အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရာမညမွန်တပ်တော် အမည်အောက်တွင် မွန်နှစ်တပ်ပေါင်းရန် သဘောတူ

တစ်ခုတည်းသော မွန်တပ် ပေါ်ပေါက်လာရေးအတွက် အာဏာသိမ်းပြီးနောက် ဖွဲ့စည်းထားသော မွန်တော်လှန်ရေးအဖွဲ့များက ကြိုးပမ်းနေကြရာ ရာမညမွန်တပ်တော် အမည်အောက်တွင် မွန်နှစ်တပ် ပေါင်းရန် သဘောတူလိုက်ကြသည်။

စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်းများ ဖြစ်သည့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP -AD) နှင့် မွန်ပြည်လွတ်မြောက်ရေး တပ်တော် (MLA) တို့ ပူးပေါင်းပြီး  “ရာမညမွန်တပ်တော်-Ramonnya Mon Army (RMA)” ကို ဖွဲ့စည်းလိုက်သည်။

စစ်အာဏာရှင်စနစ်တိုက်ဖျက် ရေး၊ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် အပြည့်အဝရှိသော မွန်ပြည် ပေါ်ထွန်းရေးရည်ရွယ်ချက်ဖြင့် ပေါင်းစည်းခဲ့ခြင်းဖြစ်သည်ဟု မေ ၂၄ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ဦးဆောင်မှုပေးမည့်  NMSP(AD)  နိုင်ငံရေး စစ်ရေး ကော်မတီကို အဖွဲ့ဝင် ၂၆ ဦးဖြင့် ဖွဲ့စည်းပြီး ဥက္ကဋ္ဌ နိုင်ဇေယျ၊ ဒုဥက္ကဋ္ဌ နိုင်လယီကောင်း၊ အတွင်းရေးမှူး နိုင်ဗညားလယ်တို့ဖြစ်ကြသည်။

နိုင်ငံရေးစစ်ရေးကော်မတီ ဦးဆောင်မှုဖြင့် ရာမညမွန်တပ်တော် RMA ၏ စစ်ရေးဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော်ရန် အဖွဲ့ဝင် ၇ ဦးပါဝင်သော စစ်ကော်မတီကိုလည်း ဖွဲ့ စည်းသည်၊ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စလွန်းထော၊ ဒုစစ်ဦးစီးချုပ် (၁) ဗိုလ်မှူးကြီစိုးဝင်းနှင့် ဒု စစ်ဦးစီးချုပ် (၂) ဗိုလ်မှူးကြီးကျည်ဆံ တို့ ဖြစ်ကြသည်ဟု သိရသည်။

အဖိနှိပ်ခံ ဘဝတူတိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း   ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

မွန်တပ် ၂ တပ်ပူးပေါင်းမှုနှင့်ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန် ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားကို Myanmar Now က မေးမြန်းရန် ကြိုးပမ်းသော်လည်း အဆက်အသွယ် မရသေးပေ။

တအာင်းတပ် (TNLA) ကလည်း ပူးပေါင်းမှုအတွက် ဝမ်းမြောက်ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ပြီး  မွန်၊ ဝ၊ တအာင်းတို့ပါဝင်သည့် မွန်-ခမာမျိုးနွယ်စုအနေဖြင့် သက်ဆိုင်ရာလူမျိုးစုများကိုစည်းရုံးကာ နယ်မြေဒေသနှင့်လူထုကို ကာကွယ်စောင့်ရှောက်ရန်၊ ခိုင်မာအားကောင်းသည့် လက်နက်ကိုင်တပ်ဖွဲ့ကို ကျစ်လစ်သိပ်သည်းစွာ ဖွဲ့စည်းလုပ်ဆောင်ရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရာမညမွန်တပ်တော်ကို TNLA ၏ တော်လှန်ရေးမဟာမိတ်အဖြစ်သတ်မှတ်ကာ အတူပူးပေါင်းသွားမည် ဖြစ်ကြောင်း ပါရှိသည်။

“မွန်တပ်တော်ကို PSLF (ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး) အနေနဲ့ ကြိုဆိုပါတယ်။ မွန်-ခမာ အနွယ်တွေ ဖြစ်ကြပါတယ်။ မျိုးနွယ်စုအတွက် ကိုယ့်ရဲ့ ဒေသခံပြည်သူလူထုတွေ ကာကွယ်နိုင်ဖို့ အဖွဲ့အစည်းအသီးသီးက လူတွေ ၊ နှစ်ဖွဲ့ ကနေ တစ်ဖွဲ့အဖြစ် ပြန်လည်ရပ်တည်နိုင်တာကို ကျွန်မတို့ကတော့ ဂုဏ်ပြုကြိုဆိုပါတယ်” ဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။ “

