သတင်း

CNF ဖမ်းထားစဉ် AA တပ်ဖွဲ့ဝင်သေဆုံးမှု ဖြေရှင်းပေးရန် ချင်းညီနောင်တောင်းဆို

ချင်းပြည်နယ်တွင် တော်လှန်ရေးအဖွဲ့အချင်းချင်း အပြန်အလှန် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးလိုက်သော်လည်း AA တပ်ဖွဲ့ဝင်တစ်ဦးမှာ အဖမ်းခံထားရစဉ် သေဆုံးသွားသည်။

ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA)၏ ဖမ်းဆီးမှုခံလိုက် ရသော အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးသွားသည့်အပေါ်  ဖြေရှင်းပေးရန် ချင်းညီနောင် အဖွဲ့ (Chin Brotherhood -CB) က မေ ၄ ရက်တွင် ထုတ်ပြန်သည်။ 

၂၀၂၄ ၊ဇွန်အတွင်း ဖော်ဆောင်ခဲ့သည့် မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ချင်းညီနောင်နှင့်မဟာမိတ် AA တို့၏ စစ်ကြောင်းကို စစ်ကောင်စီတပ်နှင့်အပြင်းအထန်တိုက်ပွဲဖြစ်နေစဉ် CNF/CNA ဦးဆောင်သည့်အဖွဲ့သည် နောက်ကျောမှလာရောက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကာ အပြန်အလှန်ဖမ်းဆီးမှုရှိခဲ့သည်ဟု ဆိုသည်။

ထို့နောက် မတ် ၂၉ ရက်နေ့တွင် နှစ်ဖက်အဖွဲ့အစည်းမှ ထိန်းသိမ်းထားသည့်တပ်ဖွဲ့ဝင်များကို အပြန်အလှန် လဲလှယ်ခဲ့ကြသည်။ 

ပြန်လည်လွတ်မြောက်လာသည့် တပ်ဖွဲ့ဝင်များ၏ ထွက်ဆိုချက်အရ ဖမ်းဆီးခံလိုက်ရသူများအနက် AA တပ်ဖွဲ့ဝင်တစ်ဦး ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံးသွားခဲ့သည်ဟု သိရကြောင်း ချင်းညီနောင်အဖွဲ့၏ ထုတ်ပြန်ချက်က ဆိုသည်။

ချင်းညီနောင်အဖွဲ့သည် ဇိုမီးဖက်ဒရယ်အဖွဲ့အစည်း(ZFU)၊ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)၊ချင်းအမျိုးသား ကောင်စီ (မင်းတပ်)၊မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်း‌ဒေသကာကွယ်ရေးအဖွဲ့(ကန်ပက်လက်)၊ ချင်းဒေသကာကွယ်ရေးအဖွဲ့(မတူပီ)တပ်မဟာ (၁)တို့ စုဖွဲ့ထားသည့်အဖွဲ့ဖြစ်ပြီး အာရက္ခတပ်တော်(AA)၏ မဟာမိတ်ဖြစ်သည်။

ချင်းအမျိုးသားတပ်မတော်/ချင်းအမျိုးသားတပ်ဦး (CNA/CNF)  ဦးဆောင်သည့် ချင်းပြည် ကောင်စီ  (Chinland Council-CC) တွင်လည်း ချင်းတပ်ဖွဲ့များပါဝင်နေသည်။

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် ချင်းတပ်များဖြစ်သော CC နှင့် CB တို့အကြား ဆက်ဆံရေး တင်းမာနေကြသည်။ 

AA တပ်ဖွဲ့ဝင်ကိစ္စနှင့်ပတ်သက်ပြီး သေဆုံးသွားသည်မှာ ဟုတ်မှန်ကြောင်း  CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Myanmar Now ကို ပြောသည်။ 

ထိသူသည် တိုက်ပွဲကာလအတွင်း ထွက်ပြေးလာသူဖြစ်ပြီး ရောက်ကတည်းက အစားအစာ မစားဘဲ အော့အန်နေသဖြင့် ဆရာဝန်ခေါ်ပြရာတွင် ဆေးမမှီတော့သောကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

“တိုက်ပွဲအတွင်း အဲဒီကလေးက AA ကနေ ထွက်ပြေးလာတယ်လို ဝန်ခံပြောတယ်။ သေမှုသေခင်းနဲ့ ပတ် သက်ပြီး ဆရာဝန်စစ်ချက်မှတ်တမ်းရှိပါတယ်။ ရောက်ကတည်းက ဘာအစားအစာမှမစားချင်ဘူး၊ အစာ ကျွေးလည်း အော့အန်တယ်၊ တစ်ညမှာ အော့အန်လူးလိမ့်နေတာ ဆရာဝန်ခေါ်တော့ ဆေးမမှီတော့ဘူး”

CNA အနေဖြင့် ထိန်းသိမ်းထားသူများကို  ညှင်းပန်းနှိပ်စက်ခွင့်မရှိကြောင်း ၎င်းက ဆက်ပြောသည်။

