
အင်အားပြင်းငလျင်ကြောင့် ဝန်ကြီးဌာနအဆောက်အအုံများ ထိခိုက်ပြီး အုပ်ချုပ်ရေးယန္တရား ရပ်ဆိုင်းလုနီးပါးဖြစ်ခဲ့သည့် နေပြည်တော်တွင် ဌာနအချို့မှ ဝန်ထမ်းများသည် မေလဆန်းမှစ၍ ရန်ကုန်အပါအဝင် အခြားဒေသ ဌာနခွဲများသို့ စတင်ပြောင်းရွှေ့နေပြီဟု စုံစမ်းသိရှိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်ရှိ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှ ဝန်ထမ်းများသည် ရန်ကုန်နှင့်ပဲခူးတိုင်းတို့ အများဆုံးပြောင်းရွှေ့ကြကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန (စီမံဌာန)မှ ဝန်ထမ်းရေးရာ အချက်လက်များကို စီမံရသည့် အရာရှိတစ်ဦးက ပြောသည်။
“နေပြည်တော်မှာ နေထိုင်ရေး အဆင်မပြေတော့ ဇာတိနယ်ကို ပြောင်းချင်တဲ့ဝန်ထမ်းတွေကို ယာယီပြောင်းရွှေ့ပေးတဲ့သဘောပဲ” ဟု ယင်းအရာရှိက ဆိုသည်။
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ရန်ကုန်သို့ ပြောင်းရွှေ့သည့်ဝန်ထမ်း ၂၀ ထက်မနည်းရှိသည်ဟု သိရသည်။ ဌာနဆိုင်ရာ လုပ်ငန်းများ လည်ပတ်ရန်နှင့် ဝန်ထမ်းတို့၏ နေထိုင်ရေး ယာယီအဆင်ပြေစေရန် သက်ဆိုင်ရာဝန်ကြီးဌာနက စီမံပေးသည်ဟုလည်း အထက်ပါ အရာရှိက ပြောသည်။
မေလ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ယာယီနေအိမ်များမရမီ ဇာတိနယ်မြို့များသို့ ပြန်သွားသူများကို ဝန်ကြီးဌာနက ပြန်လည်ခေါ်ယူနေပြီး တရား၀င် အပြောင်းအရွှေ့အတွက် စာတင်ရန် ညွှန်ကြားထားသည်ဟုလည်း သူကဆိုသည်။
ရန်ကုန်သို့ ပြောင်းရွှေ့သည့် ဝန်ကြီးဌာနမှာ နိုင်ငံခြားရေး ဝန်ကြီးဌာနတစ်ခုသာရှိသည်ဟု သိရသည်။
ဝန်ထမ်းများအတွက် နေရာထိုင်ခင်း စီမံပေးရာတွင် ညီမျှမှုမရှိကြောင်း၊ “အာဏာရှိ” ဌာန၊ ပိုက်ဆံရှိ ဌာန အရာရှိများ ပိုမို အဆင်ပြေနေကြောင်း အသက် ၃၆ နှစ် အရွယ် အမျိုးသား ဝန်ထမ်းတစ်ဦးက ဆိုသည်။
အာဏာရှိဌာန ခေါ် အုပ်ချုပ်ရေးအတွက် အရေးပါသည့် ဌာနများ ဖြစ်သော စစ်ကောင်စီ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ကာကွယ်ရေးဝန်ကြီးဌာန စသည့်ဌာနများမှ အရာရှိများသည် နေပြည်တော်စည်ပင်ဧည့်ရိပ်သာ အပါအဝင် လုံခြုံသည့် အခန်းမျိုးရရှိသည်။
စီမံကိန်းနှင့်ဘဏ္ဏုရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင် စသည့် ပိုက်ဆံရှိ ဌာနများမှ အရာရှိများမှာ ပြင်ပတွင် အိမ်ငှားနေထိုင်ကြကြောင်း ၎င်းက ဆက်ပြောသည်။
ပညာရေးဝန်ကြီးဌာနမှ အမျိုးသားဝန်ထမ်း တစ်ဦးကလည်း ငလျင်ဒဏ်ကြောင့် နေပြည်တော်တွင် နေထိုင်ရေး ခက်ခဲလာသဖြင့် ဇာတိနယ် မိတ္တီလာသို့ ပြန်ရန် စီစဉ်နေကြောင်း ဆိုသည်။
