ရခိုင်ပြည်နယ်အတွင်း မြို့အများစုကို သိမ်းပိုက်ထားသော အာရက္ခတပ်တော် (AA)သည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း တဖြည်းဖြည်းအားကောင်းလာသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည်။
ရခိုင်မျိုးချစ်လူငယ် တစ်စုက ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ ကူညီထောက်ပံ့မှုဖြင့် စတင်ဖွဲ့စည်းခဲ့သည်။
AA သည် ကချင်ပြည်နယ်နှင့်ရှမ်းမြောက်ပိုင်းတို့တွင် ၂၀၁၄ ခုနှစ်အထိ စစ်ရေးလှုပ်ရှားမှုများကို လျှို့ဝှက်စွာတည်ဆောက်ခဲ့သည်။ ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် ရခိုင်ပြည်နယ် အတွင်း တိုက်ပွဲများ စတင်ဖော်ဆောင်ခဲ့ပြီး နိုင်ငံရေးဦးဆောင်အဖွဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ကို ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။
ULA/AA ၏ တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းစဉ် (State Building Process)
တိုင်းပြည်တစ်ခုတွင် အစိုးရ တစ်ရပ်ဖြစ်ရန် အခြေခံအားဖြင့် အချက် ၄ ချက်ရှိသည်။
(၁) လူဦးရေ
(၂) ထိန်းချုပ်နယ်မြေ
(၃) အစိုးရ
(၄) အချုပ်အခြာအာဏာ တို့ ဖြစ်သည်။
State Building တည်ဆောက်လိုသော AA အတွက် နိုင်ငံရေးလမ်းစဉ်မှာ ရက္ခိတလမ်းစဉ် (The Way of Rakhita) ဖြစ်သည်။
အတိုချုပ်ပြောရလျှင် ရက္ခိတလမ်းစဉ် ဆိုသည်မှာ အချုပ်အခြာအာဏာပိုင်ဆိုင်သည့် Confederate ကို သွားလိုသည်ဟု အတိအလင်းကြေညာထားသော အာရက္ခတပ်တော်အတွက် ယင်းတို့နိုင်ငံရေး ရည်မှန်းချက် ရောက်ရှိရေးအလို့ငှာ ရခိုင်အမျိုးသားရေးဝါဒဖြင့် မောင်းနှင်မည့် နည်းလမ်းဖြစ်သည်။
ပထမဆုံး ULA/AA သည် ရခိုင်လူထုထောက်ခံမှုရှိရေး၊ နယ်မြေစိုးမိုးနိုင်ရေးအတွက် ၂၀၁၅ ခုနှစ်တွင် ရခိုင်လူမျိုးအများစုရှိရာ ရခိုင်ပြည်နယ်သို့ စစ်ရေးအရ ဝင်ရောက်ရန် ချင်းပြည်တောင်ပိုင်း ပလက်ဝမြို့မှ စတင်ထိုးဖောက်လာခဲ့သည်။
ဤနေရာတွင် ULA/AA သည် နောင်တော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) နည်းတူ တရားဝင်မှု (legitimacy) ရရေးအတွက် ဥပဒေဘောင်အတွင်းမှ ကြိုးပမ်းခဲ့သည်။
၂၀၁၂ ခုနှစ်ကစတင်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သည်၊ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆွေးနွေးပွဲများတွင်လည်း ၂၀၁၅ ခုနှစ်အထိ အခြားတိုင်းရင်းသားအဖွဲ့များနည်းတူ ပါဝင်ခဲ့သည်။ ထိုဖြစ်ရပ်များမှာ ထင်ရှားသော အချက်များ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ၊ ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ထိုကာလ သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးရာတွင် AA သည် MNDAA, TNLA တို့နှင့်အတူ ချန်ထားခြင်းခံခဲ့ရသည်။
