သတင်း

နမ္မတီးမြို့အနီး KIA နှင့် အာဏာသိမ်းစစ်တပ် တိုက်ပွဲဖြစ်

ကချင်လွတ်လပ်​ရေးတပ်မ​တော် (KIA) နှင့် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တို့သည် ယမန်နေ့ (ဧပြီ ၃) တွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် နမ္မတီးမြို့အနီး၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီလမှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ် မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ ဝိုင်းမော်၊ ဒေါ့ဖုန်းယန်နှင့် ဆဒုံးမြို့နယ်တို့တွင် စစ်ကောင်စီလက်နက်ကိုင်များနှင့် KIA တို့အကြား တိုက်ပွဲ ၁၅ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး ယမန်နေ့က တိုက်ပွဲသည် လူနေထိုင်ရာနေရာများနှင့် နီးစပ်သည့်နေရာတွင် တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 

“တိုက်ပွဲဖြစ်တာက လူနေတဲ့နား နီးလာတာပေါ့။ နမ္မတီးကျောက်တောင် ကုန်းအဆင်း ကျွန်းတောဆိုတာ မြစ်ကြီးနားကိုလာတဲ့ လမ်းမပေါ်ပေါ့။ အဲဒီနားမှာ တိုက်ပွဲက ၁၅ မိနစ် မိနစ် ၂၀ လောက် ဖြစ်တယ်။ ခရီးသည်တွေ လမ်းနည်း နည်း‌ပိတ်သွားတယ်ပေါ့။ ထိခိုက်မှုတော့ မကြားမိဘူး” ဟု ဒေသခံ မလုလုက ပြောသည်။

မတ်လမှစ၍ KIA သည် ကချင်ပြည်နယ်ရှိ စစ်ကောင်စီလက်အောက်ခံ တပ်စခန်းများ၊ ရဲတပ်ရင်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

ယမန်နေ့ နမ္မတီးတိုက်ပွဲနှင့် ပတ်သက်ပြီး တိုက်ပွဲသတင်းများကြားရသော်လည်း အသေးစိတ်အခြေအနေနှင့် တပ်ပိုင်းဆိုင်ရာသတင်းများ တက်မလာသေးကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

သို့ရာတွင် ကချင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများပြားပြီး အာဏာသိမ်းစစ်ကောင်စီက စစ်အင်အားများ ထပ်တိုး‌လာသည်ဟု သတင်းများရရှိထားကြောင်း ၎င်းက ​ပြောသည်။

“ကျွန်တော်တို့နယ်မြေကို ကျူးကျော်ပြီး ကျွန်တော်တို့ သတ်မှတ်တဲ့နေရာ ကျူးကျော်ပြီးဝင်လာတဲ့ဟာတော့ ကျွန်တော်တို့က ခုခံတိုက်ပွဲတော့ ဆင်နွှဲရမှာပဲ။ ဒါက စစ်ရဲ့သဘောတရားဖြစ်ပါတယ်။ တခြား အထူးစစ်ဆင်ရေးတွေ လုပ်မှာမဟုတ်ပါဘူး”ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန်အပါအဝင် အခြားကိစ္စများကြောင့် စစ်ကောင်စီက စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ဧပြီ ၁ မှ ၃၀ အထိ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း စစ်ကောင်စီက မတ် ၃၁ ရက်စွဲဖြင့် ကြေညာထားခဲ့သော်လည်း လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး သုံးကြိမ်ပြုလုပ်ခဲ့သည်။

မတ်လ ၂၈ တွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ်တိုက်ပွဲတွင်လည်းကောင်း၊ မတ် ၃၀ တွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းနှင့် တနိုင်း-ဟူးကောင်းဒေသအတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ တပ်မဟာ ၂ လက်အောက်ရှိ တပ်ရင်း ၁၁ နှင့် တပ်ရင်း ၁၄ တပ်စခန်းများကိုလည်းကောင်း လေယာဉ်အသုံးပြုတိုက်ခိုက်ခဲ့သည်။ 

ထို့ကြောင့် KIA ဘက်မှလည်း ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပိုမိုဖြစ်လာနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။ 

ယင်းနေ့မှာပင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်း စစ်ကောင်စီလက်နက်ကိုင်များ၏ ယာဉ်တန်းကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၂၀ ဦး သေဆုံးပြီး စစ်ကား ၄ စီး ပျက်စီးသွားကြောင်း သတင်းဌာနတချို့တွင် ဖော်ပြထားသည်။

Show More

Related Articles

Back to top button