
စစ်ကိုင်းငလျင်နောက်ဆက်တွဲ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ယာယီအပစ်အရပ်ကာလကို ယနေ့ မေ (၆) ရက် ကစပြီး လကုန် (၃၁ ရက်) အထိ သုံးပတ်ကြာ ထပ်မံတိုးမြှင့်သည်ဟု အာဏာသိမ်း စစ်တပ်က သတင်း ထုတ်ပြန်လိုက်သည်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းစစ်ကိုင်းငလျင်အပြီး စစ်တပ် ထုတ်ပြန်သည့် ယာယီအပစ်ရပ် ကာလမှာ ဧပြီ ၃၀ ရက်နေ့တွင် ကုန်ဆုံးခဲ့ပြီးနောက် ခြောက်ရက်အကြာတွင် သက်တမ်းတိုးကြောင်း ထပ်မံကြေညာလိုက်ခြင်းဖြစ်သည်။
အပစ်ရပ်ကြောင်း ပထမအကြိမ် ထုတ်ပြန်ချက်မှာ စစ်ခေါင်းဆောင်၏ ထိုင်းနိုင်ငံခရီးစဉ် မတိုင်မီ ရက်ပိုင်းအလိုတွင် ထွက်ပေါ်လာပြီး၊ ဒုတိယအကြိမ် ထုတ်ပြန်ချက်မှာ လာမည့်ရက်ပိုင်း အတွင်း စတင်မည့် အာဏာသိမ်းစစ် ခေါင်းဆောင်၏ ရုရှားနိုင်ငံခရီးစဉ်နှင့် တိုက်ဆိုင်နေသည်။
နိုင်ငံတကာခရီးစဉ်များ မစတင်မီ ထိုသို့ သတင်းထုတ်ပြန်ခြင်းမှာ ငလျင်အကြောင်းပြပြီး စစ်တပ်အပေါ် နိုင်ငံတကာအမြင်သဘောထားပြောင်းလဲစေရေး ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က မှတ်ချက်ပြုသည်။
“နိုင်ငံတကာကို သူတို့ကတော့ အပစ်ရပ်တယ်။ တော်လှန်ရေးအင်အားစုတွေကိုယ်တိုင်က အကြမ်းဖက် နေတဲ့ပုံစံမျိုးနဲ့ ကျန်တဲ့နိုင်ငံကတာကပါ လက်ခံလာအောင်၊ နိုင်ငံတကာက အကြမ်းဖက်စစ်တပ်ကို လက်ခံလာအောင် စည်းရုံးနေတဲ့ သဘောမျိုးလို့ မြင်ပါတယ်”ဟု ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

“ငလျင်နဲ့အကြောင်းပြုပြီးတော့ နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံမှုတွေ ရလာတဲ့ အာဏာသိမ်းစစ် အစိုးရ ဟာအားတက်လာပြီးတော့ နိုင်ငံတကာကနေ လက်ခံပြီးတော့ တရားဝင်အသိ အမှတ်ပြုအောင် ပြီးရင် မကြာခင်သူတို့ဟန်ပြလုပ်မယ့် ရွေးကောက်ပွဲကိုလည်း အသိအမှတ်ပြုလာအောင် သူတို့ဘက်ကတော့ အလျှော့ပေးပြီးတော့ ဆက်ဆံတဲ့ပုံစံမျိုး မြင်လာအောင် အချိန်ကိုက်ကွက်တိကြီးကိုထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်”
ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် မေလ ၉ ရက်နေ့၌ ကျင်းပမည့် ရင်ပြင်နီချီတက်ပွဲကို ရုရှားနှင့် ခိုင်မာသော ဆက်ဆံရေးရှိသည့် တရုတ်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၂၀ မှ ခေါင်းဆောင်များ တက်ရောက်ရန် စီစဉ်ထားသည်။
ရင်ပြင်နီပွဲတက်ရောက်မည့် ခရီးစဉ်အတွင်း အခြားနိုင်ငံတို့မှ ခေါင်းဆောင်များနှင့် သီးခြားတွေ့မည်ဟု အာဏာသိမ်းစစ်တပ် ထုတ်ပြန်ချက်တွင် ရေးထားသည်၊ မည်သူတို့နှင့်တွေ့ဆုံမည်ကို မသိရသေးပေ။
ယာယီအပစ်ရပ်ထားချိန်အတွင်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် တော်လှန်ရေးအင်အားစုများ အနေဖြင့် အများပြည်သူသုံး ဆက်သွယ်ရေးလမ်းကြောင်းများကို နှောင့်ယှက်တိုက်ခိုက်ခြင်း၊ တပ် စခန်းများ၊ ဌာနချုပ်များအား တိုက်ခိုက်ခြင်း၊ အင်အား စုဆောင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေ ချဲ့ထွင် ခြင်းလုပ်ပါက တုံ့ပြန်မည်ဟု စစ်တပ်ကထုတ်ပြန်သည်။
စစ်တပ်၏ ယာယီအပစ်ရပ် ကြေညာချက်များမှာ စာရွက်ပေါ်တွင်သာရှိပြီး ပထမအကြိမ် အပစ်ရပ်စဲ ထားသည့် ကာလအတွင်းမှာပင် လေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင်စစ်ကြောင်း ထိုးမှုများ ဆက်တိုက် လုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မှတ်ချက်ပြုသည်။