၂၀၁၆ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရ တက်လာသောအခါတွင်လည်း ဥပဒေဘောင်အတွင်းမှ ငြိမ်းချမ်းရေးကြိုးပမ်းမှုနှင့်တရားဝင်မှုရရှိရေး စွမ်းဆောင်မှုမှာ မျှော်မှန်းသလောက် ခရီးမပေါက်ခဲ့ပေ။
ထို့ကြောင့် ULA/AA သည် NCA လမ်းကြောင်းအတိုင်းမဟုတ်ဘဲ အဖြေရှာကြမည့်၊ မြောက်ပိုင်းတိုင်းရင်းသားအဖွဲ့များနှင့် ဖွဲ့စည်းမည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိုနိုင်းရေးကော်မတီ (FPNCC) သို့ ဝင်ရောက်ခဲ့သည်။
သို့သော် အစိုးရနှင့်ဆွေးနွေးမှုများမှာ အလုပ်မဖြစ်သောကြောင့် ULA/AA သည် လက်နက်ကိုင်လမ်းစဉ်ဖြင့်သာ တရားဝင်မှုရယူနိုင်ရန် ဆုံးဖြတ်ပြီး ၂၀၁၉ခုနှစ်၊ ဇန်နဝါရီ ၄ ရက် မှစတင်ကာ ရခိုင်မြောက်ပိုင်းရှိ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ (၄)ခုကို တပြိုင်နက်တိုက်ခိုက်ခဲ့သည်။
အစိုးရနှင့်စစ်တပ်က ULA/AA ကို ရခိုင်ဒေသအင်တာနက်ကန့်သတ်ခြင်းအပါအဝင် ဖြတ်လေးဖြတ်စနစ်ဖြင့် ပိတ်ပင်တားဆီးခဲ့သည်။ အကျိုးအားဖြင့် AA သည် ရခိုင်ပြည်နယ်အတွင်း လူထုထောက်ခံမှုပိုမိုရရှိလာကာ ထိန်းချုပ်နယ်မြေတချို့ ချဲ့ထွင်လာနိုင်ခဲ့သည်။
ULA/AA ၏ အစိုးရပုံစံ ဝန်ဆောင်မှုများ
ဤနေရာတွင် ULA/AA က ရခိုင်ပြည်နယ်တွင်းနေထိုင်သူများကို နောင်တော် EAOs များဖြစ်သော KNU, KIA, UWSA တပ်ဖွဲ့များကဲ့သို့ ဇီဝအာဏာ (Biopower Theory) ကို အသုံးပြုကာ အစိုးရတရပ်အဖြစ် ဝန်ဆောင်မှု (service) ပေးနိုင်ရန် ကြိုးပမ်းလာသည်ကိုလဲ တွေ့ရသည်။
ဇီဝအာဏာ ဆိုသည်မှာ လူတစ်ဦးတစ်ယောက် သို့မဟုတ် လူအုပ်စုတစ်စု၏ မွေးဖွားလာချိန်မှစ၍ သေဆုံးသည့်အချိန်ထိ အစိုးရ သို့မဟုတ် အဖွဲ့အစည်းများက ပြည်သူလူထုကို ဦးတည်သော စနစ်တကျ ထိန်းချုပ်ခြင်း၊အုပ်ချုပ်ခြင်း စသည့် အာဏာအသွင်တစ်ခုဖြစ်သည်။
ဤအယူအဆကို ပြင်သစ်အတွေးအခေါ် ပညာရှင် Michel Foucault က တင်ပြခဲ့ပြီး၊ ၎င်းက “Biopower” ဟုခေါ်သော ခေတ်သစ်အုပ်ချုပ်ရေးစနစ်တွင် အစိုးရများသည် ၎င်းတို့၏ လူဦးရေကို ကျန်းမာရေး၊ ပညာရေး၊ လူမှုဖူလုံရေး တို့ဖြင့် ထိန်းချုပ်ရန် ကြိုးပမ်းလာသည်ဟု ဆိုသည်။
ULA/AA က အစိုးရတရပ်အနေဖြင့် ပြည်သူလူထု ဝန်ဆောင်မှုပေးခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ကိုဗစ်ကာလတွင် စတင်တွေ့ရှိလာရသည်။ သို့သော် ထိုကာလ စစ်ရေး ပဋိပက္ခ၊ အင်အားရင်းမြစ်နည်းပါးမှု စသည့် အခြေအနေတို့ကြောင့် ကာကွယ်ဆေးကို အကန့်အသတ်ဖြင့်သာ ထိုးပေးနိုင်ခဲ့သည်။