“ ချင်းအမျိုးသားတပ်မတော်မှာ သုံ့ပန်းအဖြစ် ထိန်းသိမ်းထားသူတွေကို ညှင်းပန်းနှိပ်စက်ခွင့်မရှိဘူး။ အခု ကျွန်တော်တို့ဆီကနေ ပြန်လွှတ်ပေးလိုက်တဲ့ AA ရဲဘော်တွေကိုယ်တိုင်လည်းသိမှာပါ”ဟု ဆလိုင်း ထက်နီက ပြောသည်။

၎င်းတို့ ဖမ်းဆီးထားသည့်   AA တပ်ဖွဲ့ဝင်နှစ်ဦးကို ဓာတ်ပုံများနှင့်တကွ CNA/CNF ၏ ပြန်ကြားရေးစာမျက်နှာတစ်ခုဖြစ်သော Chinland Information Center က ထုတ်ပြန်ထားခဲ့ဖူးသည်။

လက်ရှိတွင် သေဆုံးသူ AA တပ်ဖွဲ့ဝင်နှင့်ပတ်သက်ပြီး အသေးစိတ်မသိရသေးသလို AA ဘက်ကလည်း  တုံ့ပြန်ခြင်းမရှိသေးပေ။

ချင်းအမျိုးသားတော်လှန်ရေးအဖွဲ့အစည်းများ အကြား ဝိဝါဒကွဲပြားမှုများရှိတတ်ခြင်းကို လက်ခံသဘောပေါက်သည်၊ လက်ရှိအချိန်သည် ဘုံရန်သူ (စစ်ကောင်စီတပ်)ကို တိုက်ထုတ်ရေးသည် အရေးကြီးဆုံးဖြစ်သည်ဟု ချင်းညီနောင်အဖွဲ့က ဆိုသည်။

တော်လှန်ရေးအဖွဲ့အစည်း အချင်းချင်းကြား တွေ့ဆုံဆွေးနွေး၍ အဖြေရှာကြရမည်ကိုလည်း အပြည့်အဝ ယုံကြည်လက်ခံသည်ဟု ချင်းညီ‌နောင်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ယခင်ကာလများကတည်း နွေဦးတော်လှန်ရေးမှပေါက်ဖွားလာသည့် ချင်းအဖွဲ့အချင်းချင်း အသက်သေ ဆုံးသည်အထိ ပစ်ခတ်မှုများ ဖြစ်ပွားထားကြသည်။

မတူပီမြို့နယ်၊ ထန်တလန်မြို့နယ်တွင်း နေထိုင်ကြသည့် လောက်တူမျိုးနွယ်စုနှင့် မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်တွင် နေထိုင်ကြသည့် မရာမျိုးနွယ်စုကြား ၂၀၂၂ ဝန်းကျင်ကတည်းက နယ်နိမိတ်ဆိုင်ရာ ပွတ်တိုက်မှုများရှိခဲ့ကြသည်။

CNA နီးစပ်သော ချင်းတပ်များနှင့် AA နှင့်နီးစပ်သော ချင်းတပ်များအကြား ၂၀၂၄ နှစ်ဆန်းကတည်းက

ပလက်ဝနှင့် မတူပီမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပြီး ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

ချင်းဒေသကာကွယ် ရေးအဖွဲ့ (လောက်တူ) နှင့် မရာကာကွယ်ရေးအဖွဲ့ (Mara Defense Force) တို့ ယခုနှစ် ဇန်နဝါရီနောက်ဆုံးပတ်က နယ်မြေအငြင်းပွားရာမှ တိုက်ပွဲဖြစ်ပြီး  နှစ်ဘက် ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

ချင်းပြည်နယ် ၉ မြို့နယ်အနက် မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်းမြို့နယ်တို့ကို ချင်းညီနောင်အဖွဲ့ က သိမ်းပိုက်ထားကာ ပလက်ဝမြို့နယ်ကိုမူ ၎င်းတို့၏ မဟာမိတ် AA က သိမ်းထားသည်။ 

ချင်းအမျိုးသား တပ်မတော် (CNF /CAN) ဦးဆောင်သည့် ချင်းတော်လှန်ရေးအင်အားစုများဖြင့် ဖွဲ့စည်း ထားသည့် ချင်းပြည်ကောင်စီသည် တွန်းဇံမြို့ကို သိမ်းပိုက်ထားသည်။ 

လက်ရှိတွင် စစ်ကောင်စီတပ်သည် မြို့တော် ဟားခါး၊ ထန်တလန်နှင့် တီးတိန်မြို့တို့ကိုသာ ထိန်းချုပ်နိုင် တော့ သည်။ 

အခြားတစ်ဖက်တွင် AA သည် မြို့နယ် ၁၇ မြို့နယ်ဖြင့် ဖွဲ့စည်းထားသည့် ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၄ မြို့နယ် ကို သိမ်းပိုက်ထားပြီး မြို့တော်စစ်တွေ၊ကျောက်ဖြူနှင့်မာန်အောင်မြို့တို့ကိုသာ တိုက်ခိုက်သိမ်း ပိုက်ရန် ကျန်ရှိတော့သည်။

Related Articles

Back to top button