သုံးရက်အတွင်း စစ်ကောင်စီလေတပ်က မြန်မာနိုင်ငံအလယ်ပိုင်းဒေသများကို ဗုံးကြဲ တိုက်ခိုက်ရာ ကလေးများအပါအဝင် ၄၀ ခန့် သေဆုံးပြီး ဒဏ်ရာရသူဆယ်နှင့်ချီရှီခဲ့သည်ဟု ဒေသခံများနှင့် ဒေသကာကွယ်ရေးအဖွဲ့များထံက သိရသည်။
မေ ၁၀၊ ၁၁ (ကဆုန်လပြည့်နေ့)၊ ၁၂ တို့တွင် မန္တလေးတိုင်းမှ သပိတ်ကျင်း၊ စဉ့်ကူး၊ စစ်ကိုင်းတိုင်းမှ ချောင်းဦး၊ ဝက်လက်၊ ဒီပဲယင်းမြို့နယ် တို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မေ ၁၂ နံနက်တွင် ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာ စာသင်ကျောင်း၊ ချောင်းဦးမြို့နယ် မှန်ချိုရွာ တို့ကို ဗုံးကြဲခဲ့သည်။
အိုးထိန်းတွင်းရွာတွင် ဖွင့်လှစ်ထားသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကြားကာလပညာရေး ကျောင်း နံနက် ၁၀ နာရီခန့်တွင် ဗုံးကြဲခံရပြီး ၁၇ ဦး ထက်မနည်း သေဆုံးရာ ထိုအထဲတွင် ကလေးအများစု ပါဝင်သည်၊ ဒဏ်ရာရသူ ၅၀ ခန့် ရှိနိုင်သည်ဟု ဒေသတွင်းကာကွယ်ရေးအဖွဲ့များက ပြောကြသည်။
တစ်ချိန်တည်းမှာပင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် မှန်ချိုကျေးရွာကို လေတပ်က တိုက်ခိုက်ရာ ၂ ဦး သေဆုံးသည်၊ သုံးလအရွယ် မိန်းကလေးနှင့် ၁၀ နှစ်သား အပါအဝင် ၇ ဦး ဒဏ်ရာရသည်ဟု ဒေသတွင်း စစ်ရှောင်ကူညီရေးလုပ်နေသူတစ်ဦးထံက သိရသည်။
ယနေ့ နံနက် ၉ နာရီကျော်ခန့်တွင် ချောင်းဦးမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်လုပ်သွား သည်။ အထိအခိုက်အသေဆုံး ရှိသည်ဟု CHU PDF မှ တာဝန်ရှိသူ ကိုသန့်ကလည်း ပြောသည်။
“ ဒီနေ့ မိတ္ထီလာ ရှမ်းတဲတက် လေယာဉ်တစ်စီးက ပုလဲ ပုံတောင်ဘက်ကို ဝဲပြီး အဲဘက်မှာလေကြောင်း တိုက်ခိုက်မှုမလုပ်ဘဲ ချောင်းဦးမှာ အပြန်ဝင်ချခဲ့တာပေါ့” ဟု ၎င်းက ဆိုသည်။
ထိုမြို့နယ်ရှိ သုံးပန်လှကျေးရွာတွင် မေ ၁၀ ရက်နေ့က အင်ဂျင်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရှင်ပြုအလှူမှ မောင်ရင်လောင်း အပါအဝင် သုံးဦး သေဆုံးခဲ့သည်။

စစ်ရေးလှုပ်ရှားမှုများငြိမ်သက်နေသည့် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း နေရာ ၅ ခုကို မေ ၁၀ ရက်နေ့မှ စတင်ပြီး ၂ ရက်ဆက် ဗုံးကြဲခဲ့သောကြောင့် ဒေသခံ အနည်းဆုံး ၁၂ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။