စေတနာအာရက္ခပြည်သူ့အကျိုးပြုဆေးခန်း များလည်း ထိန်းချုပ်မြို့နယ်များတွင် ဖွင့်လှစ်ထားလျက်ရှိသည်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လပိုင်းတွင် ULA/AA သည် အစိုးရတစ်ရပ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော တရားရေးဆိုင်ရာလုပ်ငန်းအတွက် ဥပဒေရေးဆွဲပြီးပြီဖြစ်သဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် တရားရေးဌာနကို ဖွင့်လှစ်ခဲ့သည်။
“ULA/AA ၏ တရားစီရင်ရေးစနစ်တွင် ကျေးရွာအုပ်စုအဆင့်၊ တိုက်နယ်အဆင့်၊ ခရိုင်အဆင့် စသည်ဖြင့် သတ်မှတ်ထားပြီး မတရားမှု၊ အကြမ်းဖက်မှု၊ ခိုးမှု၊ မြေယာပြဿနာအပြင် တရားရုံးဥပဒေ အဆုံးအဖြတ်ခံယူရမည့် အမှုအခင်းများအားလုံးကို အီးမေး(လ်)၊ တယ်လီဂရမ်၊ VK စသည့် လိပ်စာများမှတဆင့် တိုင်ကြားနိုင်ပါသည်” ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက Western News ကို ပြောကြားခဲ့သည်။
တရားဥပဒေစိုးမိုးမှုအပိုင်းအတွက်လည်း ၂၀၂၃ ခုနှစ် ၁၀၂၇ စစ်ဆင်ရေးအပြီး ရရှိလာသော ထိန်းချုပ်နယ်မြေများတွင် ကိုယ်ပိုင်ရဲတပ်ဖွဲ့ ထားရှိသည်ကိုတွေ့ရသည်။
ထိုဝန်ဆောင်မှုအတွက် ကျေနပ်အားရကြောင်း ကျောက်တော်မြို့ခံ အမျိုးသမီးတစ်ဦးက Development Media Group နှင့်အင်တာဗျူးတွင် ပြောကြားခဲ့သည်။
“ညပိုင်းကျရင် ရပ်ကွက်၊ လမ်းတွေမှာ ကင်းစောင့်ပေးတယ်။ ကင်းလှည့်ပေးတယ်။ အချိန်မတော် အရက်သေစာသောက်စား မူးယစ်ပြီး သွားလာနေသူတွေကို ထိန်းသိမ်းပြီး အရေးယူတာတွေ ရှိတယ်။ အခုလိုမျိုး လုပ်ပေးနေတော့ ကျမတို့အတွက် ပိုပြီးလုံခြုံမှုရှိတယ်” ဟု သူက ပြောသည်။
ထိုအရာကိုကြည့်ပါက စစ်အာဏာသိမ်းမှုနောက်ပိုင်း တော်လှန်ရေးကာလတွင် ရခိုင်ပြည်သူလူထုက ULA/AA ကို ပိုမိုယုံကြည်အားကိုးလာကြောင်း တွေ့ရသည်။
သို့သော် အဆိုးအကောင်းများက ဒွန်တွဲလျက်ရှ်ိသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ဆိုင်ကယ်ခိုးမှုသံသယဖြင့် ဖမ်းဆီးရိုက်နှက် စစ်ဆေးခံရသောကြောင့် ကျောက်တော်မြို့နေ ကိုအောင်နိုင်ဆုံးပါးသွားသည့် အမှုကိစ္စမျိုးလဲရှိခဲ့သည်။ ထိုကိစ္စတွင် ULA/AA တရားရုံးက ထိုဖမ်းဆီးမှု တာဝန်ရှိသူ ဗိုလ်ကြီးကို ငွေ သိန်း ၂၀ ဒဏ်ရိုက်သည်၊ ရုပ်အလောင်းကို မိသားစုထံ ပြန်ပို့ခဲ့သည်ဟု ကိုအောင်နိုင်၏ ဖခင်ထံက သိရသည်။
