သတင်း

CNN သတင်းထောက်ရောက်ရှိနေချိန် လက်လွန်ခြေလွန်မဖြစ်ရန် သတိပေးထား 

စစ်ကောင်စီ၏ ဖိတ်ကြားမှုဖြင့် ရောက်ရှိနေသည့် အမေရိကန် CNN သတင်းဌာနမှ နိုင်ငံတကာရေးရာသတင်းထောက်ချုပ်နှင့်အဖွဲ့ ရောက်ရှိနေစဉ် လူစုလူဝေးများကိုင်တယ်ရာ၌ လက်လွန်ခြေလွန်မဖြစ်စေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များကို စစ်ကောင်စီက သတိပေးထားသည်။

CNN သတင်းဌာနမှ နိုင်ငံတကာရေးရာသတင်းထောက်ချုပ် Clarissa Ward နှင့်အဖွဲ့သည် ယမန်နေ့ (မတ် ၃၁) တွင် ရန်ကုန်မြို့၌ စစ်ယာဉ်တန်းဖြင့် လှည့်လည်သတင်းယူနေစဉ် ပြည်သူများက သံပုံးတီးကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။ 

“လူစုလူဝေးဖြစ်စဉ်တိုင်း လုပ်ထုံးလုပ်နည်းနှင့်အညီ တစ်ဆင့်ချင်းဆောင်ရွက်ရန်၊ လက်လွန်ခြေလွန်မဖြစ်စေရေး လိုက်နာဆောင်ရွက်ရန်နှင့် တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်သွားရန်” ဟု ဖော်ပြထားသည့် ရဲတပ်ဖွဲ့၏ မတ် ၃၀ ရက်စွဲဖြင့် အရေးကြီးကြေးနန်းစာတစ်စောင်လည်း လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။ 

အဆိုပါ ကြေးနန်းစာနှင့် ပတ်သက်၍ ရဲတပ်ဖွင့်များကို ထိုသို့သတိပေးစာထုတ်ပြန်ထားသည်မှာ ဟုတ်မှန်ကြောင်း CDM ပြုလုပ်နေသူ အထူးရဲတပ်ဖွဲ့ဝင်အချို့က Myanmar Now ကို အတည်ပြုသည်။

CNN သတင်းထောက်နှင့်အဖွဲ့သည် ယမန်နေ့တွင် စစ်ယာဉ်တန်းဖြင့် လှည့်လည်သွားလာခဲ့သည့်နည်းတူ လှိုင်သာယာမြို့နယ်တွင် မီးရှို့ခံခဲ့ရသည့် စက်ရုံအချို့ကို သွားရောက်ကြည့်ရှုခဲ့သည်ကို လူမှုကွန်ရက်တွင် ပျံ့နှံ့လာသော ဓာတ်ပုံများအရ သိရသည်။

CNN သတင်းထောက်ရောက်ရှိနေစဉ် အာဏာသိမ်းစစ်ကောင်စီက နည်းဗျူးဟာပြောင်းကာ သတိထားကိုင်တွယ်နေကြောင်း စစ်ဘက်အရာရှိဟောင်းတစ်ဦးက ဆိုသည်။ 

“သိသာပါတယ်ဗျာ၊ CNN ရောက်နေတဲ့အချိန်ဆိုတော့ လုံခြုံရေးအရ ကင်းပုန်းလောက်ပဲ ချထားမယ်။ လမ်းပေါ်မှာ စစ်သားတွေ၊ ရဲတွေ တတ်နိုင်သမျှ မမြင်ရအောင် လုပ်ထားခိုင်းတယ်။ သတင်းထောက်အဖွဲ့ကိုလည်း ယာဉ်တန်းနဲ့လိုက်ပို့တယ်” ဟု အဆိုပါအရာရှိက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက ငှားရမ်းထားသည့် အစ္စရေးထောက်လှမ်းရေးဟောင်း လော်ဘီဖြစ်သူက နိုင်ငံတကာသတင်းမီဒီယာများကို ပြည်ဝင်ခွင့်ပေးမည်ဖြစ်ကြောင်း ပြောကြားပြီးနောက် အမေရိကန်နိုင်ငံမှ နာမည်ကျော် CNN သတင်းဌာနက တရားဝင်ရောက်ရှိလာခြင်းဖြစ်သည်။