“နိုင်ငံတကာ အနေနဲ့ စာရွက်ပေါ်မှာပဲ ထုတ်ပြန်ထားတဲ့ အပစ်ခတ်ရပ်စဲရေးဆိုတာကိုပဲ ကြည့်မနေဘဲ လက်တွေ့မြေပြင်မှာ စစ်တပ်ကဘာတွေလုပ်နေလဲဆိုတာကိုပါ မြင်အောင် ကြည့်ကြဖို့လိုပါတယ်။ အဲ့လို မဟုတ်ဘဲ စာရွက်ပေါ်ကအရာတွေကိုပဲကြည့်ပြီး လက်တွေ့မြေပြင်အခြေအနေတွေကို မျက်စိမှိတ်ထား မယ်ဆိုရင်တော့ အဖြစ်မှန်တွေနဲ့ ဝေးကွာနေမှာဖြစ်ပါတယ်”ဟု ဦးနေဘုန်းလတ်က ဆိုသည်။
စစ်ကိုင်းငလျင်လှုပ်ခတ်ပြီးချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြောက်ပိုင်းညီနောင် မဟာမိတ် အဖွဲ့များအပါအဝင် တော်လှန်ရေးအင်အားစုများရော စစ်တပ်ကပါ အသီးသီး ယာယီအပစ်ရပ်ကြောင်း ကြေညာခဲ့ကြသော်လည်း စစ်တပ်၏ မြေပြင် စစ်ကြောင်း ထိုးမှုများရော လေကြောင်းတိုက်ခိုက်မှုများ မှာ ရပ်တန့်သွားခြင်းမရှိဘဲ တိုက်ပွဲများ ဆက်ဖြစ်နေခဲ့သည်။
စစ်ကိုင်း ငလျင်အပြီး ဧပြီ ၂၉ ရက်အထိ စစ်တပ်က တိုက်ခိုက်မှု ၂၄၃ ကြိမ် ပြုလုပ်ခဲ့သည့်အနက် လေကြောင်းတိုက်ခိုက်မှု ၁၇၁ ကြိမ် ပါဝင်ပြီး အရပ်သား ၂၀၀ ကျော်သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) က မေ ၂ ရက်နေ့ တွင် ထုတ်ပြန်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အချက်အလက်များ အရ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့သည့် မတ် ၂၈ ရက်နေ့မှ မေ ၂ ရက်နေ့အထိ တစ်လကျော်အတွင်း စစ်တပ်က ရန်ကုန်တိုင်းမှအပ တိုင်းနှင့် ပြည်နယ် ၁၃ ခုတွင် လေကြောင်းတိုက်ခိုက်မှု ၂၈၂ ကြိမ် ပြုလုပ်ခဲ့ရာ ပြည်သူ ၂၇၆ ဦးသေဆုံးပြီး ၄၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အပစ်ရပ်ကြောင်း ပြောသော်လည်း လေကြောင်း ဗုံးကြဲမှုမရပ်သည့် စစ်တပ်၏ ယာယီအပစ်ရပ် သက်တမ်းတိုးမှုကို အများက အယုံအကြည်ကင်းမဲ့နေသည်။
“သူတို့ဘယ်လိုပဲ အပစ်ခတ် ရပ်တယ်ကြေညာကြေညာ သူတို့ကတော့ ထိုးစစ်တွေထိုးနေမှာပဲ။ လေယာဉ်နဲ့ဗုံးကြဲတာတွေ ဒရုန်းနဲ့ ဗုံးကြဲတာတွေ ဆက်လုပ်နေဦးမယ်လို့ ယုံကြည်တယ်။ လက်ရှိကလည်း အဲ့လိုတွေပဲလုပ်နေတော့ သူတို့ကို ယုံကြည်လို့မရဘူး။ သူတို့က ပါးစပ်ကပဲပြောတာ လက်တွေ့ က တော့ သူတို့ပြောတာတွေနဲ့ ပြောင်းပြန်ပဲလုပ်နေတာ”ဟု ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် PLA မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နီနီကျော်က မှတ်ချက် ပြုသည်။
စစ်တပ်က အရပ်သား ပြည်သူများပင်မချန် ပစ်မှတ်ထားတိုက်ခိုက်နေသဖြင့် နိုင်ငံတကာအနေနှင့် ထိထိ ရောက်ရောက် အရေးယူရန် လိုအပ်ကြောင်း တော်လှန်ရေးအင်အားစုက ထောက်ပြသည်။
“နိုင်ငံတကာအနေနဲ့ စကစကို ဒီထက်ပိုတဲ့ နည်းလမ်းတွေနဲ့ အထိရောက်ဆုံးအရေးယူစေချင် တာပဲ။ တစ်ရက်ကြန့်ကြာရင်အပြစ်မဲ့ပြည်သူတွေ တိုးလို့တိုးလို့ သတ်ခံရလေမို့ပါပဲ”ဟု မကွေးတိုင်းတွင် လှုပ်ရှားသော အညာမြေတပ်ပေါင်းစုအဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောသည်။
အာဏာသိမ်းစစ်ကောင်စီက မေ ၄ ရက်နေ့ ထုတ်ပြန်ထားသည့် အချက်အလက်များအရ စစ်ကိုင်း ငလျင်ကြောင့် တိုင်းနှင့်ပြည်နယ် ၆ ခုမှ သေဆုံးသူ ၃၇၀၀ ကျော်၊ ထိခိုက်ဒဏ်ရာရသူ ၅၁၀၀ ကျော်နှင့် ပျောက်ဆုံးသူ ၉၂ ဦးရှိကြောင်း သိရသည်။