“ခုကကွာ ပစ္စည်းတွေ နေရာပြောင်းတာ နှစ်ခါရှိပြီ၊ တစ်ခါရွှေ့ရင် လေးသိန်းလောက်ကုန်တာ၊ ဒါတောင် နေရာက အတည်မဖြစ်သေးဘူး။ ဝန်ထမ်အိမ်ယာကလည်း တစ်နှစ် နှစ်နှစ်အတွင်း ပြီးမယ်ပြောနေတာ မရနိုင်ဘူးလို့တော့ ထင်တယ်လေ၊ ခု လူကြီးကိုပြောပြီး ပြောင်းမယ်လို့တော့ ပြောထားတယ်” ဟု အရွယ်မရောက်သေးသည့် ကလေးနှစ်ဦး ဖခင် ဖြစ်သူအသက် ၄၀ ကျော်အရွယ် အမျိုးသားက ဆိုသည်။
နေပြည်တော်တွင် မိသားစုနှင့်အတူ အိမ်ငှားနေထိုင်ရန် ငွေကြေး အကုန်အကျ မခံနိုင်သဖြင့် ဇာတိနယ်မြေသို့ပြန်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ယင်းအမျိုးသားက ရှင်းပြသည်။
ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများကို ဖြိုဖျက်ရှင်းလင်းရေး အစီအစဉ်မှာ တစ်လကျော်ကြာမြင့်ချိန်အထိ မစတင်နိုင်သေးဘဲ ဝန်ထမ်းများသည်လည်း ဝန်ကြီးဌာနက စီစဉ်ပေးသည့် ဘောလုံးကွင်း၊ကျောင်းတို့ထဲရှိ ယာယီတဲနှင့် မဖြိုဖျက်သေးသည့် ဝန်ကြီးဌာနအဆောက်အအုံတို့ထဲတွင် မိုးဒဏ်၊ နေဒဏ်ကို ရင်ဆိုင်ရင်းနေထိုင်နေကြရသည်။
နေပြည်တော်တွင် ဝန်ကြီးဌာန ယာယီရုံးခန်း များကို Modular House ဟု ခေါ်သော အသင့်တပ်ဆင် တည်ဆောက်နိုင်သည့် အဆောက်အအုံများ သုံးရန် စီစဉ်နေပြီး မေလကုန်တွင် ရုံးများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း မေလ ၅ရက်ထုတ် စစ်ကောင်စီဝါဒဖြန့် သတင်းစာတွင် ဖော်ပြထားသည်။
စစ်ကောင်စီ ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမား၊ စီးပွားကူးသန်း၊ လျှပ်စစ်နှင့်စွမ်းအင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနတို့တွင် ယာယီရုံးခန်းဖွင့်ရန် ပြင်ဆင်နေမှုများကို လိုက်လံကြည့်ခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။
ယင်းဝန်ကြီးဌာနထဲမှ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ယာယီရုံးခန်းထဲတွင် ရွေးကောက်ပွဲဆိုင်ရာဆက်စပ်သည့်ရုံးလုပ်ငန်းများ၊ ကွန်ပျူတာများကို စနစ်တကျထားရှိရန်နှင့် လုံခြုံရေးဆိုင်ရာ ဂရုစိုက်ရန် ဒုချုပ်က မှာကြားခဲ့သည်။
ငလျင်ဒဏ်သင့်သည့် ဝန်ကြီးဌာနရုံးများနှင့် ဝန်ထမ်းအိမ်ရာများကို ပြန်လည်တည်ဆောက်ရန်အတွက် နေပြည်တော် တည်ဆောက်ချိန်က တာဝန်ယူထားသည့် ဆောက်လုပ်ရေး ကုမ္မဏီများကို တာဝန်ပေးထားသည်။
မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ဧပြီလ ၄ရက်နေ့ထိ စစ်ကောင်စီစာရင်းများအရ သေဆုံးသူ ၃၇၈၅ဦထိရှိပြီး၊ ဒဏ်ရာရ ၅၁၀၅ ဦးနှင့် ပျောက်ဆုံးသူ ၉၂ဦးထိရှိသည်။