကောင်စီက သီလဝါမှတဆင့် နေပြည်တော်သို့ မီးရထားဖြင့် တိုက်ရိုက်ပို့ဆောင်နေသည်။

ရုံးခန်း ၁၀၈ လုံးအတွက် တပ်ဆင်ရမည့် ပစ္စည်းများ၊ ရုံးသုံးပစ္စည်းများ ပါဝင်သည့် ကွန်တိန်နာ ၁၆ လုံး  နေပြည်တော်သို့ မေလ ၆ ရက်နေ့က ရောက်သွားသည်။

ထိုရုံးခန်းများအနက် ၁၀၄ လုံးကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၊ နိုင်ငံခြားရေး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို ခွဲဝေပေးပြီး စစ်ကောင်စီဝန်ထမ်းများ ရုံးထိုင်ကြမည်ဟု စစ်တပ်ပိုင် မြဝတီသတင်းဌာနက မေလ ၆ ရက်နေ့တွင် ကြေညာသည်။ 

ကျန်ရှိသည့် ရုံးခန်း ၂၃၀ ကျော်ကို မည်သည့်ဝန်ကြီးဌာနများတွင် တပ်ဆင်မည် ဆိုသည်ကို  မသိရသေးပေ။

တရုတ်အစိုးရက ရုံးခန်းများထောက်ပံ့ခဲ့သည့်   ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဘက်က အမှုဆင်တရားစွဲခဲ့သည့် အမှုများကို ကြားနာခဲ့သည့် နေရာလည်း ဖြစ်သည်။

ထို့အပြင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် စစ်ခေါင်းဆောင်က အာဏာသိမ်းပြီးနောက် စိတ်ကြိုက်ပြန်လည်ဖွဲ့စည်းထားပြီး စစ်ကောင်စီသက်တမ်းတိုးမှုက ၂၀၀၈ အခြေခံဥပဒေနှင့် ကိုက်ညီကြောင်း ဆုံးဖြတ်ခဲ့သည်။

စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနသည်လည်း နိုင်ငံတကာနှင့်  ဆက်ဆံရေးကို အဓိကကိုင်တွယ်သည့် ဝန်ကြီးဌာနဖြစ်သည်။

မတ်လ ၂၈ ရက်နေ့က လှုပ်ခဲ့သည့် ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်နှင့် နောက်ဆက်တွဲငလျင်များကြောင့် မေလ ၄ ရက်နေ့ထိ စစ်ကောင်စီစာရင်းများအရ သေဆုံးသူ ၃၇၈၅ ဦးထိရှိပြီး၊ ဒဏ်ရာရ ၅၁၀၅ ဦးနှင့် ပျောက်ဆုံးသူ ၉၂ဦးထိရှိသည်။

အဆိုပါငလျင်အပြီး တရုတ်အစိုးရသည် မြန်မာနိုင်ငံသို့ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းအများအပြား ကူညီ ထောက်ပံ့ခဲ့သည်။

ရန်ကုန်အခြေစိုက် တရုတ်သံရုံး၏ထုတ်ပြန်ချက်အရ မေလ ၂ ရက်နေ့အထိ ကယ်ဆယ်ရေးပစ္စည်းများ ၁၁ ကြိမ် အထိ ပေးပို့ထားသည်။ ၎င်းတို့ထဲတွင် ယာယီတဲများ၊ ခြင်ထောင်များ၊ ရေသန့်ပစ္စည်းများ၊ ဒီဇယ်ဆီများ၊ ကာကွယ် ဆေးများ၊ အရိုးခွဲစိတ်မှုရာတွင် အသုံးပြုသည့် ဆေးပစ္စည်းများလည်းပါဝင်သည်။

စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားအတွက် တရုတ်အစိုးရကပေးအပ်သည့်ပစ္စည်းများကို ရန်ကုန်သီလဝါဆိပ်ကမ်းတွင်တွေ့ရစဉ်။  (ဓာတ်ပုံ – တရုတ်သံရုံး(ရန်ကုန်)

Related Articles

Back to top button