
ယနေ့ (ဧပြီ ၂) မွန်းလွဲပိုင်းတွင် ရန်ကုန်၊ မင်္ဂလာဒုံဈေးသို့ ရောက်ရှိလာသော CNN သတင်းထောက် Clarissa Ward ကို အင်တာဗျူးဖြေဆိုသူနှင့် ဓာတ်ပုံရိုက်သူတချို့ကို အရပ်ဝတ်လက်နက်ကိုင်များက သေနတ်ထောက်ကာ ဖမ်းဆီးသွားကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။
မျက်မြင်သက်သေ သုံးဦးက Myanmar Now သို့ သတင်းပေးပို့လာခြင်းဖြစ်ပြီး အဖမ်းခံရသူ စုစုပေါင်း ငါးဦးရှိကြောင်း ၎င်းတို့က ပြောသည်။
CNN သတင်းထောက်နှင့် အင်တာဗျူးဖြေဆိုခဲ့သော အမျိုးသမီးနှစ်ဦးကို အရပ်ဝတ်လက်နက်ကိုင်များက မင်္ဂလာဒုံဈေးထောင့်ရှိ တပ်နယ်မှူးရုံးသို့ ခေါ်ဆောင်သွားသည်ကို မွန်းလွဲ ၂ နာရီ ၄၀ မိနစ် အချိန်၌ တွေ့လိုက်ရကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောသည်။
“ကောင်မလေးနှစ်ယောက်က အော်တယ် ဘာဖြစ်လို့ဖမ်းတာလဲ၊ ဒီလောက်လူတွေအများကြီးရှိနေတာ။ ကျွန်မတို့ကို ဘာလို့မကူညီလဲ အော်သွားတယ်။ အဲဒါ အရပ်ဝတ်နဲ့လူက ဘယ်ကောင်ကူညီရဲလဲ ခြိမ်းခြောက်တဲ့ပုံစံမျိုးပြောတယ်” ဟု ၎င်းက ဆိုသည်။
နောက်ထပ် မျက်မြင်တွေ့သူတစ်ဦးကလည်း CNN သတင်းထောက်နှင့် အင်တာဗျူးဖြေဆိုခဲ့သော အမျိုးသမီးတစ်ဦးကို ဆဲဆိုခြိမ်းခြောက်ကာ အရပ်ဝတ်များက ဖမ်းဆီးနေသည်ကို မွန်းလွဲ ၂ နာရီ ၄၇ မိနစ်အချိန်တွင် တွေ့ခဲ့ရကြောင်း Myanmar Now ကို ဖုန်းဖြင့် ဆက်သွယ်လာသည်။
“သတင်းထောက်ကမေးတဲ့အခါ သူကဖြေလိုက်တယ်ပေါ့နော်။ သတင်းထောက်က အပေါ်ဘက်လည်း တက်သွားရော သူ့ကို ဝိုင်းဆွဲသွားတာပဲ” ဟု ၎င်းကပြောသည်။
ထိုအမျိုးသမီးကို အရပ်ဝတ်အမျိုးသားသုံးဦးက ဝိုင်းဝန်းဖမ်းဆီးပြီး ဈေးထဲရှိ ပိတ်ထားသော ထီဆိုင်အနီးတွင် ဆဲဆိုခြိမ်းခြောက်နေသည်ကို တွေ့ခဲ့ရကြောင်း ၎င်းကဆိုသည်။
“အဲ့ဒီ အမျိုးသမီးက နေရာကတောင် မရွှေ့ရသေးဘူး၊ ချက်ချင်းဖမ်းတာ။ သောက်ပါးစပ်ပိတ်ထား၊ အသံမထွက်နဲ့လို့ပြောပြီး ထီဆိုင်နားမှာ ထိုင်ခိုင်းနေတာ တွေ့ခဲ့တယ်” ဟု မျက်မြင်တွေ့ရှိသူက ပြောသည်။
ထို့ပြင် CNN သတင်းထောက် အင်တာဗျူးမေးနေစဉ် ဓာတ်ပုံရိုက်သည့် မင်္ဂလာဒုံဈေး ရှမ်းမေတ္တာစတိုးဆိုင်ရှိ အမျိုးသမီးနှစ်ဦးကိုလည်း အရပ်ဝတ်လက်နက်ကိုင်နှစ်ဦးက လက်နက်ငယ်ဖြင့် ခြိမ်းခြောက်ကာ ကားထဲထည့်၍ ဖမ်းဆီးသွားကြောင်း နောက်ထပ်မျက်မြင်တစ်ဦးက ပြောသည်။
“(CNN သတင်းထောက်ထွက်သွားချိန်) ပစ္စတိုနဲ့ အကုန်လုံးကို ချိန်တယ်၊ ရပ်ကြည့်တဲ့သူတွေရော။ ဆိုင်ထဲကိုလဲ ချိန်တယ်။ ကောင်မလေးတွေက မလုပ်ပါနဲ့ အတင်းရုန်းတဲ့ကြားက ကားပေါ်ကို အတင်းဆွဲတင်ပြီး တံခါးပိတ်တော့ ခြေထောက်ညပ်ပါတယ်၊ အတင်းမောင်းသွားတယ်” ဟု ၎င်းက ဆိုသည်။