အဆိုပါ ကိစ္စမျိုးသည် အစိုးရအနေဖြင့် ဝန်ဆောင်မှုပေးရေးအတွက် ပြည်သူလူထု၏ ယုံကြည်မှုက်ိုရယူရာတွင် များစွာအဟန့်အတားဖြစ်စေသည်။ အောက်ခြေအရာရှိပိုင်း၏ မှားယွင်း ဆုံးဖြတ်မှုကြောင့် အပြစ်မဲ့အရပ်သား သေဆုံးရမှုသည် လူအခွင့်အရေးကိစ္စများတွင် အသံထွက်နေသော ULA/AA နှင့် တရားရေးဌာန၏ ဥပဒေကြောင်းအရ ပွင့်လင်းမြင်သာမှုအပေါ် အထက်က ခိုင်းသည့်အတိုင်း အမိန့်ချမှတ်နေရသလားဟု မေးခွန်းထုတ်နိုင်သည်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင်ကျရောက်သော ရခိုင့်တပ်တော် ၁၅ နှစ်ပြည့်တွင် အာရက္ခပြည်သူ့အစိုးနှင့် အာရက္ခတပ်တော်ဟု ပြောင်းလဲခေါ်ခြင်းဖြင့် အစိုးရတစ်ရပ်၏ လုပ်ငန်းစဉ်များ ပ်ိုမိုဆောင်ရွက်လာခဲ့သည်။
ထိုအရာများထဲတွင် တရားဥပဒေစိုးမိုးရေးအတွက် ပိုမိုဆောင်ရွက်လာခြင်း၊ လုပ်ပိုင်ခွင့်အာဏာ အလွဲသုံးစားလုပ်ထားသော ULA/AA ၏ အကျင့်ပျက် ဝန်ထမ်းများကို အရေးယူခြင်း၊ သိမ်းပိုက်ရှိထားသော နယ်မြေများအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ အာရက္ခပြည်သူ့အစိုးရမီးသတ်ဌာနက မြို့ရွာများတွင် အသိပညာပေးလှုပ်ရှားမှုများ ဆက်တိုက်ဆောင်ရွက်ခြင်း စသည့် ဝန်ဆောင်မှုများ ပါဝင်သည်။
ရဲတပ်ဖွဲ့ကိုလည်း အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန ( Department of Law Enforcement and Public Security- DLEPS) “ဒီလပ်” ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ အဆိုပါ ဒီလပ်များသည် သိမ်းပိုက်ထားသော မြို့များတွင် ပြည်သူလူထု ယာဉ်အန္တရာယ် ကင်းစင်ရေးနှင့် လုံခြုံရေး ဆောင်ရွက်မှုများ ဝန်ဆောင်မှု ပေးနေသည်။
ပညာရေးနှင့်ပတ်သက်၍ ULA/AA ထိန်းချုပ်ထားသော ရခိုင်ပြည်နယ် ၁၄ မြို့နယ်တွင် Grade 12 တက္ကသိုလ်ဝန်စာမေးပွဲများကို ပထမဆုံးအနေဖြင့် အာရက္ခအမျိုးသား ပညာရေးဌာန၏ လမ်းညွှန်ချက်ဖြင့် ကျောင်းသားကျောင်းသူတို့ ဖြေဆိုနိုင်မည်ဟု အာရက္ခအမျိုးသားပညာရေးဌာနက ထုတ်ဖော်ပြောကြားထားသည်။
ထိုအပြင် တက္ကသိုလ်ဆက်တက်ခွင့်မရသေးသော လူငယ်များအတွက် ရခိုင်ဒေသအတွင်း ကောလိပ်ဖွင့်လှစ်သင်ကြားနိုင်ရေး ဆောင်ရွက်နေသည်ဟု အာရကန်ကောလိပ် (Arakan Collage) က မတ်လ ၁၇ ရက်နေ့တွင် ရခိုင်ဘာသာဖြင့် ထုတ်ပြန်ခဲ့သည်။
သင်ကြားရာတွင် မြန်မာ့သမိုင်း သင်ကြားမှုကို ယာယီရပ်ဆိုင်းပြီး ရခိုင်သမိုင်းကိုသာ အဓိကသင်ကြားမည်ဟု AA ပညာရေးဌာနဘက်က ပြောဆိုမှုများလည်းရှိသည်။
လူလတ်ပိုင်း ပညာတတ် ခေါင်းဆောင်အများစုဖြင့် ဖွဲ့စည်းထားသော ULA/AA သည် တရားရေး၊ ဥပဒေစိုးမိုးရေး၊ ကျန်းမာရေးအပိုင်းတို့တွင်သာမက ပညာရေးအပိုင်းတွင်လည်း သိသိသာသာ အားစိုက်ထုတ်ကာ ဝန်ဆောင်မှုပေးလာသည်ကိုတွေ့ရသည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် တိုင်းပြည်တစ်ခု တည်ဆောက်ရာတွင် ပညာရေးကဏ္ဍ၏ အရေးပါမှုကို လက်တွေ့ကျကျ တွေ့မြင်နိုင်သည်။
