အာဏာသိမ်းစစ်ကောင်စီကို တော်လှန်နေသည့် မွန်လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့ ပူးပေါင်းကာ မွန်တပ်တော် တစ်ရပ်ပေါ်ထွန်းလာရန် သဘောတူညီခဲ့ပြီး ပူးတွဲစစ်ရေးလှုပ်ရှားမှုများ စတင်သွားမည်ဖြစ်ကြောင်း ထိုအဖွဲ့များထံက သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် မွန်လက်နက်တော်လှန်ရေး အင်အားစုများ ဖြစ်သည့် မွန်ပြည်လွတ်မြောက် ရေးတပ်တော် (MLA)၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA – AD)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ယမန်နေ့ က တော်လှန်ရေးနယ်မြေ တစ်ခုတွင် စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်အစည်းအဝေး ပြုလုပ်ပြီးနောက် ဒီဇင်ဘာ ၁၉ ရက်တွင် ပူးတွဲထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
“ကျွန်တော်တို့ တကွဲတပြားဖော် ဆောင်နေတာထက်စာရင် တစုတစည်းတည်းဖော်ဆောင်တာမျိုးက ပိုပြီးတော့ထိရောက်တယ်။ ပိုပြီးတော့လည်း သဘာဝကျတယ်။ ဒါကြောင့် ကျွန်တော်တို့က တပ်တော် တစ်ခုတည်း ဖြစ်ပေါ် လာရေးမူကို ချမှတ်လိုက်တာဖြစ်ပါတယ်”ဟု မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) မှ ဗညားမင်းကန်စီက ပြောသည်။
တစ်ခုတည်းသောမွန်တပ်တော်ပေါ်ထွန်းရေးအတွက်ကြိုးပမ်းနေချိန်တွင် ကနဦးအဆင့်အနေဖြင့် ဗျူဟာမြောက်စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ စတင်လုပ်ဆောင်သွားမည်ဟု မွန်တော်လှန်ရေး တပ်များက ဆိုသည်။
“တံဆိပ်တစ်ခု၊ အလံတစ်ခုအောက်၊ အဲ့လိုလုပ်ဖို့ဆိုတာကအချိန်တော့ နည်းနည်းပေးရမယ်။ အဲ့ဒါကြောင့် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စနေခြင်းဖြစ်ပါတယ်”ဟု မွန်ပြည်ဖက်ဒရယ် ကောင်စီ၊ အုပ်ချုပ်ရေးကော်မတီ ကာကွယ်ရေးဌာနမှူး နိုင်ဒင်းပလဟံသာက ပြောသည်။
မွန်ပြည်နယ်နှင့် ဆက်စပ်တိုင်း ဒေသကြီးများတွင် လှုပ်ရှားရန် စစ်ရေးစီမံချက် ချမှတ်ထားပြီး စစ်ရေး ဆိုင်ရာ လျို့ဝှက်ချက်ဖြစ်သည့်အတွက် စတင်လှုပ်ရှားမည့်အခြေအနေနှင့် ဒေသ အသေးစိတ်အချက် များကို ထုတ်ဖော်ပြောကြားနိုင်ခြင်းမရှိသေးကြောင်း မွန်ပြည်ကာကွယ်ရေးတပ် (MSDF) မှ တပ်မှူး ဒေါက်တာ သီရိမွန်ချမ်းက ပြောသည်။
မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် စတင်ဖွဲ့စည်းပြီး မွန် နှင့် ကရင် ဆက်စပ်ဒေသများ ကျိုက်မရော၊ ကော့ကရိတ်၊ ဂျိုင်းမြစ်ဝှမ်းနှင့် တနင်္သာရီတိုင်း ရေး၊ ရေဖြူမြို့နယ်တို့ တွင် စစ်ရေးလှုပ်ရှားလျက်ရှိသည်။
အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) သည် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက မွန်ပြည်ဖက်ဒရယ်ကောင်စီတပ်အဖြစ် ရပ်တည်ခဲ့ပြီး လက်ရှိတွင် တနင်္သာရီတိုင်း ရေဖြူ၊ မွန်ပြည်နယ် ရေးမြို့ နယ်တို့တွင် စစ်ရေးလှုပ်ရှားနေသည်။
မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) မှာ မြောက်ပိုင်း မဟာမိတ် ၃ဖွဲ့အနက် တစ်ခုဖြစ်သည့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်တော် (TNLA) ထံ တွင် စစ်ပညာသင်ယူခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် မွန်ပြည်နယ်တွင် စတင်လှုပ်ရှားခဲ့သည်။ လက်ရှိတွင် ၎င်းတို့၏ အဓိက စစ်ရေးလှုပ်ရှားမှု နယ်မြေမှာ ကျိုက်မရော၊ ကျုံဒိုး၊ ကော့ကရိတ် မြို့နယ်တို့ ဖြစ်သည်။
မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (စစ်အာဏာရှင်တိုက်ဖျက်ရေး) (MNLA – AD) အဖွဲ့မှာ သက်တမ်းရင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီမှ ယခုနှစ် ဖေဖော်ဝါရီလ တွင် ခွဲထွက်လာသည့်တပ်ဖြစ်သည်။
တနိုင်ငံလုံးပစ်ခတ်ရပ်စဲမှုတိုက်ဖျက်ရေးစာချုပ်ကို လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီ ဥက္ကဌနှင့် ထိပ်သီးခေါင်းဆောင်အချို့မှာ အာဏာသိမ်းစစ် ကောင်စီနှင့် ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ် ခဲ့ရာ တပ်ဖွဲ့ဝင်များကြား သဘောထားကွဲလွဲမှုများ ပေါ်ထွက်ခဲ့ပြီးနောက် ဒုစစ်ဦးစီးချုပ်၊ အထွေထွေ အတွင်းရေးမှူးနှင့် ပါတီထိပ်ပိုင်းခေါင်းဆောင် အချို့က ခွဲထွက်ပြီး စစ်တပ်ကိုခုခံတော်လှန်ရန် ရွေးချယ်ခဲ့ ကြသည်။ အင်အား ၃၀၀ နီးပါးရှိသည့် ထိုအဖွဲ့မှာ မွန်ပြည်နယ် မုဒုံ၊ ကျိုက်မရော၊ ရေး၊ သံဖြူဇရပ်၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့နယ်တို့တွင် စစ်ရေးလှုပ်ရှားနေသည့်အဖွဲ့ဖြစ် သည်။
မွန်တော်လှန်ရေးတပ် ၄ ခုမှာ တစ်ခုတည်းသော မွန်တပ်တော် ဖြစ်ပေါ်ရေး ပူးပေါင်းဆောင်ရွက်ရန် အကြိတ်အနယ်ဆွေးနွေးပြီးနောက် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာ သီရိမွန်ချမ်း ကပြော သည်။
“တပ်လေး တပ် ပေါ်ပေါက်လာတဲ့ အခြေအနေကလည်း မတူကြဘူး။ တပ်ဖွဲ့လေး ဖွဲ့ရဲ့ လှုပ်ရှားမှုဒေသတို့၊ နယ်မြေတို့၊ တပ်လေးတပ်ကိုထောက်ပံ့နေကြတဲ့ မွန်ပြည်သူ ပြည်သားတွေကလည်း ကွဲပြားနေကြတော့ တစုတစည်းတည်း ခုလိုမျိုးဖြစ်ဖို့ ဆွေးနွေးတဲ့နေရာမှာရော၊ ကြိုးစားတဲ့နေရာမှာရော တော်တော် လေး အခက်အခဲဖြစ်ခဲ့တယ်”ဟု ၎င်းကဆိုသည်။
လက်နက်ကိုင် တပ်ဖွဲ့များ ဗျူဟာမြောက် ပေါင်းစည်းနိုင်မှုမရှိသေးသလို ဗျူဟာ မြောက် စစ်လက်နက် လိုအပ်ချက်တို့ ကြောင့် တောင်ပိုင်းတိုင်း စစ်ဒေသတွင် ပါဝင်သည့် မွန်ပြည်နယ်နှင့်ဆက်စပ်တိုင်း ဒေသကြီးများတွင် စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်ရေးအတွက် အဓိကအခက်ကြုံနေရ သည်ဟု သီရိချမ်းမွန်က ဆိုသည်။
“အဲ့ဒီလိုအပ်ချက်တွေကြောင့် အခု ဒီ ပူးတွဲစစ်ရေးလှုပ်ရှားမှုကမိမိတို့ရဲ့မျှော်မှန်းထားတဲ့ဗျူဟာမြောက် စစ်ဆင်ရေးတွေ ၊ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲ တွေ ဆင်နွှဲနိုင်ဖို့အတွက် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုတွေ လုပ်လာခဲ့ရတဲ့အကြောင်းရင်းပါ” ဟု ၎င်းကဆိုသည်။
မွန်ပြည်နယ်နှင့် ထိစပ်နေသည့် တနင်္သာရီဒေသတွင် မွန်လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး တို့ စစ်ရေးလှုပ်ရှားသည်။