မေ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ ပြည်ရှိန်းအောင် ပန့်ဆိုင်၊ အနောက်ခြမ်းရှိ ရွာတော်ကုန်း၊ နောက်တစ်နေ့ ကဆုန်လပြည့်နေ့တွင် အနောက်ပိုင်းမှ ရွှေပန်းကုန်း၊ အရှေ့ပိုင်းမှ သစ်ဆိမ့် ကြီး၊ အနောက်မြောက်ပိုင်းမှ မဲတောကုန်း စသည့်ကျေးရွာများ တိုက်ခိုက်ခံရခြင်း ဖြစ်သည်။
ရွာတော်ကုန်းကျေးရွာတွင် အထိအခိုက်အများဆုံးဖြစ်ခဲ့ပြီး သေဆုံးသူများထဲတွင် ၁၃ နှစ်အရွယ် ကလေး ပါဝင်သည်၊ ၅ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်၊ သေဆုံးသူများအနက် ၃ ဦးမှာ ခန္ဓာကိုယ် အပိုင်းပိုင်း ပြတ်ထွက်သွားသည်ဟု မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆက်သွယ်ရေးတာဝန်ခံက ပြောသည်။
“ရွာရဲ့ နှစ်စဉ် ဘုရားပွဲနေ့လည်းဖြစ်တယ်၊ ဘုရားပွဲက မဖြစ်ပေမယ့် ရွာထဲမှာ လူစုံရှိတဲ့အချိန်လည်း ဖြစ်၊ ရွာလယ်ခေါင်လည်းဖြစ်တော့ အထိအခိုက်များပါတယ်၊ ၉ ယောက်ပဲ အလောင်းရပါတယ်၊ ၃ ယောက်က အလောင်းကို မရလိုက်ဘူး” ဟု အထက်ပါတာဝန်ခံက ဆိုသည်။
ရွာတော်ကုန်းရွာလယ်ရှိ စတားလင့်ခ်အင်တာနက်ဆိုင်အနီး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ၊ တော်လှန်ရေးအဖွဲ့များရှိသည်ဟု ယူဆကာ ဗုံးကြဲခံရခြင်းဖြစ်နိုင်ကြောင်း ဝက်လက်မြို့နယ်သားတစ်ဦးကလည်း ပြောသည်။
“စတားလင့်ဆိုင်ဆိုတော့ အဖွဲ့ဝင်တွေ ရှိမယ် ယူဆသလား မသိပါဘူး၊ တကယ်က ရွာသူရွာသားထဲကပဲ ဖွင့်ထားပြီး ရွာသူရွာသားတွေပဲ အသုံးများကြတာ”ဟု သူက ဆိုသည်။
တိုက်ခိုက်ခံရသည့် နေရာသည် တော်လှန်ရေးအဖွဲ့များ၏ စခန်းများနှင့် ဝေးကြောင်း ဒေသအခြေအနေကို သိသည့် ၎င်းက ဆက်ပြောသည်။
ဗုံးကြဲခံရသည်များအနက် ရှိမ်းမကားစစ်ကောင်စီတပ်စခန်းနှင့် တစ်မိုင်ခန့်သာဝေးသည့် ဝက်လက် အရှေ့ခြမ်း ပန့်ဆိုင်ရွာတွင် လူအထိအခိုက်မရှိခဲ့ဘဲ ရွှေပန်းကုံးရွာတွင် နှစ်ဦး ဒဏ်ရာရကာ သစ်ဆိမ့်ရွာ ဆေးရုံ ဗုံးထိပြီး နှစ်ဦး ဒဏ်ရာရခဲ့သည်။
ယမန်နေ့ နံနက် ၁၁ နာရီကျော်ခန့်က တိုက်ခိုက်ခံရသည့် မဲတောကုန်းရွာဘုန်းကြီးကျောင်းတွင် ဒဏ်ရာ အနည်းငယ် ရသွားသူ ၇ ဦးရှိကြောင်း သိရသည်။

NUG အစိုးရ ထိန်းချုပ်သည့် စဉ့်ကူးနှင့်သပိတ်ကျင်း
စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာ၊ သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာတို့ကို မေ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် လေတပ်က ဗုံးကြဲခဲ့ရာ ကလေး ၂ ဦးအပါအဝင် ဒေသခံ ၆ ဦးခန့် သေဆုံးခဲ့သည် ဟု သိရှိရသည်။