တခြားသော အစိုးရတစ်ရပ် ဝန်ဆောင်မှုများအနေဖြင့် ထိန်းချုပ်နယ်မြေအတွင်း အုပ်ချုပ်ရေး ယန္တရားများက အခွန်ကောက်ခံခြင်း၊ ဒေသတွင်း ကူးသန်းသွားလာရေးအတွက် ပြည်သူများကို မှတ်ပုံတင်ကဲ့သို့သော အထောက်အထား ထုတ်ပေးခြင်းမျိုးရှိသည်။
အထက်တွင်ဆွေးနွေးငြင်းခုံထားသော အရာများသည် ဇီဝအာဏာ Biopower Theory သဘောတရားအရ ပြည်သူလူထုကို ဝန်ဆောင်မှုပေးခြင်းဖြင့် ULA/AA သည် တော်လှန်ရေးကာလအလွန်ပေါ်ပေါက်လာမည့် အာရက္ခပြည်သူ့အစိုးရအဖြစ် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း မှတ်ယူနိုင်သည်။
ပြည်တွင်းနှင့်နိုင်ငံတကာထိတွေ့မှု
ပြည်တွင်းရေးတွင် ULA/AA သည် ယခုအချိန်ထိ (FPNCC) အဖွဲ့ဝင်ဖြစ်သလို ၂၀၂၁ အာဏာသိမ်းမှု နောက်ပိုင်း နိုင်ငံရေး၊ စစ်ရေးလှုပ်ရှားမှုများတွင် မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ အနေဖြင့် ရပ်တည်လှုပ်ရှားရုံသာမက ULA/AA တစ်ဖွဲ့တည်း လှုပ်ရှားသည်ကိုလည်း တွေ့ရသည်။
အာာဏာသိမ်းနောက်ပိုင်း ချင်းပြည်နှင့်ပြည်မမှ လူငယ်အများစုကို ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်း လက်ခံထားတာ စစ်ပညာသင်ကြားပေးခြင်း၊ လက်နက်ရိက္ခာထောက်ပံ့ပေးခြင်းဖြင့် တော်လှန်ရေးအဖွဲ့အစည်းပေါင်းများစွာ ပေါ်ပေါက်ရေး ကူညီပေးခဲ့သည်။
နွေဦးတော်လှန်ရေးအရ ပေါ်ပေါက်လာသော တော်လှန်ရေးအစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် နိုင်ငံရေးအရ ပူးတွဲထုတ်ပြန်မှုမျိုးရှိလာသည်။ ထိုပြင် ပြည်တွင်းနိုင်ငံရေးအဖွဲ့အစည်းများနှင့် ဆက်ဆံရေးကောင်းမွန်လာသည့်အပြင် မကွေး၊ ပဲခူး၊ ဧရာဝတီနယ်စပ်များတွင်လည်း စစ်ရေးအရ ပူးတွဲလှုပ်ရှားမှုမျိုးရှိလာပြီး အားကောင်းသော အဖွဲ့အစည်းအဖြစ် ရပ်တည်နေသည်။
နိုင်ငံတကာထိတွေ့မှုအပိုင်းတွင် ယခင်ကတည်းက တရုတ်နိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုရှိသည်။
ထို့အပြင် ပလက်ဝမြို့နယ် အပါအဝင် ထိန်းချုပ်နယ်မြေ ၁၅ မြို့ ရှိလာသောကြောင့် ၂၀၂၄ ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် မြန်မာ – အိန္ဒိယ ကုလားတန်စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သော လမ်းပိုင်းတစ်ခု ဖောက်လုပ်ရေးအတွက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်လွှတ်တော်အမတ် Vanlalvena နှင့် AA တို့ နှစ်နိုင်ငံနယ်စပ်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ULA/AA သည် ရခိုင်ပြည်နယ်အတွင်း De facto အစိုးရသဖွယ်ဖြစ်နေပြီး တဖက်မှာလည်း ပတ်ဝန်းကျင် နိုင်ငံများနှင့် De jure သဘောဆောင်သော ထိတွေ့မှုတချို့ ရှိလာသည်ကိုတွေ့ရသည်။
