
စစ်ကောင်စီက အင်တာနက်ဆက်သွယ်ရေးကို အကြီးအကျယ် ကန့်သတ်ပိတ်ပင်နေသော်လည်း နိုင်ငံတစ်ဝန်း ပြည်သူလူထု၏ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများ မတိတ်သွားဘဲ ချီတက်ဆန္ဒထုတ်ဖော်မှုများကို ရသည့်နည်းဖြင့် ပြုလုပ်နေကြသည်။
စစ်တပ်က အာဏာသိမ်းယူပြီးနောက် အင်တာနက်ဆက်သွယ်ရေးကို အချိန်အကန့်အသတ်ဖြင့် ဖွင့်ပေးခဲ့ရာမှ တစ်လခွဲအကြာတွင် မိုဘိုင်းဆင်းကတ်နှင့် Broadband ကြိုးမဲ့အင်တာနက်ဝန်ဆောင်မှုကို ဆက်တိုက်ဆိုသလို ပိတ်ပင်ခဲ့ကာ သတင်းစီးဆင်းမှုနှင့် လူထုကြားအင်တာနက်ဆက်သွယ်မှုကို ဖြတ်တောက်လိုက်ခြင်းမှာ ရန်သူကို စစ်ဆင်ရာတွင် သုံးသည့်နည်းလမ်းပင်ဖြစ်သည်ဟု ပဲခူးမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ ဦးဆောင်သူတစ်ဦးက ပြောသည်။
“ဖြတ်လေးဖြတ် စစ်ဆင်ရေးလိုမျိုးပေါ့။ ကျွန်တော်တို့ကိုလည်း တစ်ရစ်ချင်း သူတို့ (စစ်ကောင်စီ)အနေနဲ့ တိုးပြီးတော့ ပိတ်ဆို့လာတဲ့သဘောပေါ့”ဟု သူက ပြောသည်။
ပြီးခဲ့သည့် မတ် ၁၅ မှစ၍ မိုဘိုင်းအင်တာနက်များကို အကန့်အသတ်မရှိ ပိတ်ပစ်ခဲ့ပြီး ယနေ့ ဧပြီ ၄ အထိ ပြန်ဖွင့်ပေးခြင်း မရှိသေးပေ။
ထို့ပြင် ဆက်သွယ်ရေးအော်ပရေတာများထံ ကြိုးမဲ့အင်တာနက် Wifi များ ပိတ်ရန် ဆက်သွယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် စစ်ကောင်စီက ဧပြီ ၂ က ညွှန်ကြားထားခဲ့သည်။
လူတစ်ဦးချင်းအနေဖြင့် အဓိကအသုံးပြုသည့် မိုဘိုင်းအင်တာနက်နှင့် ကြိုးမဲ့အင်တာနက်များ ပိတ်ပင်ထားသဖြင့် လူစုဝေးမှုကို အခြားနည်းလမ်းများဖြင့် ချိတ်ဆက်လျက်ရှိပြီး ပြောက်ကျားနည်းဖြင့် စုရုံး ဆန္ဒထုတ်ဖော်နေခြင်းဖြစ်သည်ဟု ဆန္ဒပြပွဲဦးဆောင်သူက ထပ်မံပြောသည်။
အင်တာနက်မပိတ်ခင်က သပိတ်စစ်ကြောင်းစတင်စုဝေးမှုနှင့် ချီတက်မှုများကို အင်တာနက်ပေါ်ဖြန့်ဝေနိုင်သဖြင့် သတင်းစီးဆင်းမှုအားကောင်းသည့်နည်းတူ စစ်ကောင်စီ၏ တပ်များကလည်း အချိန်မဆိုင်းဘဲ ပစ်ခတ်ဖြိုခွဲနိုင်ရန် အင်တာနက်မှတစ်ဆင့် သတင်းအချက်အလက်များရခဲ့သည်ဟု ၎င်းက ဆိုသည်။
“တချို့ ဆိုက်ဝါး(စိတ်ဓာတ်စစ်ဆင်ရေး) တွေကို သူတို့(စစ်ကောင်စီ)အနေနဲ့ ဖန်တီးလို့ရတဲ့ အားသာချက်တော့ ရှိတယ်။ ဒါပေမယ့် ပြည်သူတွေဘက်က ဘာပြန်လုပ်နိုင်လဲဆိုတော့ ပြောက်ကျားနည်းနဲ့ ရရင်ရသလို ထွက်တာမျိုးပေါ့။ သူတို့ သတင်းအမှောင်ချတဲ့အတွက်ကို ကျွန်တော်တို့ရဲ့ သတင်းတွေကိုလည်း သူတို့ မသိနိုင်တော့ဘူး” ဟု ၎င်းက ဆိုသည်။
အင်တာနက်ဖြတ်တောက်ထားသည့်အပြင် စစ်ကောင်စီ၏ တပ်များက ရပ်ကွက်ထိပ်ရှိ လမ်းဆုံလမ်းခွများတွင် အသင့်ကြိုတင်စောင့်ဆိုင်းနေခြင်းကြောင့် လူစုရုံးနိုင်ရန် ခက်ခဲသော်လည်း လူငယ်များအနေဖြင့် ရပ်ကွက်အတွင်း လမ်းများတွင် စုစည်းဆန္ဒထုတ်ဖော်နေသည်ဟု သာကေတမြို့နယ်မှ အသက် ၃၀ အရွယ် လူငယ်တစ်ဦးက ဆိုသည်။
ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပဲခူးနှင့် အခြားမြို့ကြီးများတွင် စစ်အာဏာရှင်ဆန့်ကျင်သည့် လမ်းလျှောက်သပိတ်၊ ဆိုင်ကယ်သပိတ်၊ ပန်းသပိတ်နှင့် လူမဲ့သပိတ်များကို ပုံစံမျိုးစုံဖြင့် ဆင်နွှဲနေကြပြီး အင်တာနက်မရရှိသဖြင့် စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုများကို မှတ်တမ်းတင်နိုင်သော်လည်း အချိန်နှင့်တစ်ပြေးညီ တင်ပြရန် အခက်အခဲရှိနေသည်။
မြို့ကြီးများတွင် FFTH ဖိုက်ဘာအင်တာနက်များ ရရှိနေသေးသော်လည်း တပ်ဆင်ထားသူများ၏ အမည်နှင့် လိပ်စာများကို စစ်ကောင်စီက ကောက်ယူမှုရှိနေသည်ဟု ကြားသိရသည်။
စစ်ကောင်စီသည် သတင်းစီးဆင်းမှုကို ကန့်သတ်ရန် ပင်မရေစီးသတင်းမီဒီယာအဖွဲ့ ၅ ခုကို ထုတ်ဝေခွင့်ရပ်ဆိုင်းပြီး သတင်းထောက်များကို ဖမ်းဆီးအမှုဖွင့်လျက်ရှိကာ Citizen Journalist ဟုခေါ်သည် ရပ်ရွာထဲမှ သတင်းသမားများ သတင်းမတင်ပြနိုင်ရန် အင်တာနက်ဖြတ်တောက်ထားခြင်းဖြစ်သည်ဟု ဆန္ဒပြပွဲဦးဆောင်သူများက ဆိုသည်။
အခြားတစ်ဖက်တွင်မူ စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးမီဒီယာများဖြစ်သည့် နိုင်ငံပိုင်သတင်းစာများနှင့် မြဝတီ၊ မြန်မာ့အသံတို့မှတစ်ဆင့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှုကို ပုံဖျက်သည့် သတင်းမျိုးစုံကို နေ့စဉ် ထုတ်ပြန်နေသည်။