မွန်းလွဲ သုံးနာရီကျော်အချိန်တွင် ပရိုဘောက်စ်ကား အဖြူရောင်ဖြင့် ဖမ်းခေါ်သွားခြင်းဖြစ်ပြီး လက်နက်ကိုင်ထားသည့် အရပ်ဝတ် အမျိုးသားလေးဦးခန့်ပါဝင်ကြောင်း မျက်မြင်တွေ့သူက ပြောသည်။
ယနေ့တွင် မင်္ဂလာဒုံဈေး၌ ရဲနှင့်စစ်သားများကို အရပ်ဝတ်ပုံစံဖြင့် အများအပြားတွေ့ရကြောင်းလည်း ဈေးသူဈေးသားများနှင့် ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသူအချို့ ပြန်လွတ်လာကြောင်း facebook လူမှုကွန်ရက်တွင် သတင်းတချို့တက်လာသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။
မတ်လ ၃၁ ရက်ကတည်းက ရန်ကုန်သို့ ရောက်ရှိလာသော CNN သတင်းအဖွဲ့သည် ယနေ့ (ဧပြီ ၂) တွင် အာဏာသိမ်းစစ်ကောင်စီ၏ စီစဉ်ပေးမှုဖြင့် စစ်တပ်နယ်မြေ မင်္ဂလာဒုံမြို့နယ်၌ သတင်းရယူနေခြင်းဖြစ်သည်။
ယနေ့ ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၍ မရသေးပေ။
CNN သတင်းထောက်နှင့်အဖွဲ့ မတ် ၃၁ ရက်နေ့က ရန်ကုန်မြို့၌ စစ်ယာဉ်တန်းဖြင့် လှည့်လည်သတင်းယူနေစဉ် ရန်ကုန်ရှိ မြို့နယ်အသီးသီးမှ ပြည်သူများက သံပုံးတီးကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။
ထိုသတင်းထောက် ရှိနေချိန်တွင် အကြမ်းဖက်လက်နက်ကိုင်တို့၏ ပစ်ခတ်သတ်ဖြတ်မှုမှာ လုံးဝ လျော့ကျသွားကြောင်း တွေ့ရသည်။
“လူစုလူဝေးဖြစ်စဉ်တိုင်း လုပ်ထုံးလုပ်နည်းနှင့်အညီ တစ်ဆင့်ချင်းဆောင်ရွက်ရန်၊ လက်လွန်ခြေလွန်မဖြစ်စေရေး လိုက်နာဆောင်ရွက်ရန်နှင့် တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်သွားရန်” ဟု ဖော်ပြထားသည့် ရဲတပ်ဖွဲ့၏ မတ် ၃၀ ရက်စွဲတပ် ကြေးနန်းစာတစ်စောင်လည်း လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။
အာဏာသိမ်းစစ်တပ်သည် CNN သတင်းထောက်ကို သတင်းယူခွင့်ပေးပြီး စစ်ကားများဖြင့် နောက်မှ လိုက်နေသော်လည်း လမ်းပေါ်တွင် သတင်းယူနေသော မြို့အသီးသီးမှ ဒေသခံသတင်းသမားများကိုမူ လိုက်လံဖမ်းဆီးနေသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက် ၅၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။ ထိုအထဲမှ ၁၅ ဦး တရားစွဲဆိုခံထားရသည်ဟု ဖမ်းဆီးခံသတင်းထောက်များနှင့် သက်ဆိုင်သော သတင်းအချက်အလက်များ မျှဝေရန် ဖွင့်လှစ်ထားသည့် Detained Journalists Information Myanmar ၏ Facebook စာမျက်နှာရှိ မတ် ၂၉ စာရင်းအရ သိရသည်။