သတင်း

အပစ်ရပ်ကြေညာပြီးနာရီပိုင်းအတွင်း ကောလင်းမြို့နယ်ကို လေကြောင်းမှတိုက်ခိုက်

ကောလင်းမြို့နယ်မှာ ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းလှုပ်ရှားလာသလို လေတပ် ကလည်း ကျေးရွာတစ်ရွာကို ပစ်မှတ်ထားဗုံးကြဲခဲ့သည်။

စစ်ကောင်စီက ငလျင်နောက်ဆက်တွဲ ယာယီအပစ်ရပ် ထပ်တိုးပြီး နာရီပိုင်းအကြာတွင် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် ကျေးရွာတစ်ရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး လူအထိအခိုက် မရှိကြောင်း ဒေသခံများထံက သိရသည်။ 

ယနေ့ (မေ ၇ ) နံနက် ၁ နာရီဝန်းကျင်က ကောလင်းမြို့ အရှေ့ဘက် ၁၇ မိုင်ခန့်အကွာ ရွှေဘို – မြစ်ကြီးနား လမ်းပေါ်ရှိ ရှောက်ပင်ခြုံရွာကို လေကြောင်းမှ ဗုံး ၂ လုံးကြဲချခဲ့ရာ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲ ခဲ့ပြီး လူသေဆုံးထိခိုက်မှုမရှိသော်လည်း နေအိမ်နှင့် ခြံဝင်းအတွင်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်ဟု ဆိုသည်။

လေကြောင်းတိုက်ခိုက်ခံရသည့်နေရာမှာ “မြေပြင်တိုက်ပွဲမရှိသလို စစ်ရေးပစ်မှတ်နေရာလည်း မဟုတ်ဘဲ အရပ်သားနေအိမ်”ဖြစ်ကြောင်း ကောလင်းဒေသတွင်း သတင်းများကို ဖော်ပြနေသည့် Kawlin Info အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကောလင်းခရိုင် အမှတ် (၁) တပ်ရင်းမှ ထုတ်ပြန်ထားသည့် ဓာတ်ပုံ များအရ လေကြောင်းတိုက် ခိုက်မှုအတွင်း နေအိမ်တစ်လုံးနှင့် ခြံဝင်းအတွင်းရပ်ထားသည့် ထွန်စက် ၁ စီး အပါအဝင် ပစ္စည်းများထိခိုက်ပျက်စီးခဲ့သည်ကို တွေ့ရသည်။ 

စစ်ကောင်စီသည် လူပေါင်းထောင်ချီသေဆုံးခဲ့သည့်  မတ် ၂၈ ရက်နေ့ ငလျင်အလွန် ပြန်လည်ထူထောင် ရေး လုပ်ငန်းများလုပ်ရန် မေ ၆ ရက်နေ့မှ လကုန်အထိ သုံးပတ်ကြာ ယာယီအပစ်ရပ်ကြောင်း ယမန်နေ့ နံနက်က ထုတ်ပြန်ခဲ့ပြီးနောက် နာရီပိုင်းကြာတွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။ 

လေကြောင်းတိုက်ခိုက်ခံရမှုနေရာပြမြေပုံ။

ယင်းမတိုင်မီ ဧပြီ ၂ မှ လကုန်အထိ အပစ်ရပ်ခဲ့စဉ်ကလည်း လေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင်စစ် ကြောင်းထိုးမှုများကို စစ်ကောင်စီက မရပ်တန်ခဲ့ပေ၊ ငလျင်အပြီး တိုက်ခိုက်မှုများကြောင့် လူဒဲါဇင်နှင့်ချီ သေဆုံးခဲ့ရသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ခရိုင်အဆင့်ရှိသည့် ကောလင်းမြို့ကို ၂၀၂၃ နှစ်ကုန်ပိုင်းတွင် တော်လှန်ရေး အင်အားစုများက သိမ်းပိုက်နိုင်ခဲ့သော်လည်း နှစ်လအကြာတွင် စစ်တပ်က အင်အားအလုံးအရင်း ဖြင့် ထိုးစစ်ဆင်လာသည့်အတွက် ၂၀၂၄ နှစ်ဆန်းတွင် တော်လှန်ရေးတပ်များ မြို့ကို လက်လွှတ်လိုက်ရသည်။