ယင်းနေ့ မွန်းလွဲ ၁ နာရီခန့်တွင် လေယာဉ်တစ်စီးက သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာသို့ ဗုံးကြဲခဲ့ပြီးနောက် စဉ့်ကူးမြို့နယ်အတွင်းလှည့်ပတ်ပျံသန်းကာ စဉ့်ကူးမြို့နှင့် ၉ မိုင်ခန့်အကွာ ကျည်တောက်ပေါက်ကျေးရွာကို ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများနှင့်ကာကွယ်ရေးအဖွဲ့များက ပြောသည်။
ဇရပ်ကွင်းကျေးရွာတွင် ဒေသခံ ၁ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
ကျည်တောက်ပေါက်ကျေးရွာတွင် အသက် ၅ နှစ်ဝန်းကျင် ကလေးတစ်ဦး၊ အသက် ၁၀ နှစ်ကျော် အရွယ် ကလေးတစ်ဦး၊ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦးအပါအဝင် စုစုပေါင်း ၅ ဦး သေဆုံးခဲ့သည် ဟု သိရသည်။
“ဇရပ်ကွင်းကို အရင်ကြဲတာ။ အဲဒီမှာ ၁ ဦးသေ… ၆ ဦး ဒဏ်ရာရတယ်။ အဲဒီမှာ ကျွန်တော်တို့ သွားကူညီပြီးအပြန် ကျည်တောက်ပေါက်ကို ထပ်ကြဲတယ်။ အသေအဆုံး ၅ ဦးလို့သိရတယ်။ ကလေးက ၂ ဦး။ အသေးစိတ်တော့မသိရသေးဘူး ”ဟု အထက်ပါဒေသခံအမျိုးသားက ပြောသည်။

အဆိုပါကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ အကြောင်းမဲ့လာရောက်ဗုံးကြဲခြင်းသာဖြစ်ပြီး လွတ်မြောက်နယ်မြေဖြစ်သည့်အတွက် ပြည်သူများကိုအကြောက်တရားပေးခြင်းသာဖြစ်သည်ဟု ထိုအမျိုးသားက ယူဆသည်။
ဗုံးကြဲခံရသည့်ကျေးရွာနှစ်ရွာသည် မန္တလေး-မြစ်ကြီးနား ကားလမ်းဘေး တည်ရှိပြီး အဆိုပါနှစ်ရွာကြား အကွာအဝေးသည် ကားဖြင့်သွားလျှင် ၁၂မိုင် ကွာဝေးသည်၊ ဒေသခံအများစုက ရွှေတူးဖော်ထုတ်လုပ်ရး လုပ်ငန်းနှင့်အသက်မွေးကြပြီး လူစည်ကားသည့်ရွာများဖြစ်သည်ဟု သိရသည်။
ယမန်နေ့ နံနက် ၆း၅၅ မိနစ်အချိန်တွင် စဉ့်ကူးမြို့နယ် စိုက်ကွင်းကျေးရွာကိုလည်း လေတပ်က တိုက်ခိုက်ရာ အမျိုးသား ၂ ဦး ဒဏ်ရာရရှိပြီး နေအိမ်၂လုံးပျက်စီးခဲ့ကြောင်း ပြင်ဦးလွင် ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ထားသည်။
ဗုံးကြဲခံနေရသော စဉ့်ကူး၊ သပိတ်ကျင်းနယ်နှင့် မိုးကုတ်တို့သည် ပြင်ဦးလွင်ခရိုင်၏ မြို့နယ်များ ဖြစ်ကြ သည်။
ဒေသခံပြည်သူများအနေဖြင့် လေကြောင်းရန်ကာကွယ်နိုင်ရန်အတွက် ပုန်းခိုကျင်းများတူးထားကြရန် ပြင်ဦးလွင်ခရိုင်(ပကဖ)က တိုက်တွန်းထားသည်။
ပြီးခဲ့သည့် မေ ၇ ရက်နေ့ မွန်းတည့် ၁၂နာရီကျော်ကလည်း သပိတ်ကျင်းမြို့နယ်ရှိ ရေထွက်နှင့် လိပ်ကျ ကျေးရွာတို့ လေကြောင်းမှ ဗုံးကြဲခံရပြီး ရေထွက်ရွာမှ ဒဏ်ရာရရှိသူများထဲမှ သက်လတ်ပိုင်းအရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရရှိခဲ့သည်။