ဦးခေါင်းနောက်စေ့နှင့် နောက်ကျော ဖောက်ခံရနိုင်သည့် အန္တရာယ်ရှိသည်ဟု အာဏာသိမ်းစစ်ကောင်စီက မတ် ၂၆ ရက်နေ့ညပိုင်းတွင် ပြောင်ပြောင်တင်းတင်း ကြေညာခဲ့ပြီး နောက်တစ်ရက်ဖြစ်သည့် မတ် ၂၇ ရက် တွင် မြို့ပေါင်း ၄၀ ကျော်၌ စစ်ကောင်စီလက်နက်ကိုင်များက အရပ်သားပြည်သူ ၁၀၀ ကျော်ကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

ထို့နောက် မတ် ၂၈၊ ၂၉ နှင့် ၃၀ ရက်များအထိ ဆက်တိုက်ပစ်ခတ်သတ်ဖြတ်ခဲ့သော်လည်း CNN သတင်းထောက်ရောက်ရှိလာသည့် ယမန်နေ့ (မတ် ၃၁) တွင် ပစ်ခတ်ဖြိုခွင်းခံမှုများ သိသိသာသာလျော့နည်းခဲ့ပြီး အထူးသဖြင့် ရန်ကုန်နှင့် မန္တလေးမြို့တွင် အင်အားသုံးဖြိုခွင်းမှုမရှိခဲ့ပေ။ သို့သော် ဆန္ဒပြသူများကို လောက်လေးခွဖြင့် ပစ်ခတ်ခဲ့သည့်အပြင် တာမွေမြို့နယ် ဦးချစ်မောင်လမ်းတွင် နိုင်ငံခြားဘဏ်တစ်ခုမှ ဝန်ထမ်းအချို့ လိုက်ပါလာသော မော်တော်ယာဉ် ပစ်ခတ်ခံရသဖြင့် ဘဏ်ဝန်ထမ်းအမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုပြီးချိန်မှ မတ် ၃၁ ရက်အထိ စစ်ကောင်စီလက်နက်ကိုင်များ၏ ပစ်ခတ်ဖြိုခွင်းသတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၆၃၆ ဦးရှိပြီဖြစ်ကာ ဖမ်းဆီးချုပ်နှောင်ခံထားရသူပေါင်း ၂၇၀၀ ကျော်ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။ 

အာဏာသိမ်းစစ်ကောင်စီက CNN သတင်းဌာနကို ပြည်ဝင်ခွင့်ပေးကာ သတင်းရယူခွင့်ပြုခဲ့သော်လည်း ပြည်တွင်းဌာနရုံးခန်းများကို ဝင်ရောက်စီးနင်းပြီး မတ် ၉ ရက်တွင် Mizzima, 7Day, DVB, ခေတ်သစ်နှင့် Myanmar Now သတင်းဌာနတို့ကို ထုတ်ဝေခွင့်ပိတ်သိမ်းကြောင်း ကြေညာခဲ့သည်။

ထို့ပြင် ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက် ၅၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၁၅ ဦးမှာမူ တရားစွဲဆိုခံထားရသည်ဟု ဖမ်းဆီးခံသတင်းထောက်များနှင့် သက်ဆိုင်သော သတင်းအချက်အလက်များ မျှဝေရန် ဖွင့်လှစ်ထားသည့် Detained Journalists Information Myanmar ၏ Facebook စာမျက်နှာတွင် ထုတ်ပြန်ထားသည်။ 

Show More

Related Articles

Back to top button