ထို့အပြင် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ပင်လယ်ဓားပြတို့၏ တိုက်ခိုက်မှု ခံရပြီး ပင်လယ်တွင်စွန့်ပစ်ခံထားရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၁၆) ဦးကို AA က ကယ်တင်ပြီး သက်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့အား လွဲပြောင်းခြင်းဖြင့် အဖွဲ့အစည်း ၂ ခုကြား ထိတွေဆက်ဆံမှု တစုံတရာရှိလာသည်။
၂၀၂၅ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လာရောက်ခဲ့ပြီး ယူနွတ်စ်ဦးဆောင်သော ယာယီအစိုးရအဖွဲ့နှင့်တွေ့ဆုံစဉ် ရိုဟင်ဂျာပြည်သူများ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေးနှင့်ပတ်သက်၍ AA နှင့် တွေ့ဆုံဆွေးနွေးမှုလိုအပ်သည်ဟု ပြောကြားခဲ့သည်။
ထိုဆွေးနွေးပွဲတွင် AA နှင့် ဘင်္ဂလားဒေ့ရှ်တို့သည် နယ်စပ်ရေးရာကိစ္စများနှင့် ပတ်သက်၍ ထိတွေ့ဆက်ဆံမှုများ ဆက်တိုက်ရှိလာနေသည့်အပြင် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက နယ်စပ်တွင် AA နှင့် ဆက်ဆံရေးအဆင်ပြေကြောင်း ထုတ်ဖော်ပြောဆိုလာသည်။
အခြားတဖက်တွင်လည်း ရခိုင်ရေပိုင်နက်အတွင်း တရားမဝင်ငါးဖမ်းသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း မတ် ၁၅ ရက်နေ့တွင် AA ပြောခွင့်ရ ဦးခိုင်သုခက ၎င်း၏ အွန်လိုင်းလူမှုကွန်ရက်မှတစ်ဆင့် အသိပေးထုတ်ပြန်ခဲ့သည်။
ဤသည်ကိုကြည့်ပါက ULA/AA သည် အိမ်နီးချင်းဖြစ်သော အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှိနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ထိတွေ့မှုတချို့ရှိလာသည်ကို တွေ့နိုင်သည်။ တဖက်တွင်လည်း ကုလသမဂ္ဂက ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ အနာဂတ်တွင် ULA/AA နှင့် ထိတွေ့ဆက်ဆံမှုများပြုလုပ်လာနိုင်သည်ကိုတွေ့ရသည်။
ULA/AA နှင့် စိန်ခေါ်မှုများ
ရိုဟင်ဂျာများ နေရပ်ပြန်နိုင်ရေး ပြဿနာ၊ ဒေသအတွင်း စစ်ရာဇဝတ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှု စွဲချက်များ ဖြေရှင်း ကိုင်တွယ်ရေးတို့မှာ ULA/AA ၏ အခက်အခဲများထဲတွင် ပါဝင်သည်။
ရိုဟင်ဂျာအရေးသည် ယခင်က ကျူးလွန်ခဲ့သော စစ်ခေါင်းဆောင်တို့ တာဝန်ယူတာဝန်ခံရမည် ဖြစ်သော်လည်း လက်ရှိ တိုးတက်ပြောင်းလဲလာသော ပထဝီနိုင်ငံရေးအခြေအနေရ ULA/AA အတွက်လည်း တစုံတရာ အရေးပါမှုရှိသည်။
မတ်လဆန်းပိုင်း ဘန်ကောက်မြို့ BIMSTEC အစည်းအဝေးတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပထမအသုတ်အားဖြင့် ရိုဟင်ဂျာပြည်သူ ၁၈၀၀၀၀ အား ပြန်လည်လက်ခံမည်ဟု ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရကို ကတိပြုခဲ့သည်။