ယခုဗုံးကြဲခံရသော ဇရပ်ကွင်းရွာသည် မကြာခဏ ဗုံးကြဲခံရနေရသော လိပ်ကျရွာ၏ မြောက်ဘက်တွင် တည်ရှိကာ ၃ မိုင်ကျော်သာ ဝေးသည်။
လက်ရှိတွင် စစ်ကောင်စီ ဗုံးကြဲချသည့်နေရာများ၌ တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ သပိတ်ကျင်းမြို့နယ် အတွင်း ၇ မိုင်ကျေးရွာ၊ တွင်းငယ်ကျေးရွာ၊ ရေညာဦးကျေးရွာတို့တွင်မူ တိုက်ပွဲများဖြစ်ပွားနေသည်ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ထံက သိရသည်။
စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးများနှင့် မဟာမိတ်တပ်များ ရှိနိုင်မည်ဟု ယူဆရသည့် နေရာများကို အမြဲလိုလို တိုက်ခိုက်နေကြောင်း PLA အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ပြီးခဲ့သည့်ရက်များက Myanmar Now ကို ပြောထားသည်။
“ရေညာဦးရွာကနေ သွားတဲ့လမ်းခွဲတွေဖက်ကို မဟာမိတ်တပ်တွေရှိနိုင်တဲ့ဖက်တွေကို သူတို့ဗုံးတွေ ဒရုန်း တွေ အကြီးအကျယ်ချနေတာရှိတယ်။ ၇ မိုင်မှာလည်း ဗုံး..တစ်ရက်ကြဲတယ်ဆိုရင် လက်နက်ကြီးနဲ့ တစ်ရက် ပစ်တယ်”
သပိတ်ကျင်းမြို့ပေါ်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တပ်များက ၂၀၂၄ ဩဂုတ်၂၅ ရက်တွင် သိမ်းပိုက်ခဲ့သော်လည်း မြို့မြောက်ဘက်၂၆ မိုင်ကျော်အကွာရှိ တွင်းငယ်ရွာအနီးရှိ တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်း(တတက-၁၃)၊ မြို့အရှေ့မြောက်ဘက် ၁၀ မိုင် ကျော်အကွာ ကျောက်ကြီးရွာရှိ ကျောက်ကြီး(နည်းပညာတပ်)၊ ၇မိုင်ကျေးရွာဝန်းကျင်ရှိ အမှတ် (၂) စစ်အခြေခံ လေ့ကျင့် ရေးတပ်တို့တွင် စစ်ကောင်စီတပ်များ ကျန်ရှိခဲ့သည်။
ထိုတပ်များတွင် PDF များလက်သို့ ကျသွားသည့် စဉ့်ကူး၊သပိတ်ကျင်းတို့မှ တပ်ဆုတ်သွားသော စစ်သား များပါ ရောက်ရှိနေသဖြင့် အင်အားအတော်အတန်ရှိသည်၊ စစ်ကောင်စီuလည်း လေကြောင်းမှ အင်အား နှင့်ရိက္ခာဖြည့်တင်းမှုများ လုပ်ခဲ့သည်။
ထိုတပ်များက အင်အားပြန်စုစည်းကာ ပြန်လည်ထိုးဖောက်ရန် ကြိုးပမ်းနေရာ ဒေသတွင်း တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်သည်။

ပစ်မှတ်ထားခံနေရသည့် နိုင်ငံအလယ်ပိုင်း
မန္တလေးတိုင်းအတွင်း တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်၊ မတ္တရာ စသည့်နေရာတို့မှ လူနေရပ်ကွက်များ၊ စာသင်ကျောင်းများ၊ ကျေးရွာများကို ယခုလပိုင်းအတွင်း စစ်ကောင်စီက နေ့စဉ်ရက်ဆက်ဗုံးကြဲတိုက်ခိုက်နေသည်။
