သတင်း

လိုင်းလင်းပီတွင် ချင်းတော်လှန်ရေးအဖွဲ့ချင်း ပစ်ခတ်မှုဖြစ်၊ ၂ ဦး သေဆုံး

CNA, CDF တပ်ဖွဲ့ဝင်များ၏ ဂိတ်စခန်းကို MDF အဖွဲ့က လာရောက်ပစ်ခတ်ခဲ့သည်ဟု သိရပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့များသိမ်းယူထားသောမြို့သည် ၎င်းတို့လှုပ်ရှားနယ်မြေဖြစ်သည်ဟု ဆိုသည်။

ချင်းပြည်နယ် မတူပီမြို့နယ်၊ လိုင်လင်းပီမြို့အနီး ယမန်နေ့ (ဇန်နဝါရီ ၂၄) နံနက်ပိုင်းက ချင်းတော်လှန်ရေးအဖွဲ့အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ကာကွယ်ရေးအဖွဲဝင် ၂ ဦး သေဆုံးခဲ့သည်။

ချင်းအမျိုးသားတပ်မတော် (CNA) ဦးဆောင်သည့် ချင်းတော်လှန်ရေးအင်အားစုများ တိုက်ခိုက်သိမ်းပိုက်ထားသည့် အဆိုပါမြို့မှအထွက် ၄ မိုင်ခန့်အကွာတွင် ပစ်ခတ်မှုဖြစ်ကာ CNA တပ်ကြပ်တစ်ဦး၊ ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF – Mara) တပ်ခွဲမှူး သေဆုံးကာ CDF-Mara အမှတ် (၃) တပ်ရင်းမှ ဒုတပ်ရင်းမှူး ဒဏ်ရာရရှိခဲ့သည်။

CNA, CDF Mara နှင့် ချင်းတော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သော မရာလဲန်းကာကွယ်ရေးအဖွဲ့ ( Maraland Defense Force – MDF) တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အင်အား ၁၀ ဦး ဝန်းကျင်ခန့်ရှိ CNA နှင့် CDF တို့၏ ဂိတ်စခန်းကို MDF အဖွဲ့က လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု CDF Mara ပြောရေးဆိုခွင့်ရှိသူ ကိုဂျိမ်းစ်က Myanmar Now ကို ပြောသည်။

“လိုင်လင်းပီမြို့အလွန် ၉ မိုင်နဲ့ လိုင်လင်းပီကြားမှာ။ အဲ့ဒီမှာ လမ်းတစ်ပိုင်း လမ်းဘေးနားမှာပဲ ဂိတ်ထိုင်ထားတာ ရှိတယ်။ အဲဒါကို ၉ မိုင်ဘက်ကနေ ညမှာ သူတို့က လာဝိုင်းပြီးတော့ လာတိုက်တာ ဟုတ်တယ်” ဟု သူက ဆိုသည်။

လိုင်လင်းပီမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို CNA, CDF ပူးပေါင်းအဖွဲ့က ၂၀၂၃ နိုဝင်ဘာလကုန်က တိုက်ခိုက်၍ မြို့ကို သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးယန္တရားများ စတင်အကောင်အထည်ဖော်နေသည်။

ချင်းကာကွယ်ရေးအဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့သော ပစ်ခတ်မှုနှင့်ပတ်သက်ပြီး လတ်တလောတွင် ဆက်သွယ်ရေးအခက်အခဲကြောင့် အသေးစိတ်မသိရသေးကြောင်း MDF အဖွဲ့ဘက်က ဆိုပြီး အဆိုပါနယ်မြေသည် ၎င်းတို့၏ ထိန်းချုပ်နယ်မြေဖြစ်သောကြောင့် အခြားတပ်ဖွဲ့များ တပ်စွဲခွင့်မရှိကြောင်း ပြောသည်။

“သေချာတာတစ်ခုက စာထုတ်ပြန်ထားသလိုပေါ့။ မရာနယ်မြေက ကျွန်တော်တို့ထိန်းချုပ်တဲ့နယ်မြေဖြစ်သလို ဘယ်သူမှ ခွင့်ပြုချက်မပါဘဲနဲ့ တပ်စွဲခွင့်မရှိဘူး ကျွန်တော်တို့ ထုတ်ပြန်ထားပါတယ်။ အဲ့ဒါကို မလိုက်နာရင်တော့ ကျွန်တော်တို့နဲ့ထိပ်တိုက်တွေ့တာလည်း ဖြစ်နိုင်ပါတယ်” ဟု MDF အတွင်းရေးမှူး ကိုဓူဝံ ဆိုသူက ပြောသည်။

မရာလူမျိုးစုသည် ထန်တလန်၊ မတူပီနှင့် ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာ ၆၀ ကျော်တွင် ပျံ့နှံ့နေထိုင်ပြီး လက်နက်ကိုင်အဖွဲ့အနေဖြင့် Chinland Defense Force- Mara နှင့် Maraland Defense Force (MDF) အဖြစ် လှုပ်ရှားလျက်ရှိကာ CDF Mara သည် CNA နှင့် နီးကပ်ကာ MDF သည် AA နှင့် ပူးပေါင်းလှုပ်ရှားနေသည်။

ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်စပ်တွင် တိုက်ပွဲများ ဖော်ဆောင်နေသည့် ရက္ခိုင့်တပ်တော် (AA) နှင့်အတူ ပူးတွဲစစ်ရေးလှုပ်ရှားနေသော MDF သည် ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ၊ ပွိုင့် (၃၇၇) စခန်းသိမ်းတိုက်ပွဲများတွင် အတူပါဝင်ခဲ့သည်။

မကြာသေးမီ ဇန်နဝါရီ ၁၈ တွင် MDF က လက်နက်ကိုင်အဖွဲ့များကြား မလိုလားအပ်သည့် ပဋိပက္ခများ မဖြစ်စေရန်ဟု ဆိုကာ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) နယ်မြေအတွင်း ကြိုတင်အသိပေးခြင်းမရှိဘဲ မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မျှ တပ်စွဲခြင်း၊ သွားလာလှုပ်ရှားခြင်း မပြုရန် ထုတ်ပြန်ထားသည်။

ယင်းမတိုင်မီ မရာမျိုးနွယ်စု လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သော CDF Mara မှ ဗျူဟာမှူးအပါအဝင် ၄ ဦးကို MDF က ဖမ်းဆီးထားခဲ့ပြီး ယခုရက်ပိုင်းအတွင်း နောက်ထပ် CDF အဖွဲ့ဝင် ၂ ဦး ဖမ်းဆီးခံရကာ ထို ၂ ဦးအနက် တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့သည်ဟု CDF ဘက်မှ သိရသည်။

ထိုအချိန်ကတည်းက နှစ်ဖက်စစ်ရေးတင်းမာနေပြီးနောက် ယမန်နေ့တွင် ချင်းတော်လှန်ရေးအဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ကာ လူသေဆုံးခဲ့သည်။

ဖမ်းဆီးခံထားရဆဲဖြစ်သည့် CDF ၅ ဦး၏  အခြေအနေအသေးစိတ်ကို မသိရသေးကြောင်း၊ တိုက်ခိုက်မှုများကို တုံ့ပြန်သွားမည်ဖြစ်ကြောင်း ကိုဂျိမ်းစ်က ပြောသည်။

“မရာ အချင်းချင်းကြားမှာ ဖြစ်တဲ့ပြဿနာဆိုတော့ စိတ်ရှည်သည်းခံပေးတဲ့အပိုင်း အများကြီးရှိတယ်။ ဒါပေမဲ့ အခုတော့ လိုင်လင်းပီမြို့က ကျွန်တော်တို့ (မရာ) ကောင်စီကို အနှောင့်အယှက်လာပေးတယ်။ လာပြီးပစ်ခတ်တယ်ဆိုတော့ ကျွန်တော်တို့အနေနဲ့ အတတ်နိုင်ဆုံးကာကွယ်ပြီးတော့ သူတို့ကို အတတ်နိုင်ဆုံး တုံ့ပြန်ဖို့တော့ အဆင်သင့်ဖြစ်နေပြီ”

CNA,CDF တို့ သိမ်းပိုက်ထားသည့် လိုင်းလင်းပီမြို့သည် ၎င်းတို့၏ နယ်မြေဖြစ်ပြီး နယ်မြေခံများသာ အခြေစိုက် လှုပ်ရှားမည်ဖြစ်ကြောင်း MDF အတွင်းရေးမှူး ကိုဓူဝံက ဆိုသည်။

“လိုင်လင်းပီမြို့က မရာနယ်မြေရဲ့မြို့ပါပဲ။ မရာလဲန်းအုပ်ချုပ်ရေးကောင်စီနဲ့ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ နယ်မြေပါပဲ။ စစ်ကောင်စီကို ဘယ်သူမဆို ဘယ်နေရာမဆို တိုက်ခိုက်တာ ကျွန်တော်တို့ လက်ခံပါတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးတို့ နယ်မြေစိုးမိုးရေးတို့ဆိုတာက နယ်မြေခံတွေပဲ လှုပ်ရှားရမယ်လို့ လက်ခံထားတယ် ယုံကြည်ထားတယ်” ဟု ပြောသည်။

CDF ၅ ဦး ဖမ်းဆီးခံထားရသည့်အခြေအနေနှင့်ပတ်သက်ပြီး “အဲ့ဒါတွေကိုလည်း အထက်က လူကြီးတွေနဲ့ မေးမြန်းပြီးမှပဲ ဖြေကြားလို့ အဆင်ပြေပါမယ်” ဟု MDF အတွင်းရေးမှူး ကိုဓူဝံက တုံ့ပြန်သည်။

Show More

Related Articles

Back to top button