အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ငလျင်ထိခိုက်ပျက်စီးမှု  ဒေါ်လာ ၁၁ ဘီလျံခန့်ရှိကြောင်း ကမ္ဘာ့ဘဏ်ပြော 

အဆောက်အဦပျက်စီးမှု များပြားသည့် မတ်လ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုပမာဏသည် ဒေါ်လာ ၁၁ ဘီလျံခန့် (ဂျီဒီပီ၏ ၁၄ ရာခိုင်နှုန်း) ရှိကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းသည်။

မတ် ၂၈ ရက်နေ့က မန္တလေးနှင့် စစ်ကိုင်းမြို့အနီး ဗဟိုပြုခဲ့သည့် ငလျင်ဒဏ်ကြောင့်   ထိခိုက်ပျက်စီးမှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကျော်ရှိကြောင်း  ကမ္ဘာဘဏ်၏ မေ ၇ ရက်နေ့ အစီရင်ခံစာတွင် ဖော်ပြသည်။ 

ရာစုနှစ်တစ်ခုကျော်အတွင်း အပြင်းထန်ဆုံးဖြစ်ခဲ့သည့်၊ ပြင်းအားရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိသည့် အဆိုပါငလျင်ဒဏ်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်တို့တွင် လူ ၄,၀၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ပြီး အဆောက်အဦပေါင်းများစွာ ပျက်စီးသွားကာ ပျက်စီးမှုပမာဏမှာ တိုင်းပြည်ကုန်ထုတ်လုပ်မှုတန်ဖိုး၏ ၁၄ ရာခိုင်နှုန်း ဖြစ်သည်ဟု ခန့်မှန်း တွက်ချက်ထားသည်။

လူနေအိမ်ထိခိုက်ပျက်စီးမှု ၄ ဒသမ ၉၇ ဘီလျံ၊  လူနေအိမ်မဟုတ်သည့် အဆောက်အဦများပျက်စီးမှု ၂ ဒသမ ၆၃ ဘီလျံ၊ အခြေခံအဆောက်အအုံပျက်စီးမှု ၃ ဒသမ ၃၆ ဘီလျံကျော်ရှိပြီး မန္တလေး၊ စစ်ကိုင်း၊ ပဲခူးနှင့် နေပြည်တော်တို့တွင် ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ကြောင်း၊ အချက်လက်ရရှိမှုအကန့်သတ်နှင့် အခြားသောမရေရာမှုများကြောင့် အမှန်တကယ်ပျက်စီးမှုပမာဏမှာ ပိုများနိုင်ကြောင်း အစီရင်ခံစာတွင် တွေ့ရသည်။

မြို့နယ်ပေါင်း ၃၃၀ အနက် ၅၇ မြို့နယ်ရှိ လူပေါင်း ၁၇ သန်းကျော် ထိုငလျင်ဘေးကို ထိခိုက်ခံစားခဲ့ရကြောင်း ဖော်ပြထားသည်။ 

စစ်ကိုင်းငလျင်ဘေးကြီး ၂ လနီးပါးပြည့်တော့မည်ဖြစ်သော်လည်း ပြန်လည်ထူထောင်ရေးမဆိုထားနှင့် အပျက်အစီးများကြား ပြန်ရုန်းထရန်ခက်ခဲဆဲဖြစ်ပြီး ငလျင်ဒဏ်ခံဒေသများတွင် ပြည်သူအချင်းချင်း အပြန်အလှန် ကူညီမှု၊ ကိုယ်ထူကိုယ်ထစနစ်တို့ဖြင့် အဓိကတုံ့ပြန်နေကြရသည်ဟု သိရသည်။   

ကမ္ဘာ့အစီရင်ခံစာတွင် ဖော်ပြသော စစ်ကိုင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှုပမာဏခန့်မှန်းချက်။ 

ငလျင်ဒဏ် ပိုမိုခံရသည့် မန္တလေးတွင် ငလျင်ကယ်ဆယ်ရေးစခန်းအများအပြား ရုပ်သိမ်းသွားကြပြီဖြစ်ကြောင်း၊ အိမ်ငှားနေထိုင်ခြင်း၊ ကိုယ်ပိုင်အိမ်များတွင် ပြန်လည် နေထိုင်ခြင်းများရှိကြောင်း၊  အမှန်တကယ်အိမ်ပျက်စီးကြောင်း အထောက်အထားပြသ၍ နေထိုင်နိုင်သည့် စခန်းတစ်ခုတစ်လေသာ ကျန်တော့ကြောင်း မန္တလေးအခြေစိုက် ပရဟိတသမားတစ်ဦးက ပြောသည်။ 