သပိတ်ကျင်းမြို့နယ်မှာပင် ဧပြီလတစ်လတည်း၌ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ရေ ၂၀ ကျော်ရှိခဲ့ပြီး လူ ၅၀ ကျော်သေဆုံးခဲ့သည်ဟု ပြင်ဦးလွင်ခရိုင်ပကဖထံက သိရှိရသည်။
မြန်မာပြည်အလယ်ပိုင်းတွင် မန္တလေးတိုင်းအတွင်းမှ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်သာမက နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံမြို့နယ်များကို စစ်ကောင်စီလေတပ်က အရှိန်မြှင့်တိုက်ခိုက်နေသလို မကွေးတိုင်း အတွင်းလည်း လေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင်စစ်ကြောင်းများ လှုပ်ရှားနေသည်။
စစ်ကိုင်းတိုင်းတွင်း စစ်ရေးငြိမ်နေသော်လည်း လေကြောင်းတိုက်ခိုက်မှုများက ဆက်ရှိနေရာ ပြီးခဲ့သည့် ရက်များက အရာတော် မြို့နယ်၊ မင်းရွာကိုလည်း လေကြောင်းတိုက်ခိုက်မှု ရှိခဲ့ပြီး လူအထိအခိုက် မသိရသေးပေ။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများတွင် ကလေးငယ်များအပါအဝင် အရပ်သားများ သေဆုံးခဲ့သည့် ၂၀၂၃ ဧပြီလအတွင်း ပဇီကြီးရွာကိုဗုံးကြဲမှုမှာ ထင်ရှားသည်။
ထိုလေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အကြမ်း ဖက်များနှင့်ဆက်နွယ်နေ၍ တိုက်ခိုက်ရခြင်းဖြစ်ပြီး စစ်ပွဲ၏ သဘော ဟု အလ်ဂျဇီးရားသတင်းဌာနနှင့် မတ် ၂၈ ရက်နေ့ ငလျင်မလှုပ်မီ မိနစ်ပိုင်းအလိုက ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ထည့်သွင်းပြောခဲ့ သည်။
“ကလေးတွေအများကြီးပါဝင်တယ်ဆိုတာက သူတို့က အကြမ်းဖက်အဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ အုပ်စုရဲ့အစိတ်ပိုင်းဖြစ်နေလို့ပါ။ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာ ဟုတ်တယ်။ တိုက်ခိုက်မှုတွေမှာ ဘေးထွက် ဆိုးကျိုးတွေက ရှောင်လွှဲလို့မရဘူး။ ဒါက စစ်ပွဲရဲ့ သဘောပါပဲ။ ဘေးထွက်ဆိုးကျိုးတွေက ရှိမှာပါပဲ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
စစ်ကောင်စီဘက်ကမူ ငလျင်ကြောင့် ဧပြီ၂ မှ မေလကုန်အထိ အပစ်ရပ်ထားသည်ဟု ကြေညာထားသော် လည်း လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်နေ၍ ငလျင်အပြီး လူဒါဇင်နှင့်ချီ သေဆုံးမှုများ ဖြစ် ပေါ်နေသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အချက်အလက်များအရ ယခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်း၌ စစ်ကောင်စီလက်ချက်ဖြင့် ကလေးများအပါအဝင် ၉၆ ဦး သေဆုံးခဲ့သည့်အနက် ၇၂ ဦး သေဆုံးမှုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်သည်။