ပထမဆုံးအချက်အနေဖြင့် မင်းအောင်လှိုင်သည် ရိုဟင်ဂျာလူမျိုးသုဥ်းသတ်ဖြတ်မှုကိစ္စအား တိုက်ရိုက်အမိန့်ပေးကျူးလွန်သူဖြစ်သည်။ ဒုတိယအချက်အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းမှားသည်ဟု အကြောင်းပြကာ ရွေးကောက်ခံအစိုးရထံက အာဏာသိမ်းထားသူဖြစ်သည်။ နောက်ဆုံးအားဖြင့် နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်ရှိသော အာဂျင်တီးနားတရားရုံးက လူမျိုးသုဥ်းသတ်ဖြတ်မှုဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်သည်။
နိုင်ငံရေးအရ ကြည့်မည်ဆိုလျှင် မင်းအောင်လှိုင်သည် ယခုအချိန်တွင် တရားဝင်မှုမရှိသေးပေ။ တရားဝင်မှုရရှိအောင် နိုင်ငံရေးကစားသော၊ ရိုဟင်ဂျာများကို ပြန်လက်ခံမည်ဆိုသော ကတိကဝတ်သည် ယင်းတို့ကျူးလွန်ထားသော လူမျိုးသုဥ်းသတ်ဖြတ်မှုကိစ္စကို မသိကျိုးကျွန်ပြုပြီး ULA/AA နှင့် ရိုဟင်ဂျာပြည်သူများကို တဖက်လှည့် ရန်တိုက်ပေးသလိုဖြစ်နေသည်။
အဘယ်ကြောင့်ဆိုသော် လက်ရှိတိုးတက်ပြောင်းလဲနေသော န်ိုင်ငံရေးအခြေအနေအရ မြေပြင်အနေထားတွင် တရားဝင်မှုဆိုင်ရာကိစ္စအပိုင်းတွင် မည်သို့မည်ပုံ ဆက်လက် ဆောင်ရွက်မည်ကို များစွာမေးခွန်းထုတ်နိုင်စရာ ဖြစ်နေသည်။ ထို့ကြောင့် ULA/AA အနေဖြင့် ရိုဟင်ဂျာပြည်သူများ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးကိစ္စတွင် နိုင်ငံတကာနှင့်ပူးပေါင်းကာ တာဝန်ယူမှုတာဝန်ခံမှုရှိကြောင်း ပြသရန်လိုအပ်သည်။
အချုပ်အားဖြင့် ULA/AA သည် ထိန်းချုပ်ထားသော ရခိုင်ဒေသတွင်း de facto အစိုးရတရပ်ပုံစံ ကျင့်ကြံကာ ပြည်သူများကို ကျန်းမာရေး၊ ပညာရေး၊ တရားဥပဒေစိုးမိုးရေး စသည့်ဝန်ဆောင်မှုများ ပေးနိုင်လာသည့်အပြင် ဖိနှိပ်မှုတချို့လည်းရှိနေသည်ဟု သတင်းတချို့တွင် တွေ့ရသည်။
တဖက်တွင်လည်း ပြည်တွင်း၊ ပြည်ပထိတွေ့ဆက်ဆံမှု အပိုင်း အားကောင်းလာကာ de jure အစိုးရသဖွယ် ဖြစ်လာလျက်ရှိသည်။
ထို့ကြောင့် ရိုဟင်ဂျာများနေရပ်ပြန်နိုင်ရေးကိစ္စ၊ စစ်ရာဇဝတ်မှုနှင့်လူအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များတွင် ဂရုတစိုက်သေချာ ဆောင်ရွက်နိုင်ပါက ULA/AA သည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြားထဲတွင် ပထမဆုံး de jure နှင့် de facto အာဏာ ၂ ရပ်လုံး ကျင့်သုံးလာနိုင်သော အစိုးရတရပ်အဖြစ် ပေါ်ထွက်လာနိုင်မည်ဟု သုံးသပ်တင်ပြလိုက်ပါသည်။
(သစ်လွင်သည် နိုင်ငံရေးနှင့်လူမှုရေးသိပ္ပံ အထူးပြု လေ့လာနေသော တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သည်။)