မန္တလေတွင် ငလျင်အပြီး ကျန်နေသည့် အဆောက်အဦများကို  စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာအဖွဲ့က စစ်ဆေးကာ လူနေနိုင်သောအဆင့်၊   အကြီးစားပြုပြင်ရမည့်အဆင့်၊ လုံးဝဖြိုဖျက်ရမည့်အဆင့် ဟူ၍ ခွဲခြားသတ်မှတ်ကြောင်း၊    ပြန်လည်ထူထောင်ကြရန် အချိန်ကြာဦးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

နောက်ဆက်တွဲငလျင်ငယ်များ မကြာခဏ ပေါ်ပေါက်နေရာ အများပြည်သူ စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက်မှုများ ရှိနေသည်။

မေလ ၁၇ ရက် ညပိုင်းက  မန္တလေးတိုင်း မြစ်သားမြို့ကို ဗဟိုပြုပြီး  အင်အား ၅ ဒသမ ၇ ရှိသည့် ငလျင်လှုပ်ခဲ့ရာ မန္တလေးမြို့တွင် တဲအတွင်းမှ ငလျင်ဒုက္ခသည်သားအဖနှစ်ဦး ပြိုလဲသည့်သစ်ပင်ပိမိပြီး သေဆုံးခဲ့သေးသည်။

စစ်ကောင်စီက ဝန်ထမ်းများနေရာချထားရန် စီစဉ်နေသော်လည်း  သာမန် မိသားစုဝင်များအတွက် နေရာချထားရေးအစီစဉ် မတွေ့ရကြောင်း မန္တလေးမြို့ခံများထံက သိရသည်။ 

အရေးပေါ်ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ပြီးနောက် ကနဦးပြန်လည်ထူထောင်ရေးကို အရှိန်အဟုန်မပြတ်ဆောင်ရွက်နေကြောင်း စစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး စိုးဝင်းက ဧပြီ ၂၅ နေပြည်တော် အစည်းအဝေးတစ်ခုတွင် ပြောဆိုသည်ဟု နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြခဲ့သည်။

ငလျင်ဘေးကူညီရေးအတွက် ဧပြီ ၂၄ ထိ  ပြည်တွင်းပြည်ပမှ လှူဒါန်းငွေ ကျပ် ၁၁၅ ဒသမ ၈၇၆ ဘီလျံကျော်၊ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၃၇ သန်းကျော်၊ ကိုးရီယားဝမ် ၅ သန်း၊ အိန္ဒိယရူပီး ၁၅ သန်း၊ ထိုင်းဘတ် ၂ သန်းနှင့် စင်ကာပူပေါ်လာ ၃၁၅၀ ရရှိခဲ့ပြီး ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းတန်ချိန်ပေါင်းများစွာ လက်ခံရရှိခဲ့သည်ဟု ဆိုသည်။ 

ငလျင်ဘေးပြန်လည်ထူထောင်ရာတွင် ထိခိုက်ပျက်စီးမှုများဖယ်ရှားရှင်းလင်းရန် သဘာဝဘေးရန်ပုံငွေမှ   စစ်ကိုင်းအတွက် ကျပ် ၅၀ ဘီလျံ၊ မန္တလေးအတွက် ၆၀ ဘီလျံ၊ နေပြည်တော်အတွက် ၁၀ ဘီလျံ၊ ရှမ်းပြည်နယ်အတွင် ၅ ပေးအပ်ပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။ 

မေ ၂၀ ရက်နေ့အထိ စစ်ကောင်စီစာရင်းအရ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၇၂၈ ဦးရှိပြီး ထိခိုက်ဒဏ် ရာ ရသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၇၉ ဦးရှိသည်။ 

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) က ငလျင်ဘေး အထိခိုက်ခဲ့ဆုံးဒေသများ ရှိ လူဦးရေ ၆ ဒသမ ၃ သန်းသည် အကူအညီများနှင့် ကာကွယ်စောင့်ရှောက်ပေးမှုများ အရေးတကြီး လိုအပ်လျက်ရှိကြောင်း ဧပြီ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။၊ 

Related Articles

Back to top button