လက်ရှိအချိန်ထိကတော့ မွန်တိုင်းရင်းသားနဲ့ပတ်သက်ပြီးတော့ ကျွန်မတို့ TNLA အနေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိပါတယ်။ ပါတီဆိုလည်း ပါတီအချင်းချင်းပေါ့၊ နိုင်ငံရေးလှုပ်ရှားမှုအဖွဲ့ဆိုလည်း CSO တွေ ထောက်တိုင်အဆင့်ဆင့်ကနေ၊ စစ်ရေးပိုင်းမှာဆိုလည်း ကျွန်မတို့ဘက်က ပူးပေါင်း ပါဝင် ကူညီဆောင်ရွက်ချိတ်ဆက်မှုတွေ ရှိပါတယ်”

TNLA သည် မွန်ပြည်နယ် အခြေချ အဖွဲ့များနှင့် အချိတ်အဆက်ရှိပြီး TNLA မှ ဒုတိယဗိုလ်မှူးကြီး တားဆငည်းလေးက ၂၀၂၄ ခုနှစ် ဇူလိုင်က ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်တွင် ပြုလုပ်သည့် ဂဠုန် စစ်ကြောင်းသင်တန်းဆင်းပွဲကို တက်ခဲ့သလို ၂၀၂၄ ဩဂုတ်က MLA စစ်သင်တန်းဆင်းပွဲတွင်လည်း တက်ရောက် မိန့်ခွန်းပြောခဲ့သည်။

မွန် ၂ တပ်ပူးပေါင်းမှုအပေါ် TNLA နှင့် မွန်တပ်များ၏ ထုတ်ပြန်ချက်။

 မွန်ပြည်နယ်တွင် နိုင်ငံရေးအရ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကလည်း  ထိုနှစ်တပ် ပူးပေါင်းမှုကို အပြုသဘောဆောင်သော တိုးတက်မှုအဖြစ် မေ ၂၅ ရက်နေ့တွင် သဘောထားထုတ်ပြန်ခဲ့သည်။

တစ်ခုတည်းသော မွန်တပ်တော်ဖြစ်ပေါ်ရေး အကြံပြုစာတစ်စောင်ကိုလည်း NMSP(AD) နှင့် MLA တို့ထံ မတ်၂၈ ရက်နေ့က ပေးပို့ခဲ့ပြီး MLA က အကြောင်းပြန်ခဲ့ကြောင်း ဖော်ပြထားသည်။ 

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် မွန်လက်နက်တော်လှန်ရေးအင်အားစုများ ဖြစ်သည့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊  မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) ၏ မွန်အမျိုးသားလွတ်မြောက်ရေးတပ် (MNLA)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ မွန်တပ်တစ်ခုတည်း ပေါင်းစည်းနိုင်ရေး ၂၀၂၄ ဒီဇင်ဘာက ကနဦးသဘောတူခဲ့ကြသည်။

ထို့နောက် ထို မွန် ၄ တပ် ပေါင်း၍  ယခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့တွင် “ရာမညပူးတွဲစစ်ကြောင်း” ကို ဖွဲ့စည်းခဲ့ကြသည်။

မွန်ပြည်နယ်အတွင်း စစ်ရေးဆိုင်ရာလှုပ်ရှားမှု အရှိန်မြှင့်ရန်နှင့် တစ်ချိန်တွင် ပေါ်ပေါက်လာနိုင်သည့် မွန်တပ်တော်အတွက် ကနဦး ပူးပေါင်းစုဖွဲ့မှုဖြစ်ကြောင်း ရာမညစစ်ကြောင်းပြန်ကြားရေးက ထိုစဉ်က ထုတ်ဖော်ပြောထားသည်။

မွန်တပ်တစ်ခုတည်း ဖြစ်ပေါ်လာရေး ကြိုးပမ်းနေကြသော မွန်တော်လှန်ရေးတပ်များအနေဖြင့် လက်ရှိ တွင် “ရာမညမွန်တပ်တော်” အမည်အောက်၌ မွန် ၂ တပ် ပူးပေါင်းနိုင်ခဲ့ကြခြင်းဖြစ်သည်။

မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)

MLA သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးဖြင့် စစ်ကောင်စီတပ်ကို အနိုင်တိုက်ခဲ့သည့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ် (TNLA) ထံက စစ်ပညာသင်လာသည့် မွန်လက်နက် ကိုင်တပ်ဖြစ်သည်။

MLA ကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့တွင် ထူထောင်ခဲ့ပြီး ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်ကို ဖြတ်သန်းစီးဆင်းသည့် ဂျိုင်းမြစ်ဝှမ်းတွင် အခြေချလှုပ်ရှားသည့်တပ်ဖြစ်သည်၊  MLA ၏ ဒုစစ်ဦးစီးချုပ် မှာ နိုင်မာဃဖြစ်ပြီး စစ်ဦးစီးရုံးချုပ် (GSO) မှာ ဗညားမင်းကန်စီဖြစ်သည်။

၎င်းတို့၏ အဓိက စစ်ရေးလှုပ်ရှားမှု နယ်မြေမှာ ကျိုက်မရော၊ ကျုံဒိုး၊ ကော့ကရိတ်မြို့နယ်တို့ ဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အုပ်ချုပ်ရေးနယ်မြေများနှင့်ထိစပ်နေသည်။