မြို့ခံအများစု ပြန်လည်ခြေချနေထိုင်ခြင်းမရှိသေးသည့် ‌ကောလင်းမြို့ထဲတွင် စစ်တပ်က တပ်စွဲထားပြီး ကျေးလက်ဒေသများကိုမူ တော်လှန်ရေးအင်အားစုများက စိုးမိုးထိန်းချုပ်ထားသည်။ 

တစ်နှစ်နီးပါး စစ်ကြောင်းမထွက်နိုင်သည့် စစ်ကောင်စီတပ်က ပြီးခဲ့သည့်  မေ ၄ ရက်နေ့က ကောလင်းမြို့ တောင်ဘက်ကို စစ်ကြောင်းထိုးလာချိန်  ဒေသတော်လှန်ရေးအင်အားစုများနှင့်တိုက်ပွဲဖြစ်ပွားပြီး မြို့ထဲသို့ ပြန်ဆုတ်သွားကြောင်း ဒေသခံများက ပြောသည်။ 

ထိုစစ်ကြောင်းက ပစ်ခတ်သဖြင့် တာကျေးရွာမှ အသက် ၅၀ အရွယ် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ ကြောင်း သိရသည်။ 

“ကသုံးလုံး” ဒေသ ဟု ထင်ရှားသည့် ကောလင်း၊ ကသာ၊ ကန့်ဘလူ ခရိုင်အတွင်းမှ မြို့နယ်များအနက် ကသာခရိုင်၊ အင်းတော်မြို့ကို PDF တပ်များနှင့် မဟာမိတ်ပူးပေါင်းတပ်များက ရှစ်လကျော်ကြာ ထိုးစစ် ဆင်တိုက်ခိုက်ပြီး နောက် ဧပြီလပထမပတ်တွင် သိမ်းပိုက်ခဲ့သည်။ 

စစ်ကိုင်းနှင့် ကချင်နယ်စပ် ရွှေဘို – မြစ်ကြီးနားလမ်းပေါ်ရှိ ဗျူဟာအရအရေးပါသည့် အင်းတော်မြို့ကို လက်လွှတ်လိုက်ရပြီးနောက် အနီးဝန်းကျင်ရှိ တော်လှန်ရေးတပ်များ အားကောင်းသည့် ဝန်းသို၊ ကောလင်း မြို့နယ်ထဲတွင် စစ်ရေးလှုပ်ရှားမှုများ၊ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်လာသည်ဟု ယူဆရသည်။

အင်းတော်မြို့ကို လက်လွှတ်လိုက်ရပြီး ရက်ပိုင်းအတွင်း  ဧပြီ ၉ ရက်နေ့က ကသာခရိုင်၊ ဝန်းသိုမြို့နယ်၊  နမ်းခမ်းကျေးရွာရှိ လူစည်ကားရာ ဈေးဆိုင်တန်းကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကလေးများအပါအဝင် အရပ်သား ၂၅ ဦး သေဆုံးပြီး နှစ်ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

ဧပြီလအတွင်း ယာယီအပစ်ရပ်ကြေညာထားစဉ် နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ရာနှင့်ချီ ပြုလုပ်ခဲ့ရာ  စစ်ခေါင်းဆောင်၏ ရုရှားခရီးစဉ်မတိုင်မီထုတ်ပြန်ခဲ့သည့် ယာယီအပစ်ရပ် သက်တမ်း ထပ် တိုးမှုမှာလည်း နိုင်ငံတကာကို ပြသရန်အတွက် ဟန်ပြလုပ်ရပ်သာဖြစ်သည်ဟု တော်လှန်ရေး အင်အားစု များက ဝေဖန်ထောက်ပြထားသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနမှ မေလ ၆ ရက်နေ့က ထုတ်ပြန်ထား သည့် အချက်အလက်များအရ စစ်ကိုင်းငလျင်လှုပ်ခတ်ခဲ့သည့် မတ် ၂၈ မှ မေ ၂ ရက်အထိ စစ်တပ်က ရန်ကုန်တိုင်းမှ အပ တိုင်းနှင့်ပြည်နယ်အနှံ့တွင် လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၂၀၀ ကျော် ပြုလုပ်ခဲ့ ရာ အရပ်သား ၂၇၀ ကျော်သေဆုံးပြီး ၄၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

 လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရသော ရှောက်ပင်ခြုံရွာမှ နေအိမ်အပျက်အစီးများ။ (ဓာတ်ပုံ- ပေးပို့)

Related Articles

Back to top button