MLA တပ်ထံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တောင်ပိုင်းစစ်ဒေသလက်အောက်မှ တပ်ဖွဲ့ဝင် ၃၀၀ ခန့်ပါဝင်သည့် ဂဠုန်စစ်ကြောင်းက PDF တပ်အဖြစ်မှ နုတ်ထွက်ကာ ယခုနှစ် ဖေဖော်ဝါရီ ၁ ရက် နေ့တွင် MLA ထံ ပူးပေါင်းခဲ့သည်။

မွန်လူမျိုးအများစုပါဝင်သော အဆိုပါဂဠုန်စစ်ကြောင်းတွင် စစ်ကြောင်းမှူးအဖြစ် အဲသာမောင်းနှင့် ဒုစစ်ကြောင်းမှူးအဖြစ် နိုင်စိုးဝင်းတို့က ဦးဆောင်သည်။

၂၀၂၄ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ပြုလုပ်သော မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)  အပတ်စဉ် (၆) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲအခမ်းအနား ။ (ဓာတ်ပုံ-MLA) 

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP -AD) 

မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် အခြေစိုက် လှုပ်ရှားနေသော မွန်ပြည်သစ်ပါတီ သည် အာဏာသိမ်းစစ်တပ်နှင့် ၃ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း နိုင်ငံရေးပြဿနာများကို မဖြေရှင်း နိုင်သည့်အတွက် ခေါင်းဆောင်တချို့က ဦးဆောင်ပြီး ၂၀၂၄ ဖေဖော်ဝါရီ ၁၄ ရက်တွင် ခွဲထွက်လိုက်ရာမှ ပေါ်ပေါက်လာသော တပ်ဖြစ်သည်။

၁၁ ကြိမ်မြောက် ပါတီညီလာခံတွင် အပစ်ရပ်စာချုပ်ကို ဆက်လက်ကိုင်စွဲမည့် မွန်ပြည်သစ်ပါတီ၏ သဘောထားကို လက်မခံနိုင်သည့်အတွက် သဘောထားတူသည့် ပါတီအလုပ်အမှုဆောင်တချို့၊ ပါတီရဲဘော်တချို့နှင့်အတူ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) အဖွဲ့ကို တည်ထောင် ခဲ့ကြသည်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့တွင် နိုင်ငံရေး၊ စစ်ရေးဦးဆောင်အဖွဲ့ကို မွန်ပြည်သစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျ၊ ဒုအဖွဲ့ခေါင်းဆောင် (၁) နိုင်ဗညားလယ်၊ ဒုအဖွဲ့ ခေါင်းဆောင် (၂) နိုင်ရီရီကောင်း၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထောတို့ဖြင့် ဖွဲ့စည်းခဲ့ကြသည်။ 

အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရန် တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီကို ပြန်တိုက်မည်ဟု ကြေညာထုတ်ပြန်ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တွေ့ဆုံဆွေးနွေးမှုများရှိခဲ့သည်။

အခြားသော မွန်တပ်များဖြစ်သည့် မွန်ပြည်ကာကွယ်ရေးတပ် (MSDF) သည် ၂၀၂၁ ခုနှစ် စက်တင်ဘာ တွင် စတင်ဖွဲ့စည်းပြီး မွန် နှင့်ကရင်ဆက်စပ်ဒေသများဖြစ်သော ကျိုက်မရော၊ ကော့ကရိတ်၊ဂျိုင်းမြစ်ဝှမ်း နှင့် တနင်္သာရီတိုင်း ရေး၊ ရေဖြူမြို့နယ်တို့တွင် စစ်ရေးလှုပ်ရှားလျက်ရှိသည်။  

အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) သည်လည်း ၂၀၂၃  နှစ်ကုန်က မွန်ပြည်ဖက်ဒရယ်ကောင်စီတပ်အဖြစ် ရပ်တည်ခဲ့ပြီး လက်ရှိတွင် တနင်္သာရီတိုင်း ရေဖြူ၊ မွန်ပြည်နယ် ရေးမြို နယ်တို့တွင် စစ်ရေးလှုပ်ရှားနေသည်။

MSRF သည် မွန်ပြည်နယ်တောင်ပိုင်း ရေး-ထားဝယ် ပြည်ထောင်စုကားလမ်းမတစ်လျှောက်တွင် NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့နှင့် ပူးတွဲ စစ်ရေးလှုပ်ရှားသည်။

မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တို့ကလည်း ၂၀၂၄ ဧပြီတွင် မဟာမိတ်အဖြစ် ပူးပေါင်းထားကြသည်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) တပ်ဖွဲ့ဝင်များကို မွန်ပြည်နယ်၊ ကျိူက်မရော မြို့နယ်အတွင်း ယခုနှစ်ဇန်နဝါရီက တွေ့ရစဉ်။ (ဓာတ်ပုံ-(NMSP -AD)

Related Articles

Back to top button